ဆာလံကျမ်း ၈၈
ဆာ ၈၈ ကြေကွဲ၀မ်းနည်းဘွယ်အကောင်းဆုံး ဆာလံတေး
လူ့အသိခံစားချက်အတိုင်းဆိုလျှင် ဆာ ၈၈သည် အနိမ့်ဆုံး အနက်ဆုံးသော ၀မ်းနည်းကြေကွဲမှု ဆင်းရဲဒုက္ခ အဝီစိတွင်းအောက်ခြေလွှာဖြစ်သည်။ ဆာလံဆရာက ခါးသီးဆုံးသော ဝေါဟာရစကားလုံးများ ရွေးချယ်ထားသည်။ ကုရာနတ္တိ ဆေးမရှိသောဝေဒနာဖြင့် ဆေးရုံအကျဉ်းထဲတွင် တကိုယ်တော် ငိုရှိုက် နေသည်။ ရေခဲတိုက်သို့ပို့ရန်သာ ကျန်သည်။ ထိုအခြေအနေမရောက်မှီ လက်မတင်လေးချိန်ခါကို တေးဖွဲ့သည်။
၈၈:၁–၂ ထိုအိပ်မက်မြို့မှ လွတ်မြောက်၍ တခုတည်းသော ရောင်ခြည်မှာ “ဘုရားသခင်သာ ဖြစ်၍” ဘုရားသခင်ငါ့ကို ကယ်တင်သောအရှင်”ဟု တမ်းတသည်။ Gaebelean ကမူ “မဟူရာညဉ့်နက်သန်းခေါင်ယံ မှာ ကြယ်လေးပွင့် လက်ကနဲလှမ်းမြင်လိုက်သလို”ဟု ဆိုသည်။
ဆာလံဆရာက ဝေဒနာရှင်၏နာကျင်ပုံကို ထုတ်ဖော်သည်။ နေ့ရောညပါ အော်ဟစ်ပါသော်လည်း သက်သာခြင်းမရှိ။ သူ့ဆုတောင်းသံများကို မကြားနိုင်အောင် ဘုရားသခင်သည် အလုပ်များနေသလား။
၈၈:၃–၇ ဘ၀တခုလုံးသည် ရစရာမရှိ။ ဘေးဒုက္ခအတိရောက်ပါ၏။ သင်္ချိုင်းကုန်းဘက်သို့ ခြေလှမ်းနေရပြီ။ လူ့ဘ၀ကို လက်မြှောက်အရှုံးပေးပါပြီ။ လောကဓံတရားလည်း တကိုယ်လုံးမှာ ဖူးရောင်နေပြီ။ လှုပ်ရှားရုန်းကန်ဖို့ ခွန်အားမဲ့နေပြီ။ သေကောင်ပေါင်းလဲ ဖြစ်နေပြီ။ စစ်မြေပြင်မှာ ကယ်တင်သူမရှိ။ ကောက်မည့်မရှိ။ ပစ်ထားသောအလောင်းကောင်သို့ နှယ်ဖြစ်နေပြီ။ ဘုရားသခင်က ကူမဖို့ မေ့နေရော့သလား။ ဘုရားသခင်က ပစ်ခွာ၍ လူပုံမတိုး။ နောက်ချေးပုံထဲရောက်နေပြီ။ အနိမ့်ဆုံးတွင်းနက်သို့ ရောက်နေပြီ။ ကြောက်မက်ဘွယ်ရာအမှောင်ထုဖုံးလွှမ်းနေပြီ။ အကြီးအကျယ်ဝေဒနာ ခံစားနရသည်။ ဘုရားသခင်၏ အမျက်ဒေါသလှိုင်းလုံးကြီးများ တခုပေါ်တခုဆင့်၍ ၀န်ပိနေပြီ။
၈၈:၈–၉ နူနာဝဲစွဲလဲရာ သူခိုးထောင်းနေကြပြီ။ ဒုက္ခိတပျားတုတ်နေပြီ။ ဆင်းရဲဒုက္ခရောက်ခါမှ အပေါင်းအသင်း မိတ်ဆွေများကလည်း စွန့်ခွါထွက်ပြေးကြပြီ။ Knox ကမူ “ကျိန်စာသင့်လေပြီ” ဟုဆိုသည်။ လွတ်ရာလမ်းမရှိ။ လှောင်ပိတ်မိနေပြီ။ ခံစားရသောဆင်းရဲဒုက္ခကိုလည်းမကြည့်ရဲပါ။ ဆုတောင်း လျှင်လည်း မထိရောက်ပါ။ ဘယ်ရောက်ဘယ်ပေါက်မှန်းမသိ။ နေ့စဉ်နေ့တိုင်း ဘုရားသခင်အကူအညီ အော်ခေါ်ပါသည်။ သို့သော်အဖြေမထူး။
