ကမ္ဘာဦးကျမ်း ၄၅
၇။ ယောသပ်ဖြစ်ကြောင်း အစ်ကိုများပြောကြခြင်း (အခန်း ၄၅)
၄၅:၁–၈ သမ္မာကျမ်းစာအုပ်ထဲမှ ရင်သိမ့်တုန် ဝတ္ထုဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ ယောသပ်သည် သူ့ခံစားချက်ကို ဟန်ဆောင်မြိုသိပ် မအောင့်နိုင်တော့သဖြင့် အခြားမသက်ဆိုင်သူများကို မောင်းထုတ်ပြီး သူ့ညီအစ်ကိုများရှေ့တွင် သူသည် မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံသည်။ သူ့အား ရောင်းစားခဲ့ကြသည့်အတွက်လည်း ကြေကွဲဝမ်းနည်းခြင်းဖြင့် မိမိကိုယ်ကို အပြစ်မတင်ကြရန်နှင့် ဘုရားသခင်က ကောင်းစားစေချင်၍ ဤဝတ္ထုဇာတ်လမ်း ဖြစ်ပေါ်လာကြောင်း နှစ်သိမ့်သည်။
၄၅:၉–၁၅ နောက်ထပ် (၅)နှစ်အစာရေစာ ခေါင်းပါးဦးမည် ဖြစ်သောကြောင့် ဖခင်အိုကြီးအား ခေါ်ယူ၍ အဲဂုတ္တုပြည် ဂေါရှင် အရပ်၌ နေထိုင်ရန် ပြင်ဆင်ကြသည်။ ရှိသမျှပစ္စည်းဥစ္စာကို ယူဆောင်လာခိုင်းသည်။ ကျွန်ုပ်ရသော ဘုန်းစည်းစိမ်မှစ၍ သင်တို့မြင်သမျှကို အဘအား ပြောရမည် ဟု ဆိုသည်။ ယုံကြည်သူခရစ်ယာန်များသည်လည်း ဘုရားသားတော်၏ ကောင်းမြတ်ပုံကို ဘုရားသခင်ရှေ့၌ ပြန်လည်ချီးမွမ်းကြရမည်။ ယောသပ်၏ စိတ်နှလုံးခံစားချက်သည် တောင်ကျစမ်းရေပမာ တသွင်သွင် စီးဆင်းသည်။ ညီငယ် ဗင်္ယာမိန်ကို လည်ပင်းမှဖက်၍ အစ်ကိုများကိုလည်း တစ်ယောက်ခြင်း ဖက်နမ်းသည်။
ဤမြင်ကွင်းသည် ဣသရေလများက ခရစ်တော်အား ကယ်တင်ရှင်သခင်အဖြစ် အသိအမှတ်ပြုသောအခါ ပျော်ရွှင်စွာ ဆုံတွေ့ကြရမည့် ဇာတ်သိမ်းခန်းဖြစ်သည်။
၄၅:၁၆–၂၄ ယောသပ်ညီအစ်ကိုများ၏ ဇာတ်လမ်းကို ဖာရောမင်းကြားသိသောအခါ ခါနာန်ပြည်ရှိ မိသားစုအား အမြန်သွားရောက်ခေါ်ယူခိုင်းသည်။ မည်သည့် အိမ်သုံးပစ္စည်း၊ ပရိဘောဂမှ ယူလာစရာမလို။ လိုလေသေးမရှိ စီစဉ်ထောက်ပံ့မည်ဟု ဆိုသည်။ သို့နှင့် ဖာရောမင်းပေးသော ဝတ်ကောင်းစားလှများကို ဆင်မြန်း၍ စီးတော်လှည်းဖြင့် ခါနာန်ပြည်သို့ ပြန်သွားကြသည်။ ဗင်္ယာမိန်ကိုလည်း မုန့်ဖိုးငွေထုတ်နှင့် သီးသန့်အဝတ်အစားများ လက်ဆောင်ပေးလိုက်သည်။ ယောသပ်က သူ့အစ်ကိုများ ရန်ဖြစ်တတ်ခြင်းသတိရ၍ ရန်မဖြစ်ကြဖို့၊ သွေးဝမ်းမကွဲကြဖို့ မှာလိုက်သည်။ သူ့အစ်ကိုများ၏ ကြောက်စတ်သည် ပြယ်လွင့်ပြီးဖြစ်၍ မြူးတူးရွှင်လန်းစွာ ဖခင်ထံ အပြေးပြန်ကြသည်။
၄၅:၂၅–၂၈ အိမ်ပြန်ရောက်၍ ဖခင်ကြီးအား ပြောပြသောအခါ ဖခင်အိုကြီး ယာကုပ်သည် မယုံတစ်ဝက် ယုံတစ်ဝက် မျက်ရည်စများ ဝေ့သွားသည်။ ဖြစ်ကြောင်း ကုန်စင် ဇာတ်ရေလည်သောအခါ ယောသပ်မသေသေးကြေင်း သိရှိဖြင့် မနှေးအမြန်ပြေးတွေ့ချင်ပြန်သည်။ ထို့ကြောင့် အထုပ်အပိုးပြင်ဆင်၍ အဲဂုတ္တုပြည်သို့ အသော့နှင်သည်။
ဤအခန်းတွင် ယောသပ်က သူ့အဖေအကြောင်း (၅)ကြိမ်တိုင်တိုင် မေးမြန်းသည်။ သို့အပြင့် သူ့အစ်ကိုများ၏ အပြစ်ကိုလည်း ခရစ်တော်ကဲ့သို့ အကြွင်းမဲ့ ခွင့်လွှတ်သည်။ ထိုချစ်ခြင်းမေတ္တာသည် ခရစ်တော်ဘုရားက လောကလူသားမျးအား အပြစ်မှရွေးနှုတ်၍ ခမည်းတော်ထံ ပို့ဆောင်ပေါင်းစည်းသည့် ဇာတ်လမ်းမျိုးဖြစ်သည်။ ယောသပ်၏ သူ့ဖခင်အပေါ်ချစ်ခြင်းမေတ္တာသည် ခရစ်တော်၏ မေတ္တာတော် ပုံရိပ်ဖြစ်သည်။