တောလည်ရာကျမ်း ၁၉
၁၉:၁–၁၁ အခန်း ၁၉သည် ဓမ္မဟောင်းကျမ်းတွင် စင်ကြယ်ခြင်း အထိမ်းအမှတ် အထူးခြားဆုံးတစ်ခု ဖြစ်သည်။ နွားမဒန်းနီ၏ပြာ ကို သုံးထားသည်။ လူသေကောင်ကိုင်တွယ်၍ မစင်ကြယ်ခြင်းကဲ့သို့သော မစင်ကြယ်သူများအား ထိုပြာဖြင့် သန့်ရှင်းစင်ကြယ်ကြရသည်။ ဣသရေလလူများသည် ထိုကာဒေ့ရှ် စရပ်တွင် ဘုရားသခင်ကို ပုန်ကန်ကြပြန်သည်။ ထိုသူများသည် မယုံကြည်သူများဖြစ်သောကြောင့် တပ်ပြင်သို့ ထုတ်၍ သေစေကြသည်။ နှစ်ပေါင်း(၃၈)နှစ်အတွင်း ထိုအပြစ်ဒဏ်ဖြင့် လူပေါင်းခြောက်သိန်းကျော် သေကြေကြသည်။ ထိုနွားမဒန်းနီ၏ပြာဖြင့် သေခြင်းအပြစ်ဒဏ်မှ လွတ်မြောက်စေနိုင်သလား။
ထိုစင်းလုံးချောနွားမဒန်းနီကို တပ်ပြင်သို့ ထုတ်၍ သတ်ရသည်(ငယ်၃)။ ယဇ်ပုရောဟိတ်ဧလျာဇက ထိုယဇ်ကောင်အသွေးဖြင့် ပရိသတ်စုဝေးရာ တဲတော်အား (၇)ကြိမ် ဖျန်းရသည်။ ထို့နောက် နွားမယဇ်ကောင်အား မီးရှို့ပူဇော်ရသည်။ သားရေမှစ၍ ယဇ်ပူဇော်စရာ ဝမ်းတွင်းကလီစာများကို အကာရှသား၊ ဟုဿုပ်ပင်ညွှန့်နှင့် နီမောင်းသောအထည်များကိုလည်း တစ်ပါတည်းမီးရှို့ပူဇော်ရသည်။ ထိုပစ္စည်းများသည် ကုဋိနူနာသည်အား စင်ကြယ်စေသည့် ယဇ်ပူဇော်သက္ကာအတိုင်း (ဝတ် ၁၄:၄-၁၆) ဖြစ်သည်။ ထိုယဇ်ပုရောဟိတ်နှင့် နွားမပြာကိုင်တွယ်သူသည် ညနေခင်းတိုင် အောင် မစင်ကြယ်ကြ။ ထို့နောက် နွားမပြာ ကိုင်တွယ်သူသည် နွားမပြာများကို နောင်တွင်သုံးဖို့ တပ်ပြင်သို့သွားရောက်သိမ်းဆည်းရသည် (ငယ်၉)။
၁၉:၁၁–၁၉ ဤကျမ်းပိုဒ်တွင် နွားနီမ၏ပြာ အသုံးဝင်ပုံရှင်းပြထားသည်။ တစ်စုံတစ်ဦးသည် မစင်ကြယ်သော အသုဘထိကိုင်မိ၍ သော်၎င်း၊ မိမိတဲ၌ လူသေလျှင်၎င်း၊ ထိုသူများသည် မစင်ကြယ်ကြ။ သန့်ရှင်းသောသူသည် စီးသောရေကို ခပ်၍ ထိုနွားပြာမှုန့်နှင့် ရောမွှေပြီးလျှင် ဟုဿုပ်ညွှန့်ဖြင့် အထက်က မစင်ကြယ်သူအား တတိယနေ့နှင့် သတ္တမနေ့တွင် ဖျန်းရသည်။ သတ္တမတွင် ထိုမစင်ကြယ်သူသည် မိမိ အဝတ်အစားများကို လျှော်ဖွတ်ရသည်။ ကိုယ်တိုင်လည်း ရေချိုးရသည်။ ထိုနေ့ ညနေခင်းရောက်လျှင် စင်ကြယ်ပြီဟု သတ်မှတ်ရသည် (ငယ် ၁၉)။
