တောလည်ရာကျမ်း ၁၆
(စ) ကောရပုန်ကန်ခြင်း (အခန်း ၁၆–၁၇)
၁၆:၁–၃ ကောရသည် အာရုန်၏တဝမ်းကွဲညီ (ထွ ၆:၁၈-၂၀)လေဝိအမျိုးဖြစ်သော်လည်း ယဇ်ပုရောဟိတ်မဟုတ်။ အာရုန်မိသားစုက ယဇ်ပုရောဟိတ်အရိုက်အရာ မောင်ပိုင်စီးခြင်းကို ကျေနပ်ပုံမရ။ ရုဗင်အမျိုးမှ ဒါသန်၊ အဘိရံ၊ ဩနတို့ကို စည်းရုံး၍ မောရှေ၏ ခေါင်းဆောင်မှုကို ပုန်ကန်ဆန့်ကျင်ကြသည်။ ဩန၏အမည်ကို အပိုဒ်ငယ် ၁နောက်ပိုင်းတွင် မတွေ့ရတော့ပါ။ ထို့ကြောင့် စိတ်ပါလက်ပါ ပါဝင်ခြင်းရှိကြောင်း မသေချာ။ ဣသရေလမင်းစိုးရာဇာ(၂၅၀)နှင့် ဣသရေလ ခေါင်းဆောင်များသည် ဆန္ဒပြသူများနှင့်ပူပေါင်းကာ ယဇ်ပုရောဟိတ်အရိုက်အရာနှင့် စီမံခန့်ခွဲမှုအာဏာ ပိုင်စိုးခြင်းအား ဆန္ဒပြကန့်ကွက်ကြသည်၊ (ငယ်၂)။ လူထုပရိသတ်အပေါင်းသည် ယဇ်ပူဇော်ခြင်းဖြင့် စင်ကြယ်ကြသူများဖြစ်၍ ထိုသူများအပေါ်တွင် မိမိနာမည်ကို ထုတ်ဖော်မင်္ဂလာယူစရာမလို (ငယ် ၃)ဟု တိုက်ခိုက်ကြသည်။
၁၆:၄–၁၁ ထိုပြဿနာပြေလည်စေရန် မောရှက ကောရနှင့်အပေါင်းပါတို့အား (ငယ် ၆-၇)တွင် ပါရှိသည့်အတိုင်း ဘုရားသခင်၏ အဆုံးအဖြတ်ခံယူရန် စိမ်ခေါ်လိုက်သည်။ အမွှေးတိုင်မီးရှို့ပူဇော်ခြင်းသည် ယဇ်ပုရောဟိတ်တို့ လုပ်ရိုးလုပ်စဉ်ထုံးစံဖြစ်သည်။ အကယ်၍ ဘုရားသခင်က ယဇ်ပုရောဟိတ်အဖြစ် အသိအမှတ်မပြုပါက ဘုရားရှင်၏ မကျေနပ်မှု လက္ခဏာတစ်ခုခုထင်ရှားပြသမည်။
၁၆:၁၂–၁၅ ဒါသန်နှင့်အဘိရံတို့အား မောရှေက စေလွှတ်သောအခါ မလိုဘူးဟု ငြင်းဆန်ကြသည့်အပြင် မောရှေအား ကျိန်ဆဲကြသည်။ ထွ ၃:၈တွင် ကတိတော်ပြုခဲ့သည် ပျားရည်နှင့် နိုးစီးဆင်းရာသို့ ခေါ်ဆာင်မည်ဟု ဆိုပြီး ယခုမှာမူ ကန္တာရတောတွင် အဖြစ်ဆိုးနှင့် ကြုံရသလားဟု ငြင်းဆိုအပြစ်တင်ကြသည်။ ပျားရည်နှင့် နို့အစား ခယောင်းတောလွင်ပြင်သို့ ခေါ်ရသလားဟု မြည်တွန်တောက်တီးကြသည်။
အပိုဒ်ငယ် ၁၄တွင် မောရှေ၏ ကတိပေးချက် မပြည့်စုံမှုကို ရှင်းပြသည်။ သဘောမပေါက် ယုံကြည်မှုမရှိသော လူထုအား မောရှေက နားချသည်။ ဘုရားသခင်ထံသို့လည်း သူသည် မင်းကျင့်တရားနှင့် အညီ ဦးစီးခေါင်းဆောင်ကြောင်း လျှောက်လဲသစ္စာဆိုသည်။
