တောလည်ရာကျမ်း ၁၄

၁၄:၁၀ ပရိသတ်သည် သူတို့ထင်မြင်ကြသည့်အတိုင်းမဟုတ်ကြောင်း ကြားသိကြသောအခါ မောရှေနှင့် အာရုန်အား ဆန့်ကျင်ဆန္ဒပြကြသည်။ အဲဂုတ္တုပြည်တွင် ကျွန်ခံခြင်းက ပိုမြတ်သေးသည်ဟု တမ်းတကြသည်။ အဲဂုတ္တုပြည်သို့ ပြန်ပို့ဖို့ ခေါင်းဆောင်သစ်ရှာချင်ကြသည်။ ထို့ကြောင့် ကတိတော်မြေသို့ ရောက်သောအခါ ထိုလူဟောင်းများကို ဘုရားရှင်က ဖျက်ဆီးပစ်သည် (ငယ် ၁-၃)။ ယောရှုနှင့် ကာလက်က တိုက်ခိုက်အောင်မြင်မည့်အကြောင်း တိုက်တွန်း ပြောဆိုကြသောအခါ ပရိသတ်ကြီးက ခဲဖြင့်ဝိုင်းပေါက်ဖို့ လုပ်ကြသည် (ငယ် ၆-၁၀)။

အပိုဒ်ငယ် ၃ နှင့် ၄ သည် မယုံကြည်သူများ၏ စစ်ပြေးစိတ်ဓာတ်ဖြစ်သည်။ အဲဂုတ္တုပြည်သို့ ပြန်သွားခြင်းဆိုသည်မှာ ဘုရားသခင် စွန့်ပစ်သော ဂူဟောင်းသို့ ပြန်အောင်းလိုစိတ်ဖြစ်သည်။ နံနက်မိုးသောက်တွင် သားဦးကြောင့် ကြေကွဲဝမ်းနည်းရသည့်အဖြစ် တွေ့ချင်ကြသည်။ ပင်လယ်နီ ဖြတ်ကျော်ကြစဉ် အဲဂုတ္တုစစ်သားများ ပျက်စီးကြပုံကို မေ့နေကြသည်။ ဖာရောဘုရင်က မည်သည့်ပုံစံဖြင့် ပြန်လည်လက်ခံမည်နည်း။ ထို့ထက် နောက်ကြောင်းမပြန်ဘဲ၊ ခါနန်ပြည်သို့ရှေ့ဆက်တိုးခြင်းက ပိုမြတ်သည်မဟုတ်လော။ ဘုရားသခင်က အဲဂုတ္တုသားများကို ဆုံးမ အရေးယူပေးခဲ့သည်။ ပင်လယ်ပြင်ကို အောင်မြင်စွာ ဖြတ်ကျော်ခဲ့ကြပြီ။ မိုးကောင်းကင်မှ နေ့စဉ် မုန့်ချကျွေးသည်။ ကန္တာရတောတလျှောက် ထိန်းကျောင်းကျွေးမွေးခဲ့သည်။ သို့သော် ယုံကြည်ကိုးစားခြင်းမရှိကြသေး။ ယခု ဘီလူးသဘက်မျှကြီးသော လူအနည်းငယ်ကို ကြောက်လန့်ဒူးတုန်နေကြသည်။ သူတို့အပြုအမူများသည် ဘုရားရှင်ကို သံသယရှိနေကြဆဲ။ ဘုရားသခင်၏ တန်ခိုးကို အယုံအကြည်မရှိကြ။ ဘုရားသခင်၏အစွမ်းတန်ခိုးက ထိုဘီလူးသဘက်လူစုကို မအောင်နိုင်ဘူးလား။ အတိတ်၊ ပစ္စုပ္ပန်ကာလတလျှောက် ဘုရားသခင်၏ ကွယ်ကာစာင့်ထိန်းမှုကို တွေ့မြင်ခဲ့ကြသော်လည်း အနာဂတ်အတွက် သံသယ ရှိနေကြသည်။ ဘုရားသခင်အား ယုံကြည်မှုခံယူချက်နည်းပါးသူများသည် နာကျင်သောဝေဒနာခံစားကြရမည့်အကြောင်း ပုံသက်သေဖြစ်သည်။

