ဒေသနာကျမ်း ၃
(ဂ) ရှင်ခြင်း၊ သေခြင်းဘဝသံသရာသည် အချည်းနှီး(အခန်း၃)
၃:၁ လူ့ဘဝနှင့် လူ့စရိုက်သုတေသန ပြုသောဓမ္မဆရာက လောကအရာ အဖြစ်အပျက်များသည် အချိန်းအချက်အချိန်အခါ သူ့အကြောင်းနှင့်သူရှိသည်ဟု မြင်သည်။ ဆိုလိုသည်မှာ အရာခပ်သိမ်းသည် ဘုရားသခင်၏ အကြံအစည်တော်အတိုင်း ဖြစ်ပျက်ကြသည်။ စပိန်ဆိုးရိုးစကား “Que Sera” ဆိုသည့်အတိုင်း တစ်ခုခုဖြစ်မည်။ ထို့နောက်တစ်ခုဆက်ဖြစ်မည်။ တနည်းအားဖြင့် သံသရာချားရဟတ် တစ်ပတ်ပြီးတစ်ပတ် လည်နေသည်။ ထို့ကြောင့်လူ့ဘဝသည် မြဲခြင်းမရှိ။ ပြောင်းလဲနေသော နိယာမရှိသည်။ ပြက္ခဒိန်နေ့ရက်အချိန်နာရီ ကံကြမ္မာ၏ စေစားရာအတိုင်း ကျွန်ခံနေရသည်။
အပိုဒ်ငယ်၁-၈တွင် ဓမ္မဆရာများက လူ့ဘဝကြမ္မာ ရဟတ်လည်ပုံကို (၂၈)မျိုးဖြင့် ရှင်းပြထားသည်။ ထိုကိန်းဂဏန်းသည် ကမ္ဘာကိန်းဂဏန်း သင်္ကေတဖြစ်သော”၄” ဂဏန်း၏ “၇”ဆဖြစ်၍ ပြည့်စုံသောကိန်းဂဏန်းဟု အဓိပ္ပါယ်ရသည်။
အကောင်းနှင့် မကောင်းတစ်ဘက်စီမှာ (၁၄)ချက်စီ ရေးထားသည်။ အချက်များကို အပြန်အလှန်ချေပစ်ခြင်းဖြင့် အဖြေသုည ထွက်လာသည်။
၃:၂ မွေးဖွားရသောအချိန် ရှိသည်။ လူသည် မိမိမွေးနေ့ရက်ကို အစိုးမရနိုင်ပါ။ သာမန်အားဖြင့် မိဘများက (၉)လတိုင်တိုင် စောင့်မျှော်ရသည်။
သေရသော အချိန်လည်း ရှိသည်။ ယနေ့ခေတ်လူများ သက်တမ်းသည် ပျမ်းမျှ(၇၀)နှစ် ဖြစ်သည်။ ဆာ ၉၀:၁၀အရ ထိုအရွယ် ကာလသည် သေသင့်သောအချိန် ဖြစ်သည်။
လူ့လောကတွင် လူသားများအသက်ရှင်ရမည်ကို ဘုရားသခင်က စီရင်ထားသည်။ သို့သော် ယုံကြည်သူ ခရစ်ယာန်များအတွက် လူ့ဘဝသည် ရောဂါဝေဒနာ ခံစားဖို့၊ ကံကြမ္မာဆိုး ဝိဘတ်ငင်ဖို့ မဟုတ်။ မိမိအမှု မပြီးမချင်း သေနေ့မစေ့ဟု ခံယူသိရှိကြသည်။ ခရစ်ယာန် များ၏ လူ့ဘဝမျှော်လင့်ချက်သည် သေခြင်းမဟုတ်။ သခင်ခရစ်တော်ကယ်တင်ခြင်း ဖြစ်သည်။ ဓမ္မဆရာ Peter Pell က” အောက်အရပ်၌ ကျင်လည်ဖို့ လူဖြစ်ရသည်မဟုတ်။ အထက်အရပ်ကို မျှော်လင့်ချက်ထားဖို့ လူဖြစ်ပါသည်ဟု ဆိုဘူးသည်။”