၈၈:၁၀ အကယ်၍ ဆာလံဆရာသည် တခါတည်း သေသွားလျှင် ဘုရားသခင်အတွက် အကျိုးရှိပါသလားဟု မေးခွန်းများ တသီတတန်း ဆက်တိုက်မေးသည်။ ထိုမေးခွန်းသွားလာပုံအရ ရှေးဟောင်းသန့်ရှင်းသူများသည် သေခြင်းတရားအကြောင်းကို ဂဂနနသိရှိကြပုံမရ။ ယနေ့ယုံကြည်သူများ သည် လူ့လောကမှာဆင်းရဲဒုက္ခခံနေရခြင်းထက် ဘုရားသခင်ရင်ခွင်၌ပျော်ကြသည် (ဖိ ၁:၂၃)။ ဆာလံဆရာ၏ မေးခွန်းများကိုကြည့်ပါ။
သေလျက်နေသောသူတို့အား အံ့ဘွယ်အမှုတို့ကို ပြတော်မူမည်လော့။ မပြဘူးဟု ရိုးစင်းစွာ ဖြေရပါမည်။ ပညတ်တရားတော်ရှိ ယုဒလူများအယူအဆတွင် တမလွန်ဘ၀သည် လှုပ်ရှားပြုခြင်းမရှိသည့် နေရာဖြစ်သည်။
သင်္ချိုင်းသားတို့သည်ထ၍ ကိုယ်တော်ကိုချီးမွမ်းကြပါမည်လော့။ သေလွန်သူများသည် နာနာဘ၀ သားများဖြစ်ကြ၍ ကိုယ်ရုပ်ထင်ရှားကာ ဘုရားသခင်ကို ချီးမွမ်းနိုင်စွမ်းမရှိကြ။
၈၈:၁၁–၁၂ ကရုဏာတော်ကို သင်္ချိုင်းကုန်းထဲ၌၎င်း သစ္စာတော်ကို ပျက်စီးရာအရပ်၌၎င်း ကြားပြော ရပါမည်လော။
မရဏာနိုင်ငံတွင် လှုပ်ရှားမှု၊ ပြောဆိုမှု မပြုနိုင်ကြောင်း ယုံကြည်ရပါသည်။ အသက်ရှင်နေသူများသာ လျှင် ဘုရားသခင်ကို ချီးမွမ်းကိုးကွယ်နိုင်သည်။ ဘုရားသခင်၏စိတ်တော်ကို တို့ထိနိုင်သည်။၆၀
၈၈:၁၃–၁၈ ဆာလံဆရာသည် ဆင်းရဲဝေဒနာအကြားမှ ပြုံးပန်းဆင်၍ ဘုရားသခင်ကို လျှောက်လဲ သည်။ အသက်ရှင်နေသမျှကာလပတ်လုံး နံနက်တိုင်းဆုတောင်းပါမည်။ ပစ်ပယ်ထားရာမှ ဘုရားသခင်က သနား၍ ပြန်လည်ကောက်ယူထားပါသည်။ ငယ်စဉ်တောင်ကျေးအရွယ်မှစ၍ ဆင်းရဲဒုက္ခ တ၀ကြီး ခံစားခဲ့ရပါသည်။ သေသည့်တိုင်အောင် ထိုအတိုင်းရှိတော့ရမည်လား။ ဘုရားသခင်က ခွဲခွာပစ်ရက်ပါ သလား။ အမျက်တော်သည် လှိုင်းလုံးကြီးပမာ ခက်ထန်နေဆဲပါလား။ ဒီရေလှိုင်းလုံးကြီးများ၏ ပုတ်ခတ် တိုက်ခတ်ဒဏ်ရာများသည် မွန်းကျပ်ပါစေ။ ချစ်တော်မူသောမိတ်ဆွေကို မကြင်နာတမင်ရှောင်ခွာတိမ်း စိမ်းကားရက်လေသလား။ အမှောင်ထုကိုသာ အဖော်သဟာပြုနေရပြီ။
ငိုခြင်းဆာလံတေး ဆုံးလေပြီ။ လွမ်းတေးနာကျင်ခြင်းကို သမ္မာကျမ်းစာတွင် ဘာကြောင့် ရေးထားပါသနည်း။ J.N. Darby၏ သက်သေခံချက်ကို ကြည့်ရအောင်။ “တချိန်တခါက သူ့ရှေ့တွင် မျှောင်လင့်ရာမဲ့အနိမ့်ဆုံးရောက်ခဲ့ပေမည်။ ထို့သို့သောသူကို မည်ကဲ့သို့ ကူညီကယ်တင်နိုင်မည်နည်း။ နည်းလမ်းကြံဆခိုင်းသည်”ဟု ဆိုသည်။ Clarke က ဤသို့ဆိုထားသည်-
သမ္မာကျမ်းစာတွင် ဤဆာလံတေးမျိုးလည်းရှားရှားပါးပါးလိုအပ်သည်။ လူတို့တွင် တွေ့ကြုံရင်ဆိုင် တတ်သော ဆင်းရဲဒုက္ခဖြစ်သည်။ ထိုဆာလံတေးကျမ်းပါ ဇာတ်ကောင်၏ မေးခွန်းကို ဖြေရလျှင် ဘုရားသခင်က ဘယ်သောအခါမှ မစွန့်ခွာဟု ဖြေရပါမည်။၆၁