ဆာလံကျမ်း ၁၄၆
ဆာ ၁၄၆၊ ယာကုပ်ဘုရား၏ ဘုန်းကျက်သရေ
၁၄၆:၁ အပိုဒ်ငယ်(၁)တွင် မရှိမဖြစ်အရေးကြီးသော စကားလုံးနှစ်လုံးပါရှိသည်။ ဘုရားသခင်ကို ချီးမွမ်းလော့ဟု ဆိုသည်။ ဘုရားသခင်နှင့် ချီးမွမ်းသည် အဓိကစကားလုံးများဖြစ်သည်။
၁၃၆:၂ အပိုဒ်ငယ် (၂)တွင် ကျေညာချက် (၂)ရပ်ထုတ်ပြန်သည်။ “အသက်ရှင်စဉ်အခါ ထာ၀ရဘုရားကို ချီးမွမ်းမည်။ ငါဖြစ်စဉ်ကာလပတ်လုံး ထောမနာသီချင်းဆိုမည်“ ကျက်သရေမင်္ဂလာရှိသော စကားဖြစ်သည်။ လူနှင့်ဘုရားရှင်အကြား ပြောအပ်သောစကားပေတည်း။
၁၄၆:၃–၄ ဆာလံဆရာနှင့်ဘုရားသခင်နှင့် လူတို့၏ခြားနားပုံကို ယုံကြည်စရာမတူညီကြပုံများကို ထောက်ပြသည်။ လူသည် စိတ်ချယုံကြည်စရာမဟုတ်။ ရှင်ဘုရင်နှင့် အုပ်စိုးသူ မင်းများကိုလည်း စိတ်မချရ၊ ထိုသူများသည်လည်း မိမိကိုယ်ကို ကယ်တင်နိုင်ကြသူများမဟုတ်။ လူသည် နှလုံးသွေးခုန်ရပ်သွားလျှင် အသေကောင်ဖြစ်၍ မြှုပ်နှံရသည်။ သူ့ခန္ဓာကိုယ်သည် ဘူမိနက်သန် ဖုံမှုန့်သို့ ပြန်သွားရသည်။ လူ့အကြံဟူသမျှ ပျက်စီးစမြဲ။ ထို့ကြောင့်လူသည် စိတ်မချရ။ သေမျိုး။ ပျက်စီးတတ်သောအမျိုး။ ယခုမြင်၊ ယခုပျောက်၊ ဖျောက်ဆိပ်မျိုး။
၁၄၆:၅ ပျော်ရွှင်သော ဘဝခရီးဆိုသည်မှာ သူတပါးကို ကူညီထောက်ပံ့ခြင်းဖြစ်သည်။ ထိုသို့မစထောက်ပံ့နိုင်ရန် ယာကုပ်၏ဘုရား၌ တည်မှီရသည်။ ထိုဘုရားရှင်သည် ချို့တဲ့သူများကို မစသော အရှင်ဖြစ်သည်။ ထို့ကြောင့် ပြည့်စုံကုံလုံခြင်းမရှိသော လူသားတိုင်း ထိုဘုရားရှင်ကို မှီခိုအားကိုးရ သည်။
၁၄၆:၆ အနန္တတန်ခိုးရှင် ဖန်ဆင်းသခင်။ ထိုဘုရားသခင်က၊ ကောင်းကင်တန်ဆာများ၊ မြေကြီး ပင်လယ်နှင့် သက်ရှိသတ္တဝါများ ဖန်ဆင်းသည်။ ကိုယ်တော်သည် တတ်စွမ်းတော်မူသည့်အတိုင်း အရာ ခပ်သိမ်းကို ဖန်ဆင်းသည်။
တည်မှီအားထားရာ။ သစ္စာတော်သည် အစဉ်အမြဲတည်သည်။ ကိုယ်တော်သည် လိမ်ညာ၍ မုသာ စကားမဆိုတတ်။ ဖောက်ပြန်ရိုးမရှိ၊ ကိုယ်တော်ကို ယုံကြည်ဖို့ စွန့်စားစရာမလို။ ကံဆိုးကံကောင်း ပြုစရာမဟုတ်။ အမြဲတန်းမှန်ကန်သည်။
၁၄၆:၇ ချို့တဲ့သူများ၏ရှေ့နေတော်။ ဘုရားသခင်သည် မြောက်စားမည့်သူများကို သိသည်။ လှိုင်းလုံးထန်နေလျှင်လည်း မုချအောင်မြင်သွားကြရမည်။