၁၄:၁၁၁၉ ဘုရားသခင်က ဤလူများအား ဖျက်ဆီးပစ်မည်ဟု မောရှေသို့ ပြောပြသည် (ငယ် ၁၁-၁၂)။ ထိုအခါ မောရှေက သူ့လူများကိုယ်စား ဘုရားသခင်ထံသို့ တောင်းလျှောက်ပေးသည်။ ကတိတော် ပေးထားသော လူမျိုးအား တပါးအမျိုးသားများ လက်အောက်၌ ပျက်စီးခြင်းကို မမြင်ရက်ပါရန် (ငယ် ၁၃-၁၉) တောင်းပန်သည်။ ဘုရားသခင်၏ကောင်းမြတ်ခြင်း လက္ခဏာကို ချီးမွမ်း၍ နားပူနားဆာ တောင်းပန်သည်။ (ထွ ၃၄:၆-၇)တွင် ဘုရားသခင်က မောရှေကို တွေ့ဆုံကြောင်း တွေ့ရသည်။ ဤကျမ်းပိုဒ်တွင် မောရှ၏ အသနားခံလျှောက်လဲချက်ကို နားညောင်းတော်မူကြောင်း တွေ့ရသည်။ မည်သို့ရှိပါသနည်း။ မောရှေ၏ တရားသည် ပရိသတ်အပေါ်မှာ မူတည်ပါသလား။ ဘုရားသခင်ဘက်မှာအခြေပြုပါသလား။ ဘုရားသခင်နှင့် ဆက်နွယ်ပုံကို ဤနေရာတွင် ထုတ်ဖော်ခြင်းဖြစ်သည်။

၁၄:၂၀၃၅ ဘုရားသခင်သည် မောရှေ၏ တောင်းလျှောက်သည့်အတိုင်း လူများကို ဖျက်ဆီးပစ်ခြင်း မပြုပါ။ အသက်(၂၀)နှင့်အထက်ရှိသော ယောက်ျားများကို စစ်ပွဲဝင်ခိုင်းသည် (တော ၂၆:၆၄-၆၅၊ တရား ၂:၁၄)။ အဲဂုတ္တုပြည်မှ ထွက်လာကြစဉ် အသက်(၂၀)နှင့်အထက်ရှိသော ယောက်ျားများတွင် ယောရှုနှင့် ကာလက်တို့ နှစ်ယောက်သာလျှင် ကတိတော်မြေသို့ ခြေချခွင့်ရကြသည်။ အခြားယောက်ျားများသည် ကန္တာရခရီးစဉ် တလျှောက်သေကြေကြသည်။ ဘိုးဘေးဘခင်များ၏ သစ္စာမရှိမှုကြောင့် နောင်လာသားမြေးများသည် နှစ်(၄၀)တိုင်အောင် ကန္တာရတောတွင် သဝေထိုးနေကြသည် (ငယ်၃၄)။ အနှစ်(၄၀)ဆိုသည်မှာ ယေဘူယျဆိုခြင်းဖြစ်သည်။ ခရီးသွားရသည့်ကာလအတိအကျမှာ နှစ်ပေါင်း(၃၈)နှစ် ဖြစ်သည်။ အဲဂုတ္တုပြည်မှခါနန်ပြည်သို့ ဝင်ရောက်ရသည့် ကာလစုစုပေါင်းသည် နှစ်(၄၀)ကြာသည်။ ဘုရားသခင်က သူ့လူများအတွက် အကောင်းဆုံး ပြင်ဆင်ပေးသော်လည်း လောကလူသားများသည် အကောင်းကို အကောင်းမမြင်။ အဆိုးအစုတ်ကို ရွေးချယ်ကြသည်။ သို့သော် အားလုံး သေကြေ ပျက်စီးကြသည်ဟု ဆိုလိုခြင်းမဟုတ်။ ယုံကြည်သူများသည် ကယ်တင်ခြင်း ရရှိကြပါသည်။ မနာခံခြင်းကြောင့် ဘုရားသခင်၏ အရေးယူအပြစ်ဒဏ်ခံကြရသည့်အကြောင်း ရှင်းပြချက်ဖြစ်သည်။

