ကမ္ဘာဦးကျမ်း ၄၆

၈။ မိသားစုနှင့်ပြန်လည်ပေါင်းစည်းခြင်း (အခန်း ၄၆)

          ၄၆: ခါနာန်ပြည်မှ အဲဂုတ္တုပြည်သို့ တစ်ဆွေလုံးတစ်မျိုးလုံး ပြောင်းရွှေ့ကြ၍ ဗေရရှေဘအရပ်သို့ ရောက်သောအခါ လှည်းယာဉ်ကို ခဏရပ်ပြီး ယာကုပ်သည် အဘဣဇာက်၏ ဘုရားသခင်အား ယဇ်ပူဇော်သည်။ ထိုနေရာသည် အဘအာဗြဟံထံ (၂၁:၃၁-၂)နှင့် ဣဇာက်သို့ (၂၆:၂၃-၂၄) ဘုရားသခင် ပေါ်ထွန်းပြသသည့် နေရာဖြစ်သည်။ ယခုတဖန် ယာကုပ်ထံ ဘုရားရှင်ပေါ်ထွန်းပြသည်။ ဘုရားသခင် ပေါ်ထွန်းသည့် (၇)ကြိမ်အနက် ဤအကြိမ်သည် နောက်ဆုံးအခေါက်ဖြစ်သည်။ ယာကုပ်ထံပေါ်ထွန်း၍ နောက်ဆုံးပြုသော ကတိတော်မှာ ယာကုပ်အား ခါနာန်ပြည်သို့ နောက်တဖန် ပြည်လည် ပို့ဆောင်မည့် အကြောင်း ဖြစ်သည်။ ယာကုပ်သည် အဲဂုတ္တုပြည်တွင် ကွယ်လွန်သေဆုံးသည်။ သို့သော် ထိုကတိတော်ပြည့်စုံသည့်အကြောင်းကို (၂)မျိုး နားလည်ခံယူနိုင်သည်။ ပထမအချက်မှာ ယာကုပ်၏ အလောင်းအား ခါနာန်ပြည်သို့ ပြန်လည်သယ်ဆောင်သင်္ဂြိုဟ်ခြင်းဖြစ်သည်။ နောက်တစ်မျိုးမှာ ယာကုပ်၏ သားစဉ်မြေးဆက်များအား ယောရှုလက်ထက်တွင် ခါနာန်ပြည်သို့ ပြန်လည်ရောက်ရှိခြင်းဖြစ်သည်။ ယောသပ်သည် မိမိလက်ကို သင်၏မျက်စိပေါ်မှာတင်လိမ့်မည်ဆိုခြင်းမှာ နောက်ဆံတင်းစရာမရှိ၊ ဝေဒနာမခံစားဘဲ၊ ယောသပ်ရှေ့နောက်တွင် ငြိမ်သက်စွာ အသက်ပျောက် အသေဖြောင့်မည့် အကြောင်းဖြစ်သည်။ ထိုအကြောင်းကို Atkinson က ဤသို့ဆိုသည်။-

ယာကုပ်အသက်ပျောက်သောအခါ ယောသပ်က မျက်လုံးစုံမှိတ်ပေးသည်။ ယောသပ်၏ ရင်ခွင်တွင် လဲလျောင်းလျက် အသက်ပျောက်သည်။ ယာကုပ်သည် သားတော်မောင် ယောသပ်နှင့် နှစ်ပေါင်းကြာရှည် လွမ်းတသသဆွေးတမြေ့မြေ့ ရင်ကွဲနာကျခဲ့သည်။ ယခု ထိုချစ်သောသား မျက်စိအောက်တွင် တည်ငြိမ်စွာ အသက်ဆုံးသည်။ ဘုရားသခင်သည် သူ့အစေခံကျွန်များ၏ လိုအပ်ချက်များကို အစဉ်ဖြည့်ဆည်းပေးသည် (၁ပေ ၅:၇)၁၃

ယာကုပ်သည် သားမြေးအဆွယ်အပွားများ၊ အိမ်မွေးတိရစ္ဆာန်များနှင့် ဥစ္စာပစ္စည်းများကို သယ်ဆောင်၍ အဲဂုတ္တုပြည်သို့ ရောက်ရှိသည်။

၄၆:၂၇ အပိုဒ်ငယ် ၈-၂၇ တွင်ယာကုပ်၏ သားမြေးစဉ်ဆက် နာမည်စာရင်း မှတ်ပုံတင်ထားသည်။ ယာကုပ်နှင့်အတူ အဲဂုတ္တုပြည်သို့ ရောက်လာသည့် လူဦးရေစုစုပေါင်း (၆၆) ယောက်ရှိသည် (ငယ် ၂၆) ဤစာရင်းဇယားသည် တစ်ခုနှင့်တစ်ခုမတူ။ အပိုဒ်ငယ်(၂၇)တွင် (၇၀)ယောက်ဟု ဆို၍ ထွ ၁:၅ နှင့် တ ၇:၁၄တွင် (၇၅)ယောက်ဟု မှတ်တမ်းတင်ထားသည်။ ထိုသို့ကွဲလွဲရခြင်းမှာ သွေးရင်းသားရင်းနှင့် မှီခိုသူများ ထည့်တွက်ရာတွင် ကွဲလွဲခြင်းဖြစ်နိုင်သည်။

၄၆:၂၈၃၄ နိုင်းမြစ်ဝကျွန်းပေါ်ဒေသ၊ မြေဩဇာအဆီအနှစ် ကောင်းမွန်သော နေရာ ဂေါရှင်အရပ်တွင် ယာကုပ်တို့မိသားစုအား နေရာထိုင်ခင်းချထားပေးသည်။ ယောသပ်သည် ထိုနေရာသို့ ကြိုသွားနှင့်၍ ဖခင်အလာကို ခရီးဦးကြိုသည်။ ထိုနေရာသည် မြက်ခင်းလွန်ပြင်ကျယ်ပြန့်၍ ယာကုပ်၏ တိရစ္ဆာန်အုပ်များအတွက် အလောတော်ဖြစ်သည်။ ရပ်သူရွာသား သိုးကျောင်းသားများက မသဒ္ဓါချင်ကြသော်လည်း ဖာရောမင်းက ခွင့်ပြုထားသဖြင့် နန်းတော်နှင့် မလှမ်းမကမ်းသော ထိုနေရာတွင် ပျော်မွေ့နေထိုင်ကြသည်။ ခေါရှန်အရပ်သည် သီးသန့်နေ​ရာဖြစ်သော   ကြောင့် အဲဂုတ္တုသားများနှင့် ရောယှက်ခြင်းမရှိ (၄၃:၃၂)။ ထို့အပြင် အသက်မွေးဝမ်းကြောင်းလုပ်ငန်းလည်းမတူ။ လူမျိုးကြီး မဖြစ်လာမချင်း ထိုနေရာတွင် နေထိုင်ကြသည်။ ဘုရားသခင်ကလည်း ဘိုးဘေးများသို့ ကတိတော်ပြုထားသည့်အတိုင်း ကွယ်ကာစောင့်ရှောက်သည်။

Previous Article
Next Article