စိုက်ပျိုးရသည့်အချိန် ရှိသကဲ့သို့ ပြန်လည်ရိတ်သိမ်းရသည် အချိန်လည်း ရှိသည်။ လူအများထင်သာ မြင်သာ ရှိအောင် လူသားများကမ္ဘာဦးမှစ၍ ရင်းနှီးကျွမ်းဝင်သော စိုက်ပျိုးရေးလုပ်ငန်းဖြင့် ရှင်းပြထားသည်။ (က၈:၂၂)။
၃:၃ သတ်ရသောအချိန်နှင့် အနာပျောက်စေရသော အချိန်လည်း ရှိ၏။ ဤကျမ်းပိုဒ်တွင် ပါရှိသောသတ်ရသောအချိန်တွင် သူတပါးအသက်သတ်ခြင်းမဟုတ်၊ စစ်မက်ရေးရာအချိန် ဖြစ်သည်ဟု ကျမ်းစာပညာရှင်များက ဆိုကြသည့် အကြီးအကျယ် ပျက်စီးခြင်း သို့မဟုတ် မိမိကိုယ်ကို မကာကွယ်နိုင်ခြင်းလည်း ဖြစ်သည်။ သို့သော် သတိထားရမည့်အချက်မှာ ရှောလမုန်၏ အတွေးအမြင် ဒဿနသည် နေရောင်ခြည်အောက်တွင်သာ အခြေခံသည်။ ဘုရားတရားနှင့် မဆိုင်။ သွေးသံရဲရဲနှင့် သေခြင်းလား၊ ဆေးရုံရောက်ခြင်းလား၊ စစ်မြေပြင်တိုက်ပွဲလား၊ သို့မဟုတ် ရှေးဦးစွာ ကုသဖို့ လိုအပ်သည့်နေရာမျိုးလား ဟု ဆိုလိုသည်။
ဖြိုဖျက်ရသောအချိန်နှင့် တည်ဆောက်ရသောအချိန်လည်း ရှိသည်။ ယိုယွင်းပျက်နေသော အဆောက်အဦး၊ လူနေဖို့စိတ်မချရ သောနေအိမ်တိုက်တာ၊ ဟောင်းနွှမ်းဆွေးမြေ့သော အဆောက်အဦး များကို ဦးစွာဖျက်ဆီးဖယ်ရှားရသည်။ ထို့နောက်ခေတ်မီ အဆောက်အဦးများ ပြန်လည်တည်ဆောက် ရသည်။
၃:၄ ငိုရသောအချိန်နှင့် ရယ်ရသော အချိန်လည်းရှိ၏။ လူ့ဘဝသည် ဆင်းရဲကြပ်တည်းသော အချိန်နှင့် ရယ်မောရသောကာလ အကြားတွင် ရှိသည်။ အမှောင်အမဲ မျက်နှာဖုံးဝတ်ဆင်၍ မျက်နှာကို ထုံးဖြူသုတ်ထားသော ဘဝမျိုး ဖြစ်သည်။
ညည်းတွားရသောအချိန်နှင့် ကခုန်ရသောအချိန်လည်း ရှိ၏။ သေကွဲကွဲသူများသည် ညည်းတွား၍ အံကြိတ်ငိုကြွေးကြသည်။ ထိုမတိုင်မီ မင်္ဂလာဆောင်စဉ်အခါက ချစ်လို့ မဆုံးတပြုံးပြုံး ကခုန်ပျော် မွေ့ခဲ့ကြသည်။ ယခုမူ ထိုပျော်ရွှင်ခြင်းကို ဝမ်းနည်းငိုကြွေးခြင်းက တလှည့်အချိန် ယူလိုက်သည်။