၁၆:၁၆–၂၂ နောက်တစ်နေ့တွင် ကောရ၊ အာရုန်နှင့် ဆန္ဒပြသူလူ(၂၅၀)တို့သည် ပရိသတ်စည်းဝေးရာ တဲတော်သို့ စုဝေးလာသည်။ ဣသရေလ ပရိသတ် အပေါင်းလည်း ပွဲကြည့်ပရိသတ်များအဖြစ် ဝိုင်းအုံလာကြသည်။ ထိုအခါ ဘုရားသခင်၏ ဘုန်းတန်ခိုးပေါ်ထွန်းထင်ရှားလာ၍ မောရှေနှင့် အာရုန်အား ထိုလူအုပ်နှင့် ဝေးဝေးနေခိုင်းပြီး ထိုပုန်ကန်သူများအား ဘုရားသခင်က ဖျက်ဆီးဖို့ ပြင်ဆင်တော်မူသည်။ သို့သော် မောရှေနှင့် အာရုန်က လူတစ်ဦးတစ်ယောက်လူနည်းစုကြောင့် လူများအားဖျက်ဆီးခြင်း မပြုပါရန် ထိုသူများကိုယ်စား ဆုတောင်းအသနားခံကြသည်။
၁၆:၂၃–၂၅ မြင်ကွင်းပြောင်းလဲသွားပြီ။ ကောရ၊ ဒါသန်နှင့်အဘိရံတို့သည် မိမိတို့တဲသို့ သီးသီးပြန်ကြ၏ (ငယ်၂၄)။ မောရှေက ပရိသတ်အပေါင်းအား ထိုတဲများနှင့်ဆက်ဆံပတ်သက်ခြင်းမပြုဘဲ၊ ဝေးဝေးနေခိုင်းသည်။ ဤသူများမကြာခင် သေမည့်သူများဖြစ်သည်။ ထို့အကြောင့် ဤသူများနှင့် ပေါင်းဖော် ပတ်သက်သူများ မဆီမဆိုင် ရောပါမသွားကြဖို့ သတိပေးလိုက်သည်။ ထိုသူများသည် မိမိတို့ အိမ်ရှေ့တွင် ထွက်ရပ်ကြ၍ ပတ်ဝန်းကျင်ကို ငေးကြည့်နေကြစဉ် ဘုရားသခင်ကမြေမြိုစေသဖြင့် တဆွေတစ်မျိုးလုံး အရှင်လတ်လတ်မြေမြိုခံကြရသည်။ ပရိသတ်များကလည်း ဘုရားရှင်ကို ပုန်ကြသူများဖြစ်ကြောင်း သိရှိသွားကြသည် (ငယ် ၃၀) ကောရသေရခြင်းနှင့် ပတ်သက်၍ မေးစရာမေးခွန်းရှိနိုင်ပါသည်။ ဒါသန်၊ အဘိရံတို့နှင့် အတူမြေမြိုခံရသည်ဟုဆိုသည် (ငယ် ၃၂-၃၃)။ အချို့က ပုန်ကန်ခြားနားသူလူ (၂၅၀)နှင့်အတူ လောင်ကျွမ်းသွားသည်ဟု ယူဆကြသည် (ငယ် ၃၅)။ တော ၂၆:၁၀ ကျမ်းပိုဒ်အရ ဒါသန်၊ အဘိရံတို့နှင့် အတူမြေမြိုခံရပုံရသည်။ (အငယ် ၁၁)အရ သူ့သားများကို ချမ်းသာပေးသည်ဟု နားလည်သည်။ ဣသရေလတို့၏ ပရောဖက်ကြီး ရှမွေလသည် ကောရ၏ မျိုးရိုးမှ ဆင်းသက်လာခြင်းဖြစ်သည် (၅ရာ ၆:၂၂-၂၃-၂၈)။ အပိုဒ်ငယ် ၃၀တွင် ဖော်ပြသည့်ကျင်း (Heb.Sheol)သည် သင်္ချိုင်းအုတ်ဂူကို ဆိုလိုခြင်းဖြစ်သည်။ အလောင်းမရှိသောကျင်းလည်း ဖြစ်နိုင်သည်။
