ကမ္ဘာဦးကျမ်း ၄၁
၅။ ဖာရောဘုရင်၏ အိပ်မက်အနက်ပြန်ခြင်း (အခန်း ၄၁)
၄၁:၁–၁၃ နွားပိန်ခုနှစ်ကောင်က ဝပြီးသောနွားခုနှစ်ကောက် ကိုက်စားသည့်အကြောင်း၊ လှီသောစပါးနှံ ခုနှစ်ပင်က အဆံပြည့်သော စပါးနှံခုနှစ်ပင်အား စားကြသည့်အကြောင်း ဖာရောဘုရင်၏ အိပ်မက်ကို အဲဂုတ္တ နက္ခတ္တပညာရှင်များက အနက်မဖွင့်နိုင်ကြသောအခါ ထောင်ကျဖူးသော ဖလားတော်ဝန်က ထောင်ထဲက ယောသပ်ကို ပြန်လည်သတိရသည်။ အပိုဒ်ငယ်(၁)တွင် ပါရှိသည့် နောက်နှစ်နှစ်ကြာသော် ဆိုသည်မှာ ယောသပ်၏ ထောင်သက်ဖြစ်နိုင်သည်။ သို့မဟုတ် ဖလားတော်ဝန် လွတ်မြောက်သည့်ကာလ ရေတွက်ခြင်းလည်း ဖြစ်နိုင်ပါသည်။
၄၁:၁၄–၃၂ ဖာရောမင်းရှေ့သို့ ယောသပ်ရောက်ရှိလာ၍ အိပ်မက်အဘိဓာန်အနက်ဖွင့်ဆိုပြသည်။ ပထမ(၇)နှစ်တွင် အဲဂုတ္တုပြည်၌ ဆန်ရေစပါးပေါကြွယ်ဝ၍ နောက်ထပ်(၇)နှစ်တွင် မိုးခေါင်ပြီး အစာရေစာငတ်မွတ်ခေါင်းပါးမည်။ ထိုအိပ်မက်သည် ဘုရားသခင်က တိုင်းသူပြည်သား အခက်အခဲ မရှိအောင် ဖာရောဘုရင်အား ကြိုတင်ပြင်ဆင်ချိန်ပေးခြင်းဖြစ်သည်။ ထိုကဲ့သို့ပင် ယောသပ်သည် သူ့အနာဂတ် ကြမ္မာကိုလည်း အိပ်မက်နှစ်ထပ်ကွမ်းမြင်မက် (၃၇:၆-၉)ခဲ့သည်။ အလားတူ ဒံယေလသည်လည်း နှစ်ထပ်ကွမ်း အိပ်မက်မက်ခဲ့သည်(ဒံ ၂ နှင့် ၇)။ သမ္မာကျမ်းစာတွင် (၂)ဂဏန်းသည် သက်သေခံပြည့်စုံသော ဂဏန်းဖြစ်သည်။ ထောင်ထဲတွင်လည်း ဖာရောမင်း၏အစေခံ(၂)ပါးကို ထိုကဲ့သို့ အိပ်မက်အနက်ဖွင့်ဆိုပေးခဲ့ဖူးကြောင်း ဖာရောမင်းထံ လျှောက်တင်သည်။ ယောသပ်က အိပ်မက်အနက် မပြန်မှီ။ “ကျွန်တော်သည် အလိုအလျောက်မတတ်နိုင်။ ဘုရားသခင်ဖွင့်ပြခြင်းဖြစ်သည်။ ဘုရင်ကြီး၌ မင်္ဂလာရှိပါစေသော” ဟုလျှောက်တင်ခဲ့သည်။ (ငယ် ၆ နှင့် ၄၀:၈ ကိုကြည့်) ယောသပ်၏ ရိုသေကျိုးနွံခြင်းသည် ဘုရားသခင်က သင်ပေးသော အကျင့်လက္ခဏာဖြစ်၍ ဖာရောမင်းရှေ့တွင် မတုန်မလှုပ်ဘဲ ဝံ့ရဲသောသတ္တိ ဖြစ်စေသည်။
၄၁:၃၃–၃၆ ယောသပ်က ဖာရောမင်းအား ပထမ(၇)နှစ်တွင် ဆန်ရေစပါးမြောက်မြားစွာ စိုက်ပျိုး၍ အစာခေါင်းပါးမည့်နှစ်ကာလအတွင်းတွင် စားသုံးနိုင်ရန် သိုလှောင်စုဆောင်းရန် အကြံပေးလိုက်သည်။ ထိုသို့ကြီးကြပ်ကွပ်ကဲနိုင်ရန်လည်း ဉာဏ်ပညာရှိသူအား ခန့်အပ်ရန် အခါတော်ပေးလိုက်သည်။