၃:၅ ပြန့်ကြဲရသောအချိန် ရှိသကဲ့သို့ စုသိမ်းရသော အချိန်လည်း ရှိ၏။ ဤကျမ်းပိုဒ်သည် လယ်ယာထွန်ယက် သန့်ရှင်းပြုလုပ်ခြင်း ကိုဆိုလိုသည် (ဟေရှာ၅:၂)။ စုသိမ်းခြင်းဆိုသည်မှာ တိုက်တာ နေအိမ်ဆောက်လုပ်ရန် ကျောက်တုံး၊ ကျောက်ခဲများ စုဆောင်းခြင်း ဖြစ်သည်။ သို့သော် ခေတ်သစ်ကျမ်းဆရာများကမူ မင်္ဂလာဆောင်ခြင်းနှင့် ဥပမာပေးကြသည်။ TEVကျမ်းမူက “မင်္ဂလာဆောင်သော အချိန် ရှိသကဲ့သို့ ခြောက်ကပ်နေသောဘဝနေ့ရက်တာလည်း ရှိ၏” ဟု ပြန်ဆိုထားသည်။
ဖက်နမ်းရသောအချိန် ရှိသကဲ့သို့ ခွဲခွာရသောအချိန်လည်း ရှိ၏။ တစ်နည်းအားဖြင့် ချဉ်းကပ်ရသော အချိန်သည် ဖက်နမ်းရသော အချိန်ဖြစ်၍ မချစ်နိုင်သောကာလသည် ကွေကွင်းခြင်းကာလ ဖြစ်သည်။
၃:၆ ဆည်းဖူးရသောအချိန်နှင့် ဥစ္စာပျောက်ရသောအချိန်လည်း ရှိ၏။ ဤစကားသည် စီးပွားရေးလုပ်ငန်းတွင် ထင်သာမြင်သာတွေ့မြင်သာ တွေ့မြင်နိုင်သည်။ ပထမစီးပွားရေး အဆင်ပြေနိုင်ချိန်တွင် ဒီရေအလား အဆမတန် တိုးပွားသည်။ စီးပွားရေးကပ်ကျသောအခါ ဗြုန်းကနဲ ပြုတ်ကျပြီး၊ ဒေဝါလီခံကြသည်။
သိုထားရသောအချိန်နှင့် ပစ်လိုက်သောအချိန်လည်း ရှိ၏။ အထူးသဖြင့် အိမ်ရှင်မများ သိရှိသည်။ အဝတ်အစား အသုံးအဆောင်ပစ္စည်းများ အနှစ်နှစ်အလလ စုဆောင်းသိမ်းဆည်းကြသည်။ ကာလကြာညောင်း၍ ဟောင်းနွှမ်းသွားသောအခါ ဖြစ်စေဆင်းရဲသားများ သို့ပေးကမ်းစွန့်ကြဲကြသည်။ မိဘမဲ့ကလေးများသို့ လှူဒါန်းကြသည်။ သို့မဟုတ် အမှိုက်ပုံသို့ လွှင့်ပစ်ကြသည်။
၃:၇ အဝတ်ကို ဆုတ်ရသောအချိန်နှင့် ချုပ်ရသောအချိန်လည်း ရှိ၏။ ရှောလမုန်မင်းလည်း အဝတ်အစားချုပ်ဆိုင် ရောက်ဘူးသလားဟု ထင်ရသည်။ အချို့အဝတ်အစားပုံစံ တီထွင် ချုပ်လုပ်သူများ သည် တစ်မျိုးပြီး တစ်မျိုး ထွင်ကြသည်။ ကမ္ဘာအရပ်ရပ် အနှံ့အပြားရှိ လူမျိုးများ၏ အဝတ်အစားဆင်ယင်ပုံကို အတုယူကြသည်။ အမျိုးသမီးများ ဆိုလျှင် အောက်စကိုရှည်လိုက် တိုလိုက်အမျိုးမျိုး ချုပ်ဝတ်ကြသည်။ ထိုသို့အသစ်အဆန်းထွင်ခြင်းဖြင့် ရှေးအဘွားများ ခေတ်က ဝတ်စားဆင်ယင်ပုံကိုလည်း အသစ်အဆန်းအဖြစ် ပြန်လည် ဝတ်ဆင်လာသည်လည်း ရှိသည်။