ကျွေးမွေးစောင့်ရှောက်သူ။ ငတ်မွတ်သူများအား ကျွေးမွေးသုတ်သင်သည်။ ရုပ်ပိုင်းအစာနှင့် ဝိညာဉ် အာဟာရ ဆာလောင်သူအားလုံးကို ဖြည့်ပေးသည်။ အခမ်းအနားပြင်ဆင်ထားသော နေအိမ်တွင် စားပွဲများ ခင်းကျင်း၍ တည်ခြင်းဧည့်ခံသည်။
လွတ်ငြိမ်းချမ်းသာခွင့်ပေးသူ။ အပြစ်၏ဖိစီးမှု၊ လူမှုရေးနှိပ်ကွပ်ခြင်းခံရသူ၊ လူ့လောကတွင် မျက်နှာ ထားမရှိသူ။ ဒုစရိုက်ဝန်ထုပ်ဝန်ပိုး သယ်ပိုးသူ၊ အသက်ရှင်ဖို့ ကြိုးပမ်းရုန်းကန်နေသူများအား အထူး လွတ်ငြိမ်း ချမ်းသာခွင့်ပေးသည်။
၁၄၆:၈ အလင်းပေးသူ။ ဘုရားရှင်က မျက်စိကန်းသူများအား မျက်စိလင်းစေသည်။ အချို့သည် ရုပ်ခန္ဓာမျက်စိကန်းကြသည်။ တချို့က ဉာဏ်အလင်းမရှိကြ။ တချို့က နှစ်ခုစလုံးမမြင်ကြ။ တချို့က မွေးရာပါ။ တချို့ကမတော်တဆ။ တချို့က မိမိရွေးချယ်မှု။ မည်သည့်အကန်းမျိုးမဆို၊ ကိုယ်တော်က အလင်းပေးနိုင်သည်။
မြောက်စားပေးသူ။ လောကဓံတရားအောက်တွင် နစ်ချီးပေါ်ချီဖြင့် ဝန်ထုပ်ဝန်ပိုးပိနေသူများ၊ ပြဿနာပင်လယ်ထဲတွင် ရေစုန်မျှော်နေသူများ၊ မျက်ရည်ပင်လယ်ထဲတွင် ကူးခတ်နေသူများကို ကယ်ဆယ် ပေးသည်။ ဘဝမြှင့်တင်၍ မြှောက်စားပေးသည်။
လူကောင်းကိုတွယ်တာသူ။ Barnesက ဤသို့ဆိုသည်။ “ဘုရားသခင်၏ ဂုဏ်အင်လက္ခဏာ ဖြစ်သည်။ တရားတော်နာခံသူများကို ချစ်သည်။ ဖြောင့်မတ်သူများကို ခင်တွယ်သည်”။
၁၄၆:၉ ဧည်သည်များကို တွယ်တာသူ။ လူစိမ်းသူရံများ၏ အရေးကိစ္စကို စိတ်ဝင်စားသည်။ ဧည့်ဝတ် ကျေပြွန်ရေး၊ အဆင်ပြေချော့မွေ့ရေးကို လိုလားသည်။ သာဝကခရီးသည်များသည် ဘုရားရှင်၏ ဧည့်သည် တော်များဖြစ်သည်။
အားနွဲ့သူများ၏ မိတ်ဆွေရင်းခြာ။ မိဘမဲ့ကလေးများ၊ မုဆိုးမများ၊ ကျွေးမွေးစောင့်ရှောက်သူ မရှိသော ဆင်းရဲသားများကို စောင့်ရှောက်သည်။
ဒုစရိုက်ကို တရားစီရင်သူ။ ဘုရားတရားမရှိသူများနှင့် ပျက်စီးရာလမ်းတွင် ဖောက်သူများကို ထိရောက်စွာ အရေးယူဖို့ ပြင်ဆင်ထားသည်။
၁၄၆:၁၀ ထာဝရရှင်ဘုရင်။ လူ့ပေါက်ပန်းစျေး အကျင့်အကြံသည် ဘုရားသခင်၏ ဂုဏ်အင်လက္ခနှင့် ဖီလာဆန့်ကျင်ဖြစ်သည်။ ဘုရားသခင်သည် ကမ္ဘာအဆက်ဆက် စိုးစံတော်မူသည်။ ဟာလေလုယာ။
ထိုသို့သော ဘုရားသခင်ကို ချီးမွမ်းရကောင်းမှန်းမသိပါသလား။