ကမ္ဘာဦးကျမ်း ၃၉

၃။ စုံစမ်းစစ်ဆေးမှုမှ ယောသပ်အောင်မြင်ခြင်း (အခန်း ၃၉)

          ၃၉:၁၉ အဲဂုတ္တုပြည်ကို ကိုယ်ရံတော်တပ်မှူး ပေါတီဖာအိမ့်နန်းတော်အတွင်းတွင် ယောသပ် ရာထူးရာခံရရှိခြင်း အကြောင်းဖြစ်သည်။ ဘုရားသခင်သည် ယောသပ်နှင့်အတူ ရှိတော်မူသောကြောင့် ယောသပ်သည် ကြံတိုင်းအောင်၊ ဆောင်တိုင်းမြောက်၍ အောင်မြင်ကျော်ကြားလာသည် (၁၅၃၄ ခုနှစ် Tyndale ကျမ်းမူတွင် ယောသပ်အား အမြင်ကပ်၍ ကျန်ချ၊ ငါးခြောက်ပုံပေါ်ကျသူဖြစ်သည်ဟု ဆိုသည်)။ ယောသပ်သည် ကာယဗလ ထွားကျိုင်းသန်မာသူဖြစ်၍ မိန်းမများ သွားရေကျစရာ ဖြစ်သဖြင့် ပေါ်တီဖာ၏ မိန်းမက အဖန်တလဲလဲ မြူဆွယ်သည်။ သို့သော် ငြင်းဆန်မြဲငြင်းဆန်သည်။ ယောသပ်သည် အလုပ်ရှင် သခင်အပေါ် သစ္စာမဖောက်ချင်သကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုလည်း အစဉ်စောင့်ထိန်းသူ ဖြစ်သည်။ တစ်နေ့သောအခါ ပေါ်တီဖာဇနီးက ယောသပ်၏ အင်္ကျီအား လှမ်းဆွဲမိသည်။ ယောသပ် ရုန်းထွက်သဖြင့် အင်္ကျီကျွတ်ကျ ကျန်ရစ်ခဲ့သည်။ သူ့အဝတ်အစား ဆုံးရှုံးသော်လည်း အကျင့်စာရိတ္တပိုမို တောက်ပြောင်ခိုင်မာသည်။ သို့နှင့်ပါ်တီဖာ၏ မိန်းမသည် ရှက်ရမ်းရမ်း၍ သူ့အား ယောသပ်က အတင်းအဓမ္မကျင့်ကြံကြောင်း လိမ်လည်စွပ်စွဲကာ ယောသပ်၏အင်္ကျီကို သက်သေခံပစ္စည်းအဖြစ် တင်ပြသည်။

ယုံကြည်သူများသည် မတရားသော မေထုံ၊ ရုပ်တုဆင်းတု ကိုးကွယ်ခြင်းနှင့် တဏှာရမက်များကို ရှောင်ရှားထိန်းသိမ်းသင့်သည်။ အပြစ်ဒုစရိုက်ထဲသို့ ကျွံကျခြင်းထက် ထွက်ပြေးတမ်းရှောင်ခြင်းက ပို၍မြတ်ပါသည်။

၃၉:၂၀၂၃ အထူးတလည်စုံစမ်းစစ်ကြောခြင်းမပြုဘဲ၊ ပေါတီဖာသည် ယောသပ်အား ထောင်ထဲသို့ ချုပ်ထားလိုက်သည်။ သို့သော်လည်း ဘုရားသခင်က ကွယ်ကာစောင့်ရှောက်သောကြောင့် ယောသပ်သည် ထောင်ထဲတွင် သက်တောင့်သက်သာ နေရသည်။ ပြင်းပြင်းထန်ထန် မနှိပ်ကွပ်ခြင်းမှာ ပေါတီဖာက သူ့မိန်းမ၏ အကျင့်စာရိတ္တအမှားကို သိရှိသောကြောင့်လည်း ဟိုးလေးတကျော်ကျော် မလုပ်ခြင်းဖြစ်နိုင်သည်။ ရော ၈:၂၈ ပါရှိသော သစ္စာတရားသည် ဤအဖြစ်အပျက်တွင် အခရာအဖြစ် ပေါ်လွင်ထင်ရှားသည်။ ဘုရားသခင်သည် ယောသပ်၏ နောက်ကွယ်မှ ကွယ်ကာစောင့်ရှောက်သည်။ ယောသပ်၏ အကျင့်စာရိတ္တ ကောင်းမွန်ပုံ၊ စုံစမ်း စမ်းစစ်မှု အောင်မြင်ကျော်လွှားပုံကို (ငယ် ၈-၁၀)တွင် တွေ့ရသည်။ ထိုသို့ တစ်ကြိမ်တခါ လွန်မြောက်သော်လည်း ယောသပ်သည် အန္တရာယ်စက်ကွင်းမှ မလွတ်နိုင် (ဆာ ၁၀၅:၁၇-၁၉)။ အန္တရာယ် ကြံတွေ့သော်လည်း ယောသပ်သည် စုံစမ်း စစ်ဆေးခြင်း ဝန်ထုပ်အောက်တွင် ပိမနေ။ ဘုရားသခင်၏ လက်တော်က စောင်မသဖြင့် ပြဿနာ၏ အပေါ်ဘက်တွင် အမြဲ ရှိနေသည်။ အကျဉ်းထောင်ထဲတွင် နေရသောအချိန် ကာလသည် စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေး လက်တွေ့သင်တန်း တက်ရသောကာလ ဖြစ်သွားသည်။ ထို့ကြောင့် တစ်ခါတရံ အခက်အခဲ ပြဿနာဟု ထင်မှတ်ရသော အရာများသည် ဘုရားသခင်က အကောင်းဆုံး သင်ခန်းစာ သင်ယူခိုင်းခြင်းဖြစ်နိုင်သည်။ အဆိုးထဲမှ အကောင်း အမြတ် ထုတ်တတ်ဖို့လိုသည်။ အခက်အခဲပြဿနာ ကြုံတွေ့လျှင် လက်မြှောက်အရှုံးပေးခြင်းထက် အရည်အသွေးထက်မြက်စေဖို့ ဖြစ်စေသင့်သည်။

Previous Article
Next Article