တိတ်ဆိတ်စွာနေရသော အချိန်နှင့် စကားပြောရသောအချိန် လည်းရှိ၏။ တိတ်ဆိတ်စွာ နေအပ်သောအချိန်မှာ မတရားသဖြင့် ဝေဖန်ခြင်း၊ အချင်းချင်းအတင်းအဖျင်း ပြောခြင်း၊ မမှန်သောစကား၊ ညစ်ညမ်းသောစကားဝိုင်းများ ဖြစ်သည်။ မောရှေက သူ့နှုတ်သည် ကတိတော်မြေ ပြုသောအင်္ဂါရပ် ဖြစ်သောကြောင့် မတရားမှုကို အကြံဉာဏ် မပေးဟု ဆိုသည် (တော ၂၀:၁၀၊ ဆာ၁၀၆:၃၃)။
စကားပြောရသောအချိန် ဆိုသည်မှာ ကြီးမြတ်သော စကားသို့ ပြောရမည့်အကြောင်း လုံလောက်သည့်အချိန်မျိုး ဖြစ်သည်။ မော်ဒကဲက ဧသတာအား သူ့လူများအတွက် စကားပြောပေးရန် အချိန်သင့်စေသည် (ဧသ ၄:၁၃-၁၄) ။ “မရဏာပြည်တွင် အပူဆုံးသောနေရာသည် စိတ်နှလုံး ယိုယွင်းပျက်စီးသူများအတွက် ဖြစ်သည်”ဟု ဆက်ပြောထားသည်။
၃:၈ ချစ်ရသောအချိန်နှင့် မုန်းရသောအချိန်လည်း ရှိ၏။ ဤကျမ်းပိုဒ်၏ အနှစ်သာရကို ခရစ်ယာန်၏ အသက်တာထဲသို့ အတင်းအဓမ္မဆွဲမထည့်လိုပါ။ ရှောလမုန်သည် ခရစ်ယာန်ယုံကြည်သူ ရှုထောင့်ဖြင့်ဆိုခြင်းမဟုတ်။ သာမန်လောကလူသားအမြင်ဖြင့် ပြောခြင်းဖြစ်သည်။ လူသည် ချစ်လိုက်ကြိုက်လိုက် ညားလိုက်နှင့် မုန်းလိုက်ကွာလိုက်သည့်အချိန်ရှိသည်ဟုဆို လိုသည်။
စစ်တိုက်ရသောအချိန်နှင့် စစ်ငြိမ်းရသောအချိန်လည်း ရှိသည်။ ထိုစကားသည် ရက်စက်ကြမ်းကြုတ်စွာ လမ်းလယ်ခေါင်၌ လူမိုက်နည်းဖြင့် သေနတ်ချင်းအဆင်အခြင်မဲ့ ဖြေရှင်းနည်းကို ဆိုလိုသည်မဟုတ်။ စိတ်အခန့်မသင့်၍ ရန်ဖြစ်ပြီး၊ ခဏအကြာ၌ ပြန်လည် ငြိမ်းချမ်းခြင်းကို ဆိုလိုသည်။
၃:၉ ဤကျမ်းချက်တွင်မူ ရှောလမုန်က၊မေးခွန်းထုတ်သည်။ လူသည်ကြိုးစားအားထုတ်၍ လုပ်ကိုင်ခြင်းဖြင့် မည်သို့ အကျိုးကျေးဇူးခံစားသနည်း ဟုဆိုသည်။ ဆောက်လုပ်ပြီးလျှင် ပျက်စီးခြင်းတရား လိုက်လာစမြဲ ဖြစ်သည်။ အပေါင်းလက္ခဏာ တိုင်းတွင် အနှုတ်လက္ခဏာ ပါရှိသည်။ အကောင်းအမြင်၁၄ ခု ရှိ သကဲ့သို့ မကောင်းသည့်အချက်၁၄ ခု ရှိနေသည်။ သို့ကြောင့် သင်္ချာနည်း တစ်ဆယ့်လေးကို တစ်ဆယ့်လေးဖြင့် နှုတ်လျှင် အဖြေ သုည သာရသည်။ လူ့ဘဝသည် ဖိုးသုညဖြစ်သည်။
