တောလည်ရာကျမ်း ၁၃
(ဃ) ကတိတော်မြေသို့ သူလျှိုစေလွှတ်ခြင်း (အခန်း ၁၃–၁၄)
၁၃:၁–၂၀ လွှတ်လိုက်သော ရှေ့ပြေးသူလျှိုများသည် ဘုရားရှင်အမိန့်တော်အတိုင်းဖြစ်သည်။ တရား ၁:၁၉-၂၂ တွင် လူထုက စေလွှတ်သည်ဟုဆိုသည်။ လူများ၏ တောင်းဆိုချက်အရ ဘုရားသခင်က ခွင့်ပြုခြင်းဖြစ်သည်။ သူလျှို(၁၂)ယောက်၏ အမည်စာရင်းကို (အငယ် ၄-၁၅)တွင် မှတ်တမ်းတင်ထားသည်။ ဩရှ ( ငယ်၈ )တို့ကိုသီးသန့်မှတ်ထားပါ။ ကာလက်(ငယ် ၆)၊ ဩရှေ (ငယ်၈) တို့ကို သီးသန့်မှတ်ထားပါ။ ဩရှေကို မောရှေက ယောရှု(ငယ် ၁၆)ဟု မှည့်ခေါ်သည်။ ထိုသူလျှိုများအား ကတိတော်မြေအကြောင်း အသေးစိတ်လေ့လာကြ၍ တွေ့မြင်သမျှ အကြောင်းဆုံကို ပြန်လည် သတင်းပို့ရန် မောရှေက မှာကြားစေလွှတ်လိုက်သည် (ငယ် ၁၇-၂၀)။ ပထမဦးစွာ တောင်ပိုင်းအရပ်ရှိ အချက်အချာကျသော နိကပ်သို့သွားကြသည်။
၁၃:၂၁–၂၉ သူလျှိုများသည် တောင်ပိုင်းအရပ်ဇိနတောမှစ၍ မြောက်ပိုင်းအရပ်ရှိ ရဟောဘမြို့ထိ နယ်ခွင်တလျှောက် စူးစမ်းထောက်လှမ်းကြသည် (ငယ် ၂၁)။ အငယ် ၂၂-၂၄ သည် တောင်ပိုင်းအရပ်တွင် သူလျှိုများ၏ လုပ်ဆောင်ချက်ဖြစ်သည်။ ဟေဗြုန်သို့ရောက်သောအခါ အာနပ်၏သားသုံးယောက်ကို တွေ့ကြသည်။ တရား ၂:၁၀-၁၁ တွင် ထိုသူများသည် ဘီလူးအသက်မျှ ထွားကျိုင်းသူများ ဖြစ်သည်ဟု ဆိုသည်။ သူလျှိုများသည် သက်သေခံပစ္စည်းများအဖြစ် ဧရှကော ချိုင့်ဝှမ်းမှ လူနှစ်ယောက်ထမ်း စပျစ်နွယ်အပြွတ်ကို သယ်လာကြသည်။ သလဲသီး၊ သင်္ဘောသဖန်းသီးများကိုလည်း ယူဆောင်လာကြသည်။ ထိုအရပ်ကို ဣသရေလတို့က ဧရှကောချိုင့် (အပြွတ်အခိုင်ဟု အနက်ရသည်)ဟု မှည့်ခေါ်ကြသည်။ သူလျှိုများ၏ အဓိကအစီရင်ခံစာမှာ ထိုအရပ်ဒေသမှာ မြေဩဇာ အဆီအနှစ်ပြည့်ဝသော်လည်း ဒေသခံလူများသည် ဘီလူးကြီးများပမာ ခွန်အားဗလထွားကျိုင်းသူများဖြစ်သည်။ သူလျှိုများ အတွေးတွင် ထိုဒေသခံလူများအား ဣသရေလလူများက တိုက်ခိုက်အောင်မြင်နိုင်စွမ်းရှိမည်ဟု မထင်ကြ။ (သို့သော်လည်း ကတိတော်ရှိသည့်အတိုင်း ဘုရားသခင်က ဖယ်ရှားပေးသည်)။
၁၃:၃၀–၃၂ နိဖိလိမ်(ဟေဗြဲကျမ်းမူ ငယ် ၃၃)ဟူသော စကားသည် ဤလူ့ဘီလူးကြီးများသည် ရေလွှမ်းမိုးခြင်းမှ လွတ်မြောက်လာသူများဟု ဆိုလိုခြင်းမဟုတ်။ ထိုလူများသည် ရေလွှမ်းမိုးခြင်း မတိုင်ခင်က ဣသရေလလူများက ကြားသိပြီးဖြစ်သည်။ ကာလက်ကမူ (သူနှင့် ယောရှုကိုယ်စား) ချက်ချင်းသွားရောက် တိုက်ခိုက် အငိုက်ဖမ်းလျှင် အောင်မြင်မည်ဟု ရဲဝံ့စွာ တင်ပြသည်။ အခြားသူလျှိုများကမူ ကန့်ကွက်ကြသည်။ ထိုဒေသခံလူများသည် ခွန်အားဗလထွားကျိုင်းကြသောကြောင့် အောင်မြင်နိုင်မည်မဟုတ်ဟု ဆိုကြသည်။
၁၃:၃၃ သူလျှိုဆယ်ဦးသည် အဆိုးမြင်သမားများဖြစ်သည်။ ခါနန်ပြည်သားများ၏ ခွန်အားဗလအပြင်ပန်း လက္ခဏာကို ကြည့်၍ ကြောက်ရွံ့ကြသည်။ ကာလက်နှင့်ယောရှုသည် ဘုရားသခင်၏ လူမျိုးဣသရေလလူဟူသော အသိစိတ်ဓာတ် ခံယူချက်ဖြင့် ရဲစွမ်းသတ္တိ ပြည့်စုံသူများဖြစ်သည်။ လက်ရုံရည်၊ နှလုံးရည်ရှိသူများဖြစ်သည်။ ယုံကြည်စိတ်မရှိသူ သူလျှိုဆယ်ယောက်က အခက်အခဲကြီး ဘီလူးသဘက်ကြီး သဖွယ် ရှုမြင်သူများကို ယုံကြည်သူနှစ်ဦးက ပုရွတ်ဆိတ်အဖြစ် ရှုမြင်တတ်သူများဖြစ်သည်။ သူတို့က ဘုရားသခင်၏ ကတိတော်ကို စိတ်ချသည်။