ဆာလံကျမ်း ၁၈
ဆာ ၁၈၊ ခရစ်တော်အား ပြန်လည်ထမြောက်စေတော်မူသောတန်ခိုး
သခင်ယေရှုအသံတော် အကြောင်းဖြစ်ကြောင်း၊အပိုဒ်ငယ် ၄၉နှင့် ရော ၁၅း၉ ဆက်စပ်ခြင်းဖြင့်သဲလွန်စခြေရာကောက်မိသည်။“ကို ထာဝရဘုရား၊ အကျွန်ုပ်သည် တပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို ချီးမွမ်း၍နာမတော်ကို ထောမနာသီချင်းဆိုပါမည်”(ငယ် ၄၉) ပိုမိုစေ့စပ်သေချာစွာ ဆက်စပ်လျှင် မှန်ကန်ကြောင်းတွေ့ရပေမည်။သခင်ယေရှုခရစ်တော် အကြောင်းစစ်စစ်ဖြစ်သည်။ ကိုယ်တော်အသေခံသည့် အကြောင်း၊ ရှင်ပြန်ထမြောက်ခြင်း၊ ဘုန်းတန်ခိုးပွင့်ခြင်း၊ ဒုတိယအကြိမ်ပြန်လည်ကြွလာခြင်းနှင့် နိုင်ငံတော်တည်ထောင်မည့်အကြောင်းများ စုံလင်သည်။ကျမ်းစာပါအချက်အလက်များသည် မျက်စိဖြင့်မမြင်ရသောအချိန်တွင် မေးမြန်းဘွယ်ရာဖြစ်သော်လည်း ကိုယ်တော်ဘုရားရှင်ပြန်ထမြောက်သည့်အချိန်တွင် အဓိပ္ပါယ်ပေါက်လာကြသည်။ နောင်တွင် ထို့ထက်သိရှိလာကြဦးမည်။
၁၈း၁-၃ အချစ်ဆုံးသော သားတော်၏ချီးမွမ်းသံကို နားညောင်း၍ ပြန်လည်အဖြေပေးခြင်းဖြင့် တေးသီချင်းအစပျိုးသည်။ သုံးနှုန်းသော စကားလုံးများကိုသတိပြုပါ။ ခွန်အား၊ ဘေးရန်ကင်းခြင်း၊ လုံခြုံခြင်း၊ကယ်တင်ခြင်း၊ ဘုရားရှင်၌ အဖြေရှာတွေ့ခြင်းတို့ကိုမြင်ရသည်။ ငါ၏ခွန်အား-ငါ၏ကျောက်ဆောင်-ငါ၏ခံတပ် -ငါ့ကို ကယ်နှုတ်သောအရှင်- ငါ့ကိုကွယ်ကာသောအရှင်- ငါ၏ဒိုင်းလွှား၊ ကယ်တင်ခြင်းဦးချို၊ ငါ၏ခွန်အားဗလဟု သုံးထားသည်။
၁၈း၄-၆ သေခြင်းဟူသော စကားလုံး ခဏခဏသုံးသည်။ သခင်ယေရှုကြုံတွေ့ရမည့် ဘေးရန်
များဖြစ်သည်။ ခရစ်တော်ကိုယ်တိုင် ကြိုးဖြင့်တုတ်နှောင်ခြင်းခံရသည့်အကြောင်း၊ လှိုင်းလုံးကြီးများ ဝိုင်းရံသည့်အကြောင်း၊ လွတ်ရာလမ်းမရှိအောင် ကျော့ကွင်းမိနေသည့်အကြောင်းများ ရေးထားသည်။ ထိုအခြေအနေဆိုးမှ ကြိုးစားနိုင်သည့် တခုတည်းသောနည်းလမ်းမှာ ဘုရားသခင်ထံ ဆုတောင်းခြင်းဖြစ်သည်။ခရစ်တော်သည် ထိုသေဘေးမှ ကယ်နှုတ်ရန်ဘုရားရှင်ထံ ဆုမတောင်း။ ကိုယ်တော်သည် အကြောင်းရှိ၍ သာလူ့လောကသို့ ရောက်လာသည် (ယော ၁၂း၂၇)။သေခြင်းကို လွန်မြောက်ရန်သာ ဆုတောင်းခဲ့သည်။ခရစ်တော် သည် လူ့ဇာတိ အဖြစ်၌နေစဉ်ကာလ၊သေခြင်းမှ ကယ်လွှတ်နိုင်တော်မူသောသူကို ကြီးစွာသောကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့် ဆုတောင်းပဌနာပြုသဖြင့် ကြောက်ရွံ့ရာအမှု၌ ချမ်းသာရသည်။(ဟေဗြဲ ၅း၇)ခရစ်တော်သည် စိတ်နှလုံးအားငယ်စွာဆုတောင်းသော်လည်း ဆုတောင်းချက်အဖြေစကား ရရှိမည်ဟုယုံကြည်စိတ်ချသည်။ ဤဆာလံသီချင်းကဂေသရှေမန်ဥယျာဉ်နှင့် ဂေါလဂေါသကုန်းပေါ်၌ ဧမာနွေလဘုရားရှင် ငိုကြွေးမည့် အကြောင်း ရည်ညွှန်းသည်။ F.B.Meyer က “အသံတော်သည် သေးငယ်သော်လည်းမာကျောသည်။ အဖြေစကားမူကား ဖန်ဆင်းခြင်း ဟူသမျှ တုန်လှုပ်စရာ”ဟု ဆိုသည်။
၁၈း၇-၁၅ အပိုဒ်ငယ် ၇း၁၉တွင်မူ တိုက်ပွဲသံပြီးဆုံးလေပြီ။ အဘယ်သို့ဖြစ်သနည်း။ သခင်ခရစ်တော်ရှင်ပြန်ထမြောက်တော်မူပြီ။ ထိုတိုက်ပွဲမှာ ဘုရားသခင်နှင့် ငရဲပြည် အကြားဖြစ်သည်။ စာတန်နှင့်အပေါင်းပါများအား ယေရုရှလင်မြို့ရိုးပြင်ဘက်သင်္ချိုင်းဂူထဲတွင် မြုပ်နှံထားပြီ။ နောက်တဖန် ခရစ်တော်ကို ပုန်ကန်တော်လှန်နိုင်ကြတော့မည်မဟုတ်။ဘုရားသခင်၏သားတော်အား ကားတိုင်ပေါ်သို့ တင်ပို့အနိုင်ယူခဲ့ပြီဟု ထင်မှတ်ခဲ့ကြသော်လည်း ထိုနေရာ၌ ဇာတ်လမ်းမဆုံး။ ကိုယ်တော်သည် သေခြင်းမှပြန်လည်ထမြောက်တော်မူပြီ။ ထိုစာတန်နှင့်အပေါင်းပါများကို သင်းချိုင်းဂူထဲသို့ ပြောင်းပြန်သဂြိုလ်ရလေပြီ။ထိုသို့ပြုလုပ်ခြင်းသည် လောကသားများသဘောပေါက်နားလည်နိုင်ရန် ကိုယ်တော့်အားကောင်းကင်ထက်တန်ခိုးနိမ့်စေ၍ လူ့လောကသို့စေလွှတ်ခဲ့သည်။ထိုအကြောင်းကို ရှင်ပေါလုက “ယုံကြည်သော ငါတို့၌တော်မူသော အလွန်ကြီးလှစွာသော တန်ခိုးတော်အား အဘယ်မျှလောက်ကြီးသည်ကို၎င်း၊ သင်တို့သည်သိစေခြင်းငှါ သင်တို့ညာဏ်မျက်စိကို လင်းပါမည့်အကြောင်း ဆုတောင်းပဌနာပြုပါ၏။ ထိုတန်ခိုးတော်ကားခရစ်တော်ကို သေခြင်းမှထမြောက်စေတော်မူ၍ ခရစ်တော်၌ ပြုပြင်သော မဟာတန်ခိုးအာနုဘော်အရှိန်ကဲ့သို့ ဖြစ်၏” (ဧ ၁း၁၉-၂၀)ဟု ဆိုသည်။ ဘုန်းတန်ခိုးကြီးမားတော်မူသည့်အတိုင်း မိုးမြေစကြဝဠာဖန်ဆင်း၍ဣရေလလူများကို အဲဂုတ္တုပြည်မှ ရွေးနှုတ်ခေါ်ထုတ်သည်။ ဘုန်းတန်ခိုးတော်ဖြင့် ရှင်ပြန်ထမြောက်စေပြီး၊ပထမဦးဆုံးသော ရှင်ပြန်ထမြောက်လေရာ နံနက်ခင်း၌ဝိညာဉ်ဆိုးများအပေါ်သို့ အောင်ခြင်းတန်ခိုးပြခဲ့ပြီ။ဘုရားရှင်ကြွလာသောအခါ လူလောကကမ္ဘာသည် သိမ့်သိမ့်တုန်လှုပ်သည်။ အမျက်ဒေါသထွက်သောအခါ တောင်နှင့်မြစ်များတုန်လှုပ်ကြသည်။နှာခေါင်းတော်က မီးခိုးထွက်၍၊ နှုတ်တော်ထဲကမီးလောင်နေသော မီးခဲများထောက်၏။ မိုးကောင်းကင်ကို ညွှတ် ဆင်းသဖြင့် ခြေဖဝါးတော်အောက်၌မှောင်မိုက်ဖြစ်၏။ ခေဗိမ်ကို စီးလျှက်ပျံတော်မူ၏။ အမှောင်ထုမုန်တိုင်းနှင့် လျှပ်ပန်းလျှပ်နွယ်များ၊မိုးသီးများက ရန်သူများကို ဗုံးများသဖွယ် ပစ်ချတိုက်ခိုက်၏။ ပင်လယ်နီဖြတ်သန်းခဲ့ကြစဉ် ပင်လယ်ရေပြင်သည် တဘက်တချပ်သို့ ဖျာနှယ်လိပ်သွားသကဲ့သို့ဘုရားသခင်၏ အမျက်ဒေါသကို ကြောက်လန့်ကြ၏။
၁၈း၁၆-၁၉ ဘုရားရှင်က ရန်သူများအားနာလံမထူနိုင်အောင် ရိုက်ခုတ်၊ နင်းချေ ချိနဲ့စေသည်။မရဏာနိုင်ငံမှ ခရစ်တော်အား ပြန်လည်ထမြောက်စေသည်။ ဟာလေလုယာ။ ခရစ်တော်ရှင်ပြန်ထမြောက်တော်မူပြီ။ မရဏနိုင်ငံမှ ပြန်လည်ထမြောက်စေသည့်အပြင် အောင်မြင်ခြင်းတန်ခိုးကိုလည်း အပ်နှင်းသည်။ရန်သူများမော်မကြည့်ဝံ့ရာ လက်ယာတော်၌ စိုးစံစေတော်မူသည်။ ထိုအကြောင်းကို ကော ၂း၁၅တွင်“အထွဋ်အမြတ်အာဏာစက်များကို လုယူလျှင် ထင်ရှားထုတ်ပြ၍ လက်ဝါးကပ်တိုင်အားဖြင့် အောင်ပွဲကိုခံတော်မူပြီ”ဟု ပေါလုက ဆိုထားသည်။
၁၈း၂ဝ-၃ဝ ရှင်ပြန်ထမြောက်ခြင်းအကြောင်းသည် ဆင်ခြင်အောက်မေ့စရာ လျှို့ဝှက်သဲဖိုဖြစ်လာပါပြီ။ ဘုရားသခင်က ယေရှုခရစ်တော်အား ရှင်ပြန်ထမြောက်စေသည်မှာ ကျိန်းသေပေါက်ဖြစ်သည် ။သေခြင်းမှ ပြန်လည်ထမြောက်စဉ်တွင် ခရစ်တော်သည် အပြစ်တစုံတရာမရှိ၊ မဲ့တပေါက်မစွန်း၊ မိမိအလိုကို ငြင်းပယ်လျှက်ခမည်းတော်ဘုရား၏ အလိုတော်ဝန်ခံသည်။ ကရာနီကုန်းပေါ်က အမှုတော်သည်ပြီးပြည့်စုံသောကြောင့် သင်္ချိုင်းဂူထဲမှ တန်ခိုးဖြင့်ထမြောက်၍ အဆုံးမရှိသောအသက် ပိုင်ဆိုင်တော်မူပြီ။ ထိုအကြောင်းကို ရော ၆၄တွင် “ခရစ်တော်သည်ခမည်းတော်ဘုရား၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှထမြောက်တော်မူသည်နည်းတူ ငါတို့ သည်လည်းအသစ်သောအသက်၌ ကျင်လည်ရကြသတည်း”ဟုဘုရားရင်က ရှင်ပြန်ထမြောက်စေတော်မူသည်။ ခရစ်တော်၏ ပြည့်စုံခြင်း၊ ပုဂ္ဂိုလ်ရေး ဖြောင့်မတ်စင်ကြယ်မှုဆုလက်ဆောင်ဖြစ်သည်။ဒါဝိဒ်က အငယ် ၂၀း၃၀အား ရေးသားရာတွင်သူ့ကြောင်းရေးသားသည်မဟုတ်။ သန့်ရှင်းဝိညာဉ်တော်တန်ခိုးဖြင့် သားတော်နှင့် သခင်ဖြစ်သောသူအကြောင်း (မ ၂၂း၄၁-၄၆)ကို ပရောဖက်ပြုသည်။၁၈း၃၁-၄၂ သခင်ခရစ်တော်၏ ဒုတိယပြန်လည်ကြွလာမည့်အကြောင်းဖြစ်သည်။ ကောင်းကင်ယံမှ ဘုန်းတန်ခိုးဖြင့် ကြွလာမည်။ “တန်ခိုးရှိသောကောင်းကင်တမန်တို့နှင့်အတူ ကောင်းကင်ဘုံက ပေါ်ထွန်းတော်မူ၍၊ ဘုရားသခင်ကို မသိသောသူ၊ ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို မီးလျှံဖြင့်ဒဏ်ပေးသောငှါ (၂သက် ၁း၇-၈)ကြွလာမည်။ “အသွေး၌နှစ်ပြီးသောအဝတ်ကိုဝတ်၍-ကောင်းကင် ဗိုလ်ခြေတို့သည် မြင်းဖြူကိုစီးလျှက် စင်ကြယ်သောပိတ်ချောကိုဝတ်လျှက်၊ နောက်တော်သို့လိုက်ကြ၏။ သူတို့ကိုလှံတံနှင့် အုပ်စိုးတော်မူမည်။ အန္တတန်ခိုးနှင့် ပြည့်စုံသောဘုရားသခင်၏ အမျက်ဒေါသသည် စပျစ်သီးနယ်ရာတန်ဆာကို ဖိနင်းတော်မူမည်” (ဗျာ၁၉း၁၃-၁၅)။ဤနေရာတွင် ခရစ်တော်သည် စစ်ပွဲပုံဆောင်ထားသည်။ အခြားကျမ်းများတွင်လည်း လူ့လောကသို့ခရစ်တော်ဘုရားပြန်လာမည့် ပုံစံတွေ့ရသည်။ ယု ၁၅တွင် “ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့ကိုတရားစီရင်၍ မတရားသောသူတို့သည် မတရားသဖြင့်ပြုသောအမှုအပြစ်များကို၎င်း၊ မတရားသောလူဆိုးတို့သည် ထုတ်ဖေါ်ပြသခြင်းငှါ သန့်ရှင်းသူတို့နှင့်တကွကြွလာတော်မူလိမ့်မည်”ဟု ဆိုထားသည်။ခမည်းတော်ဘုရားသခင်က စစ်ပွဲပြီးဆုံးစေသောအခါ (ငယ် ၃၁း၃၇) ခရစ်တော်က ရန်သူများကိုဖြိုခွင်းဖျက်ဆီးပါမည် (ငယ် ၃၇း၄၂)။
၁၈း၄၃-၄၅ ခရစ်တော်သည် ရန်သူများကိုဖြိုခွင်းနှိမ်နှင်းပြီးသောအခါ ကမ္ဘာမြေပေါ်တွင် နိုင်ငံတော်တည်ထောင်၍ ရှင်ဘုရင်တကာတို့၏ ဘုရင်သခင်တကာတို့၏ သခင်အဖြစ်အုပ်စိုးစိုးစံမည်။ ကမ္ဘာသူ ကမ္ဘာသားများ၏ ဦးခေါင်းဖြစ်လာမည် ။ရွေးကောက် ထားသော ဣသရေလလူမျိုးနှင့်ရွေးကောက်ထားသော တပါးအမျိုးသားတို့ ဒူးတူပေါင်ဖက် ကိုယ်တော်ကို ဝန်ခံကြမည်။ ပင်လယ်ရပ်ခြားသားများကလည်း နာခံကြမည်။
၁၈း၄၆-၅၀ ဆာလံဆရာသည် ခရစ်တော်အခမ်းအနားဖြင့် ပြည်ဖုံးကားချသွားသည်။ ခရစ်တော်မဟာအောင်ပွဲချီးမြင့် ရှင်ဘုရင်အဖြစ် စိုးစံစေတော်မူပြီ။ ဘိသိက်ပေးထားသော သားတော်သို့ကရုဏာတော် သက်တော်မူပြီ။ကိုယ်တော်ပြုတော်မူသော အမှုတော်များကြောင့်တပါးအမျိုးသားများအကြား၌ နာမတော်မြောက်နိုင်ကြပြီ။