၄၁:၃၇–၄၆ ဖာရောမင်းသည်အကြံပေးချက်အား ဝမ်းသာအားရစွာ လက်ခံ၍ ယောသပ်အား လက်ထောက်အဖြစ် ခန့်အပ်လိုက်သည် (ငယ် ၄၀)။ ယောသပ်၏ ခွင့်ပြုချက်မရှိဘဲ တိုင်းပြည်တွင် မည်သည့်အရာမှမလုပ်ရဟု အမိန့်ထုတ်ပြန်သည် (ငယ် ၄၄)။ ဘောသပ်ကို ဇာဖကာသဖာကာ ဘွဲ့ချီးမြှင့်သည် (ငယ် ၄၅)။ ဘွဲ့နာမ၏အဓိပ္ပါယ်မှာ သံသယကင်းရှင်းခြင်းဖြစ်သည်။ အချို့က ကယ်တင်သူဟု၎င်း အချို့က ဘုရားသခင်စကားဖြင့် အသက်ရှင်သူဟု၎င်း ဖွင့်ဆိုကြသည်။ တစ်ပါးအမျိုးသမီး အာသနတ်နှင့် ပေးစားခြင်းခံရသည်(ငယ် ၄၅)။ မမျှော်လင့်ဘဲ အဲဂုတ္တုပြည်တွင် ထောင်ကျသော ဟေဗြဲသား၏ အိပ်မက်အနက် ပြန်ပေးခြင်းဖြင့် ထောင်သားကောင်းစားသည်မှာ အဘယ်သို့နည်း။ ပတ္တမြားမှန်လျှင် နွံနစ်ပေမင့်ဟု ဆိုရမည်လား။ ထင်ပေါ်လျှင် စင်တော်က ကောက်သည်ဟု ဆိုရမည်လား။ သု ၂၁:၁ တွင် “ရှင်ဘုရင်၏ စိတ်နှလုံးသည် ရေစီးချောင်းကဲ့သို့ဖြစ်၍ အလိုတော်ရှိသည့်အတိုင်း လှည့်စေတတ်၏” ဟု ကျမ်းစကားအဖြေပေးထားပါသည်။ ဘုရားတရားသိသော ယောသပ်သည် တစ်ပါးအမျိုးသားများအား အစိုးရသော ပထမဦးဆုံး ယုဒလူမျိုးဖြစ်သည်။ ဖာရောမင်းလက်အောက်တွင် ဝန်ကြီးရာထူး စတင်ထမ်းဆောင်ချိန်တွင် အသက်(၃၀)ရှိသည် (ငယ် ၄၆) အနှစ်(၁၃)နှစ်လုံးလုံး အစ်ကိုများ၏ရောင်းစားခြင်း ခံရသည် (၃၇:၂ နှင့် ယှဉ်ဖတ်ပါ)
၄၁:၄၇–၅၂ ပထမ (၇)နှစ်တွင် စပါး၊ ဆန်၊ ရေ ပေါများကြွယ်ဝလွန်းသဖြင့် အဘယ်မျှချမ်း သာကြောင်း မရေတွက်နိုင်ကြ။ ထိုကာလတွင် ယောသပ်၌ မနာရှေ (အနာဟောင်းကို မေ့လျှော့ခြင်း) နှင့် ဧဖရိမ် (စည်ပင်ဝပြောခြင်း) ဟူသော သားနှစ်ပါးထွန်းကားသည်။ ယောသပ် သူ့အပေါ်တွင် အစ်ကိုများ၏ ပြစ်မှားမှုများကို သင်ပုန်းချေပြီး၊ စည်ပင်ဝပြောခြင်းဖြင့် အစ်ကိုများသို့ အကြွေးပြန်ဆပ်သည်။
၄၁:၅၃–၅၇ ချမ်းသာခြင်း(၇)နှစ် လွန်မြောက်၍ ငတ်မွတ်ခေါင်းပါးခြင်းဘေးဒဏ်(၇)နှစ် ကပ်ဆိုး ဆိုက်ရောက်လာသောအခါ ငတ်မွတ်ဆင်းရဲသော အဲဂုတ္တုပြည်သူပြည်သားအချို့နှင့် ရပ်ဝေးမြေခြား တိုင်းတစ်ပါးသားများသည် ဝမ်းစာဝယ်ယူရန် ယောသပ်ထံသို့ ရောက်ရှိလာကြသည်။ ဤနေရာတွင် ယောသပ်သည် ခရစ်တော်နှင့် ပုံတူသည်။ ဘုရားသခင် ထံတော်မှ ရရှိသော ကောင်းကြီးမင်္ဂလာများကို ကိုယ်ကျိုးအတွက်မသုံးဘဲ၊ မရှိဆင်းရဲသား၊ ဘူအများသို့ ပေးဝေသည်။ အဲဂုတ္တုပြည်သူပြည်သားများ ငတ်မွတ်ဆင်းရဲခြင်း ဘေးဒဏ်မှကယ်ဆယ်ရန် ဘုရားသခင်က ယောသပ်အား စေလွှတ်ပေးခြင်း ဖြစ်သည်။ သို့သော်လည်း ခါနာန်သားများ၏ အကျင့်ယုတ်ခြင်းနှင့် မကင်းစင်နိုင်သေးပါ။ အခန်းကြီး(၃၈)တွင် ခါနာန်ပြည်၌ ဣသရေလသားများ အကျင့်ပျက်ပုံကို တွေ့မြင်ရပြီး ဖြစ်သည်။ ဘုရားသခင်က ထိုဆိုးညစ်သောသူများနှင့် ကင်းစင်ရန် အဲဂုတ္တုပြည်မှ ထွက်ခွာဖို့ စီစဉ်ပေးသည် (၄၃:၃၂)။