၃:၁၀ ရှောလမုန်သည် ထိုခေတ်အခါက လူများ၏ ဘဝ ရုန်းကန်လှုပ်ရှားမှုကို ဆင်ခြင်မိပါလိမ့်မည်။ ဆင်းရဲပင်ပန်းခြင်းသာ အဖတ်တင်သည်ဟု သတ္တုချမိပေမည်။ ထိုအကြောင့် ကိုရှင်းပြထားမိပေမည်။
၃:၁၁ သို့သော် ဘုရားသခင်က အရာခပ်သိမ်းကို သူ့အချိန် သူ့နေရာနှင့်သူ လှပအောင် ဘုရားရှင်ဖန်တီးထားပါသည်ဟု ကောက်ချက်ချသည်။ အရာရာတိုင်းသည် သူ့အချိန်ခါနှင့်သူ ၊ သူ့ အကြောင်းနှင့်သူလှုပ်ရှား လည်ပတ်နေကြသည်။ ဘုရားသခင်၏လှပသောလက်ရာတော်များ အကြောင်းကို ဋိကာချဲ့၍ အတွေ: မပြောပါ။ ဖန်ဆင်းသောအရာများ သူ့အချိန်အခါ၊ သူ့နေရာဒေသနှင့် သူ လှပကျက်သရေရှိကြောင်းကိုသာ ပြောသည်။
လူ့စိတ်နှလုံးကိုလည်း အနန္တကာလ၌ စွဲလန်းစေတော်မူပြီ။ လူသည် ကမ္ဘာပေါ်၌ အသက်ရှင်သော သတ္တဝါအဖြစ် ရောက် ရှိသော်လည်း ထာဝရကာလနှင့်သက်ဆိုင်သည်။ ထာဝရကာလ အကြောင်း နှင့်ဆက်စပ်သည်။ မည်ကဲ့သို့ဆက်စပ်သည်ကို အသေ အချာမရှင်းပြသော်လည်း လူ့အမြင်ကွယ်ရာမှာ ဘဝရှိပေးသည်ဟု ယူဆသည်။
လူသားများဆင်ခြင်လေ့လာ၍မမှီနိုင်သောဘုရားသခင်၏ အကြံအစည်တော်ရှိသည်။ ဖန်ဆင်းခြင်း၊ လူသားများ စားဝတ် နေနိုင်အောင် ကျွေးမွေ:ထောက်ပံ့ခြင်း၊ စကြဝဠာအကြောင်းနှင့် ရှင်ပြန်ထမြောက်ခြင်းများသည် လူ့အတွေးအမြင်မမှီနိုင်ပါ။ လူ့အသိဉာဏ်သည် မည်မျှပင် တိုးတက်စေကာမူ ဘုရားသခင်၏ ဉာဏ်တော်နှင့်ယှဉ်လျှင် အမှောင်ထဲက မှန်တချပ်မျှသာဖြစ်သည်။ လူ့အသိဉာဏ်ဖြင့် ဘုရားသခင်သိကျွမ်းခြင်းသည်ပင်လျှင် အလွန် သေးငယ်သောအမှုမျှသာဖြစ်သည်။
၃:၁၂ လူ့ဘဝသည် အစိုးမရနိုင်သော သဘာ၀တရားကစီမံထားသည်။ အဘယ်ကြောင့်ဆိုသော် ပြုမူလုပ်ဆောင်သမျှသည် မူအစနေရာသို့ ပြန်၍ ရောက်သွားသည်။ သို့ကြောင်လူ့ဘဝတွင် အကောင်းဆုံးအသက်ရှင်ခြင်းမှာ ပျော်ပျော်နေရမည်။ စိတ်ပျော်ရွှင်စွာ ဖြင့်လူ့ဘဝကို ကုန်လွန်စေရမည်ဟု ရှောလမုန်မြင်သည်။
၃:၁၃ သို့သော် မူးရစ်သောက်စား အပျော်ကြူး၍ ထင်ရာမြင်ရာလုပ်ဖို့ မဟုတ်။ ဘုရားသခင်က လူများအား စားနိုင်သောက်နိုင်နေနိုင်အောင် နေ့စဉ်အလုပ်ပေးထားသည်။ ထိုသို့လူသားဆန်ဆန် ဘဝကျော်ခြင်းသည် ဘုရားပေးလက်ဆောင်ဟုယူဆကြသည်။ ထိုသဘောထားအမြင်သည် ခရစ်ယာန်အသက်တာအတွေးအမြင် အပြည့်အစုံမဟုတ်။ ရှောလမုန်က ပုထုဇဉ်လူသားအမြင်ဖြင့် ရှုမြင်ခြင်းဖြစ်သည်။