ဣသရေလများ ခရီးစဉ်ကိုတွက်ချက်လျှင် စဉ်းစားစရာရှိသည်။ ထိုကန္တာရတောတွင် အဘယ်သို့ ထိုမျှကြန့်ကြာနိုင်သနည်း။ နေရာတစ်ခုတွင် အဘယ်မျှကြာညောင်းကြသနည်း။ ပထဝီအနေအထားအရ တိုင်းတာလျှင် ထိုမျှကြာညောင်းစရာမရှိ။ အချို့က Kadesh အရပ်တွင် နှစ်ပေါင်း (၃၇)နှစ်နေထိုင်သည်။ ထို့နောက် ပင်လယ်နီကမ်းခြေ (ယခု အက္ကဘာပင်လယ်ကွေ့)တွင် စုန်ဆင်းရာတွင် တစ်နှစ်ကြာသည်ဟု ခန့်မှန်းတွက်ချက်ကြသည်။ ဖြတ်သန်းလာကြသော သိနာတောင်မှ မောဘလွင်ပြင်ခရီးစဉ်တွင် ရောက်လေရာ၌ နာမည်ကမ္ဗည်းတင်ကြရာ ထိုမျှကြာညောင်းစရာ အထောက်အထားမရှိဟု ဆိုကြသည်။

အပိုဒ်ငယ် ၂၁တွင် ပါရှိသည့် ဘုရားသခင်၏ဘုန်းတန်ခိုး ထင်ရှားခြင်းသည် နာခံခြင်းမရှိသော ဣသရေလများအား တရားမျှတစွာအရေးယူအပြစ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်က (၁၀)ကြိမ်း ဆုံးမသည် (ငယ် ၂၂)။ ထိုဆုံးမချက်များမှာ ပင်လယ်နီ(ထွ ၁၄:၁၁-၁၂)၊ မာရ (ထွ၁၅:၂၃)၊ ကန္တာရတော်ဒုစရိုက်(ထွ၁၆:၂)၊ မန္နမုန့်နှင့်ပတ်သက်၍ ပုန်ကန်ခြင်း နှစ်ကြိမ်(ထွ၁၆:၂၀-၂၇)၊ ရိဖိဒိမ် (ထွ ၁၇:၁) ဟောရပ်(ထွ ၃၂:၇)၊ တဗိရ(တော ၁၁:၁)၊ ကိဗရော့ဟတ်သဗ(တော ၁၁:၄)၊ ကာဒက်(၁၁:၁)နှင့် သူလျှိုများ၏ အစီရင်ခံစာအရ ပြုကြသည့်အချိန် (တော ၁၄)။

အဲဂုတ္တပြည်မှ စတင်ထွက်ခွာလာကြစဉ် စစ်တိုက်နိုင်သောသူ ၆၀၃,၅၅၀ ယောက်ရှိသော်လည်း ယောရှုနှင့်ကာလတ်တို့နှစ်ယောက်တည်းသာ ကတိတော်မြေသို့ဝင်ရောက်ခွင့်ရကြသည် ( ငယ် ၂၉-၃၀၊ တရား ၂း၁၄ )

၁၄:၃၆၃၈ သတင်းဆိုးယူလာသော သူလျှိုဆယ်ယောက်သည် ပလိပ်ရောဂါဖြင့် သေဆုံးကြသည် ယောရှုနှင့်ကာလက်တို့ လွတ်မြောက်သွားကြသည်။

၁၄:၃၉၄၅ မောရှေ၏စကားကြားသိကြသောအခါ လူထုအပေါင်းသည် ဘုရားသခင်၏စကားတော်ကို နာခံ၍ ကတိတော်မြေသို့ ချည်းနင်းဝင်ရောက်ပါမည်ဟု ပြန်လည်တောင်းပန်ကြသည်။ ဘုရားသခင် ထွက်ခွာသွားပြီဖြစ်သောကြောင့် နောက်ကျကုန်ပြီဟု မောရှေကဆိုသည်။ သို့သော် ပရိသတ်များက လက်တွေ့စမ်းသပ်ချင်ကြသည်။ နောက်တစ်နေ့ နံနက်စောစောတွင် ခါနန်သားများအား တိုက်ထုတ်ရန် တောင်ထိပ်ပေါ်သို့ ပြေးတက်ကြသည် (ငယ် ၄၅)။

Previous Article
Next Article