ကမ္ဘာဦးကျမ်း ၄၂
၆။ အဲဂုတ္တပြည်ရောက် ယောသပ်၏ အစ်ကိုများ (အခန်း ၄၂–၄၄)
၄၂:၁–၅ ခါနာန်ပြည်ရှိ ယာကုပ်တို့ မိသားစုသည် အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်း ဘေးကြုံနေကြသည်။ အဲဂုတ္တုပြည်တွင် ဆန်ရေစပါးကြွယ်ဝကြောင်း ကြားသိကြသော်လည်း ထိုပြည်တွင် ဘောသပ်ရှိမှန်းမသိကြ။ ယာကုပ်သည် သားထွေးဗင်္ယာမိန်မှ လွဲ၍ အကြီးကောင်များအား အဲဂုတ္တုပြည်သို့ ဆန်ရေစပါး သွားဝယ်ခိုင်းသည်။ ဗင်္ယာမိန်မူကား ချစ်ဇနီးရာခေလက သူ့ကိုယ်စား ချန်ထားခဲ့သော သားထွေးဖြစ်သောကြောင့် အရိပ်တကြည့်ကြည့် လိုက်ကြည့်နေရသည်။
၄၂:၆–၂၅ ယောသပ်ရှေ့သို့ သူ့အစ်ကိုများ ရောက်လာသောအခါ ယောသပ်က မှတ်မိသည်။ ထို့ကြောင့် သူလျှိုဟု စွပ်စွဲနောက်ပြောင်ကာ အချုပ်ထဲသို့ ထည့်လိုက်သည်။ ညီထွေး ဗင်္ယာမိန်ကို ယူဆောင်လာခိုင်းသည်။ ဓါးစာခံအဖြစ် ရှိမောင်ကို ချုပ်ထား၍ ကျန်သူများကို အိတ်အပြည့် ဆန်စပါး ထည့်ပေးကာ လမ်းစရိတ်ပါပေးလိုက်သည်။ ဖိနှိပ်ခြင်း ခံခဲ့ရသော်လည်း မေတ္တာမပျက်၊ အဆိုးကို အကောင်းဖြင့် အနိုင်ယူသော ယောသပ်၏ ချစ်ခြင်းမေတ္တာကို ဤနေရာတွင် အထင်အရှားတွေ့မြင်နိုင်သည် (ငယ် ၂၄-၂၅)။ လွန်ခဲ့သော နှစ်ပါင်း(၂၀)ခန့်က အစ်ကိုများ၏ ရက်စက်မှုကို မှတ်မိသော်လည်း အငြိုးမထား။ သို့သော် အစ်ကိုများက မိမိတို့အကြောင်းကို ဝန်ချစေချင်သည်။
ယောသပ်၏ သူ့အစ်ကိုများအပေါ် ဆက်ဆံပုံသည် ဘေဂဒဏ်ကြီးကာလတွင် ခရစ်တော်က ယုဒလူမျိုးများ ဆက်ဆံမည့်ပုံစံဖြစ်သည်။ ယောသပ်နှင့် သူ့အစ်ကိုများ ပြန်လည်သင့်မြတ် ပေါင်းစည်းမည့်ပုံစံသည် သမ္မာကျမ်းစာ၏ အဓိက သင်ခန်းစာဖြစ်သည်။ ကျန်သော အသေးစိတ် အချက်အလက်များကို ခရစ်တော်နှင့် ဆုံတွေ့သောအခါ အပြည့်အစုံကြုံတွေ့ကြမည်။
ပုံဆောင်ခြင်း
ဓမ္မဟောင်းကာလတွင် ပါရှိသော လူပုဂ္ဂိုလ်၊ အဖြစ်အပျက်များနှင့် အတွေ့အကြုံများသည် ဓမ္မသစ်ကာလတွင် ဖြစ်ပျက်မည့်အရာများ ပုံဆောင်ခြင်း (ဂရိ tupoi) အမှတ်လက္ခဏာ၊ အတိတ်စိမ်းများ ဖြစ်သည်။ အာဒံသည် ခရစ်တော်ကို ပုံဆောင်သည် (ရော ၅:၁၄) ဟု ဆိုလျှင် ငြင်းပယ်စရာ အချက်အလက်များစွာ ရှိလာနိုင်သော်လည်း ဇာတ်လမ်းသဘောအရ ဆင်တူဖြစ်သည်။ ယောသပ်သည် ခရစ်တော်ကို ပုံဆောင်သည်ဟု မဆိုနိုင်သော်လည်း တူညီသော အချက်ပေါင်း (၁၂၀)ကျော်ရှိသည်။