William က ထိုနွားမဒန်းနီသည် ခရစ်တော်ပုံဆောင်သည်ဟု ဆိုသည်။ အပြင်ပန်းသဏ္ဌာန် ခြောက်ပြစ်ကင်းသဲလဲစင်သကဲ့သို့ အတွင်းသရုပ်လည်း ကြည်လင်ဖြူစင်သည်။ အပြစ်မှုံတပွင့်မကပ်။ ထို့အပြင် အနီရောင်မြေကြီးသည် လူသားအစဖြစ်သည်။၁၁။ သို့သော်လည်း လွန်ကျူးစွာ အတွေးမချဲ့သင့်။
တော ၃၁တွင်ပါရှိသည့် နွားမဒန်းနီ၏ပြာနှင့် ပတ်သက်၍ ဂန္တဝင်မှတ်တမ်းမှတ်ရာ တစ်ခု Mantle က ဤသို့ဆိုသည်။
ပြာသည် အပြစ်ဒုစရိုက်ဖြေရာ ပူဇော်သက္ကာကို သတ္တုချခြင်းဖြစ်သည်။ နွားမဒန်းနီ၏ပြာကို ရာစုနှစ်ချီ၍ အသုံးပြုနိုင်သည်။ ယုဒသမိုင်းစဉ်တလျှောက်တွင် စင်ကြယ်ရာ ပစ္စည်းခြောက်ခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။ အနည်းဆုံးသော ပစ္စည်းနှင့် စီးသောရေ ပေါင်းစပ်ခြင်းဖြင့် စင်ကြယ်ခြင်းဖြစ်စေနိုင်သည်။၁၂
ဟေဗြဲကျမ်းရေးသူကလည်း နွားမဒန်းနီ၏ပြာဖြင့် လူပြင်ပအင်္ဂါရပ်များစင်ကြယ်စေနိုင်သကဲ့သို့ ခရစ်တော်၏အသွေးတော်ဖြင့် လူအဇ္ဈတ္တစိတ်မနောကို ကြည်လင်ဖြူစင်စေသည်ဟု ဆိုထားပါသည် (ဟေဗြဲ ၉:၁၃-၁၄)။ ရှေးဆရာကြီးတစ်ပါးကလည်း ဤသို့ မိန့်ဆိုထားသည်။
နွားမဒန်း၏ပြာသည် လူ့မျက်စိဖြင့် မမြင်နိုင်သော တန်ဖိုးမဖြတ်နိုင်သည့် ဘုရားသခင်၏ ကွယ်ကာစောင့်ရှောက်မှု ပုံဆောင်သည်။ လူတို့၏အနီးဝန်းကျင်တွင် အစဉ်စောင့်ရှောက်ခြင်းမျိုးဖြစ်သည်။ ဣသရေလတို့၏ သွေးစွန်းသောလက်နှင့် မေရှိယသခင်အား ဆက်စပ်ပေးသော သံတမန်ဖြစ်သည်။ ဒုစရိုက်ဖြေရာယဇ်ပုံဆောင်သော်လည်း ထို့ထက်မကတန်ဖိုးရှိသည်။
ဓမ္မသစ်ကျမ်းတွင် ဆေးကြောသန့်စင်ရာ၌ တစ်ခါတရံရေဟုဆို၍ တစ်ခါတလေစီးသောရေ (ဝတ်၁၅:၁၃)ဟုဆိုသည်။ အနာနှင့် ဓာတ်စာကိုက်ညီအောင် သုံးစွဲခြင်းဖြစ်သည်။
၁၉:၂၀–၂၂ စင်ကြယ်စေသောရေကို မသုံးသောသူသည် မစင်ကြယ်သဖြင့် ဝိုင်းကြည်ပထုတ်ခြင်း ခံရသည်။ ထိုမစင်ကြယ်သူ စင်ကြယ်စေသော ရေလိုက်ဖြန်းသူသည်လည်း ထိုနေ့ ညနေခင်းထိ မစင်ကြယ်။ ထိုမစင်ကြယ်သောအရာ ထိတွေ့သူများ သည်လည်း ညနေခင်းထိမစင်ကြယ်ကြ။