ဘုရားသခင်သည် စိတ်တော်နှင့် မထိတွေ့လျှင် အမျက်တော်ထွက် တရားစီရင်လေ့ရှိကြောင်း၊ ဣသရေလသမိုင်းစာမျက်နှာတွင် မကြာခဏတွေ့ရသည် (ဝတ် ၁၀:၁-၂)၊ မိရိအံ (တော ၁၂:၁၀)၊ ကောရ၊ ဒါသန်၊ အဘိရံနှင့်အပေါင်းအပါ (၂၅၀)အနာနနိနှင့် ရှဖိရ (တ ၅:၅-၁၀)တို့တွင် တရားစီရင်ကြောင်း တွေ့ရသည်။ သူတို့ဖောက်ပြန်သောအပြစ်များသည် ကြိုတင်တားမြစ်ထားသော ပြဌာန်းချက်များ မဟုတ်ကြသော်လည်း နောင်လာနောက်သားများ ကြဉ်ရှောင်ရန် စစ်ခုံရုံးဖြင့် စီရင်ခြင်း ဖြစ်သည်။
ကောရနှင့် အပေါင်းအပါ (ငယ် ၃၂)သည် အစေခံကျွန်များ သို့မဟုတ် နောက်လိုက်များဖြစ်သည်။
၁၆:၃၆–၄၀ မီးလောင်ကျွမ်းခြင်း ခံရသော ကောရအပေါင်းအပါတို့၏ ကြေးလင်ဗန်းများကို မီးရှို့ ကြေးယဇ်ပလ္လင်အဖြစ် ပြုလုပ်ကြသည်။ ဆိုလိုသည်မှာ မောရှေမိသားစုများသာလျှင် ယဇ်ပုရောဟိတ်အခွင့် အရေးအမှန်အကန် ရရှိကြသည့် ပုန်ကန်ခြားနားသူများသည် မီးလောင်ပြာကျ ကုန်သည်။
၁၆:၄၁–၅၀ နောက်တစ်နေ့တွင် ပရိသတ်အပေါင်းတို့ စုရုံး၍ မောရှေနှင့် အာရုန်အား ဘုရားသခင်၏ လူများသတ်ဖြတ်မှုဖြင့် စွပ်စွဲပုန်ကန်ကြပြန်သည်။ ထိုအသံကို ကြားသောအခါ ဘုရားသခင်သည် အမျက်တော်ထွက်သည်။ မောရှေနှင့် အာရုန်သည် ဘုရားသခင်၏ တန်ခိုးမိုးတိမ်အုပ်နေသော ပရိသတ်တဲတော်ထဲသို့ ဝင်ကြသည်။ ဘုရားရှင်က ပရိသတ်အား ပလိပ်ရောဂါကျရောက်စေ၍ ဗိုင်းကနဲ ဗိုင်းကနဲလဲကျစေသည်။ နံ့သာဆီမွှေးပူဇော်လင်ဗန်းကိုင်ဆောင်၍ ထိုပရိသတ်အလယ်သို့ အာရုန် ပြေးဝင်သောအခါမှသာလျှင် အသေအပျောက်ရပ်တန့်သွားသည်။ အာရုန်မဝင်ရောက်မှီ သေသူအပေါင်း တစ်သောင်းလေးထောင်ခုနစ်ရာရှိသည်။ တစ်ချိန်လုံးအာရုန်အား ပုန်ကန်စိမ်ခေါ်လာကြသော ဣသရေလ ခေါင်းဆောင်များသည် အာရုန်၏ ကြားဝင်ဆောင်ရွက်မှုဖြင့် ပုလိပ်ရောဂါဆိုးဒဏ်မှ ကင်းလွတ်ကြသည်။ စင်စစ်မောရှေနှင့် အာရုန်သည် ဘုရားသခင်၏ လူများကို ညှဉ်းဆဲသတ်ဖြတ်သူများမဟုတ်ကြပါ။ ကယ်တင်ရှင်များဖြစ်သည်။