သခင်ယေရှုက ဒမာသက်လမ်းပေါ်တွင် ကြေကွဲ ဝမ်းနည်းနေသာ တပည့်တော်(၂)ဦးအးာ သမ္မာကျမ်းစာပါ အကြောင်းအရာများ ပြောပြသည် (လု ၂၄:၂၇) ဟေဗြဲ ၁၀:၇ တွင် “ကျမ်းစာပါသမျှအကြောင်းအရာ သည် ငါ့အကြောင်းဖြစ်သည်” ဟု ဆိုထားသည်။ ထို့ကြောင့် သမ္မာကျမ်းစာ စာမျက်နှာတိုင်းတွင် ခရစ်တော် ရှာတွေ့နိုင်သည်။
ဓမ္မဟောင်းကျမ်းမှ ဣသရေလ၏ အတွေ့အကြုံနှင့် ပတ်သက်၍ ရှင်ပေါလုက (၁ကော ၁၀:၁၁)တွင် “ထိုအကြောင်းအရာရှိသမျှတို့သည် ပုံသက်သေဖြစ်အံ့သော ထိုသူတို့၌ ရောက်ကြ၏” ကပ်ကာလအဆုံးတွင် ဖြစ်သောငါတို့ကို ဆုံးမစေရာဘို့ ကျမ်းစာ၌ ရေးထားလျက်ရှိသတည်း” ဟု ဆိုထားသည်။ ထို့ကြောင့် ရှေးယခင်က ပုံဆောင်ချက်များသည် တိုက်ဆိုင်ခြင်း၊ ကြံဖန်တွေးတော ဆက်စပ်ခြင်းဟု ဘေးမဖယ်အပ်။ ပိုမိုခိုင်မာစေပါသည်။
ရှင်ပေါလုက တိမောသေကို မြင်တွေ့သမျှကို သဘောသဘာတအတိုင်း မမြင်ဘဲ ဝိညာဉ်မျက်စိဖြင့် ကြည့်ရှုသင်ခန်းစာ ယူတတ်ဖို့ ဆုံးမထားသည် (၂တိ ၃:၁၆)။
ဟေဗြဲဩဝါဒကျမ်းစာတွင် ယဇ်ပလ္လင်၏ ပုံဆောင်ခြင်းနှင့် အနက်အဓိပ္ပါယ်များကို ကျယ်ပြန့်စွာ ထပ်မံ ရှင်းပြထားပါသည်။ ထိုအကြောင်းကို အသေအချာ လေ့လာလျှင် ဓမ္မဟောင်းကာလ၌ ဝိညာဉ်ရေးရာ ပျော်ရွှင်မှုကို မြင်ယောင်နိုင်သည်။ အမှုအရာတိုင်းတွင် အစွန်းတရားများရှိရာ အစွန်းမရောက်ဖို့ ရှောင်ရှားနိုင်ရန် သမိုင်းသင်ခန်းစာများဖြစ်သည်။
ပုံဆောင်ခြင်း သင်ခန်းစာသည် စာသားပါအကြောင်းအရောထဲတွင်သာ နစ်မြုပ်ဖို့မဟုတ်ဘဲ ထို့ထက် လေးနက်သော အဓိပ္ပါယ်ထိုးဖောက်မြင်နိုင်စွမ်းရှိဖို့ သွန်သင်ပါသည်။ ဓမ္မဟောင်းကာလ ဝိညာဉ်ရေးရာ အမြင်တွင်သာလျှင် ကျန်ရစ်အိပ်ပျော်နေဖို့ မဟုတ်ပါ။ ထိုသဘောတရားကို သဘောပေါက်လျှင် လူ့လောကတွင် ခရစ်တော်ပြုတော်မူခဲ့သော အမှုအရာများကို ပိုမို နားလည်သဘောပေါက်နိုင်မည်။ အလွန်အဖိုးတန်သော စကားတော်များကို လက်တွေ့အသုံးချသော ပညာရပ်ဖြစ်သည်။
၄၂:၂၆–၂၈ ယောသပ်၏အစ်ကိုများသည် အိမ်ပြခရီးတွင်ရပ်နားစဉ် သူတို့အိတ်ထဲ၌ ပိုက်ဆံထုပ် တွေ့ရှိသည်။ ထို့ကြောင်း သူခိုးစွပ်စွဲခံရမှာ စိုးရိမ်ကြောက်လန့်ကြသဖြင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ စိတ်ပူပန်ကြသည် (ငယ် ၂၆-၂၈)။
၄၂:၂၉–၃၈ အိမ်ပြန်ရောက်၍ ထို ပိုက်ဆံထုတ်အကြောင်း ပြောဆိုကြသောအခါ စိုးရိမ်ကြောက်လန့်စိတ် ပိုများလာကြသည်။ ယာကုပ်အတွက်မူ မမှုလောက်သော အသေးအဖွဲကိစ္စဖြစ်သည်။ ရုဗင်က သူ့ဖခင်အား သားနှစ်ယောက်အတွက် အာမခံပေးသော်လည်း ဖခင်ယာကုပ်က ဗင်္ယာမိန်အား အဲဂုတ္တုပြည်သို့ ခေါ်ဆောင်မသွားစေလို။ တစ်စုံတစ်ခု ဖြစ်မည် စိုးရိမ်သည်။