ထွက်မြောက်ရာကျမ်း ၅
၄။ မောရှေနှင့်ဖာရောဘုရင်ထိပ်တိုက်ရင်ဆိုင်ခြင်း (၅:၁–၇:၁၃)
(က) ပထမအကြိမ်တွေ့ဆုံခြင်း (၅:၁–၇:၆)
၅:၁ ဖာရောမင်းထံသို့ ဝင်ရောက်ခစားလျှင် လူကြီးများခေါ်ဆောင်သွားဖို့ မောရှေအား (၃:၁၈)တွင် မှာထားသည်။ အာရုန်ကိုလည်း မောရှေ၏ ပြောရေးဆိုခွင့်ရှိသူ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသူ ကိုယ်စားလှယ်တော်အဖြစ် ခန့်အပ်ပေးသည် (၄:၁၄-၁၆)။ ထို့ကြောင့် အာရုန်သည် မောရှေနှင့်အတူ ဖာရောမင်း ရှေ့သို့ဝင်ရောက်ခစားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း ဣသရေလလူများအား စေလွှတ်ဖို့ အခွင့်အရေး တောင်းဆိုကြသည်။
၅:၂-၁၄ မောရှေနှင့်အာရုန်က သူတို့လူများအား ဘုရားဖူး (၃)ရက်လွှတ်ပေးရန် တောင်းဆိုကြသောအခါ ဖာရောဘုရင်က အရေးမပါ။ အရာမရောက်၊ အလုပ်ပျက်သည်ဟု ငြင်းပယ်လိုက်သည်။ ထို့အပြင် နဂိုဖုတ်နေကြသော အရေအတွက်အတိုင်း အုတ်ဖုတ်စေပြီး၊ လောင်စာကောက်ရိုးများကိုမူ အဆင်သင့် မစီစဉ် ပေးထားတော့ပါ။ မိမိအစီအစဉ်ဖြင့် ရှာဖွေခိုင်းသည်။ ဖာရောမင်း၏ ဣသရေလလူများအပေါ် ရက်စက်မှုသည် ဒုတိယ ကမ္ဘာစစ်ကာလ နာဇီပါတီတို့၏ ကြမ်းကြုတ်မှုနှင့် နင်လားငါလားဖြစ်နေသည်။ အဲဂုတ္တုတစ်ပြည်လုံးသို့ ကောက်ရိုးမြက်ခြောက် လိုက်ရှာကြရသည်။ ဟေဗြဲတို့၏ ပင်ပန်းဆင်းရဲမှုသည် လူသားအချင်းချင်း ခေါင်းပုံဖြတ် ဖိနှိပ်ချုပ်ချယ်မှုသည် လူသားအချင်းချင်း ခေါင်းပုံဖြတ် ဖိနှိပ်ချုပ်ချယ်ခြင်း၏ စံနမူနာဖြစ်သည်။ Cole က မြက်ခြောက် လိုက်ရှာကြခြင်းသည် ဘဝကြမ်းတမ်းမှုနှင့် နိမ့်ကျမှုကို သရုပ်ဖော်ခြင်းဖြစ်သည်၇ ဟု မှတ်ချက်ပြုသည်။
၅:၁၅–၂၃ ဣသရေလများသည် အုတ်ဖုတ်ဖို့ထက် ကောက်ရိုးရှာဖွေဖို့ အချိန်ပိုကုန်သည်။ သို့သော် ဖာရောမင်းက အုတ်အရေအတွက် မလျှော့ပေးသဖြင့် ဣသရေလများက အစောင့်အကြပ်များအား ရန်ုလုပ်ကြသည်။ အစောင့်အကြပ်များက ဖာရောမင်းထံ အခွင့်အရေးတောင်းဆိုကြသော်လည်း ဖာရောမင်းက အလျှော့မပေး။ သို့ပြင် မောရှေနှင့်အာရုန်အား အပြစ်တင်ကြသည်။ သင်တို့ကြောင့် ပိုမိုညှဉ်းဆဲခြင်းခံရသည်ဟု ရန်စကားပြောကြသည်။