၃:၁၄ ဘုရားသခင်ပြုတော်မူသမျှသည် ပြုပြင်ပြောင်းလဲစ ရာမရှိ။ အမြဲတည်မြဲသည်။ လူက ထပ်တိုးခြင်း၊ ယုတ်လျှော့ခြင်းမ ပြုနိုင်ပါ။ ဖန်ဆင်းရှင် ဘုရားသခင်ကို အံတုခြင်း၊ ဆန့်ကျင်ခြင်း များသည် မိုက်ကမ်းခြင်းဖြစ်သည်။ ထိုထက်စာလျှင် ဘုရားသခင်၏ ထိန်းကျောင်းမှုကို ဝန်ခံ၍ အစဉ်လေးစားနာခံသင့် သည်။
၃:၁၅ မျက်မှောက်ပစ္စုပ္ပန်ကာလတွင် ဖြစ်ပျက်သော အကြောင်းအရာများသည် အတိတ်ကဖြစ်ပျက် ခဲ့သောအရာများ သာဖြစ်သည်။ ဖြစ်ပျက်ခဲ့ပြီးသော အရာနှင့် ကင်းလွတ်ခြင်းမရှိ။ ဘုရားသခင်သည် အရာခပ်သိမ်းကို အစမူလက ဖန်ဆင်းပြီးထား ဖြစ်သောကြောင့် ထိုအတိုင်းသာဖြစ်နေရသည်။ ဘုရာ:ရှင်သည် ကုန်လွန်သော အတိတ်ကို ပြန်ယူနိုင်သကဲ့သို့ နောက်တကျော့ လည်းထပ်မံဖြစ်စေ နိုင်သည်။ “လွန်ပြီးသောအရာတို့ကိုလည်း ဘုရားသခင်ထံ တောင်းပြန်တော်မူ၏” ဟူသော ကျမ်းချက်ကို ထောက်၍ မယုံကြည်သူများက အတိတ်ကအပြစ်ဒုစရိုက်များကို ဘုရားသခင်က တေးမှတ်ထားသည်ဟုဆိုသည်။ ထိုအတိုင်းသာ ဆိုလျှင် ဤကျမ်းပိုဒ်မှာ ခက်ခဲနက်နဲပေမည်။ ဘုရားသခင်သည် ကြမ္မာ ရဟတ်တပတ်လည်ခြင်းသာမက ဖြစ်ခဲ့သော အရာများကို လည်းသိမြင်သည်ဟုဆိုလိုသည်။ R.C.Sproul က “ကာလအပိုင်း အခြားအတိုင်း အဆမရှိသိမြင်ခြင်း ၊ လူ့ဘဝဇာတစ်ခုံပေါ်တွင် တခန်းပြီး တခန်းအသုံးတော်ခံခြင်းကို ဆိုလိုသည်၂၃ “ဟုဆိုသည်။
၃:၁၆ လူ့အရေးအရာပြဿနာပေါင်းသောင်းခြောက်ထောင်ထဲမှ မတရား မှုနှင့် အဓမ္မတို့ကို ဒေသနာဆရာက ဆင်ခြင်သည်။ ဖြောင့်မတ် မှန် ကန်ခြင်းဟူသော နိုင်ငံတော်နှင့်တရားရုံး မင်းများထဲတွင်လည်း မရိုးသားမှု၊ မစင်ကြယ်မှုများ မကင်းစင်ဟု မြင်သည်။ ဖြောင့်မတ် စင်ကြယ်သည့်အရာထဲတွင်လည်း ကာလအပိုင်းအခြားဖြင့်သာ မှန်ကန်မှုများရှိနိုင်သည်။
၃:၁၇ ဤတရားမျှတမှု ကင်းမဲ့သော လူ့ဘောင်လောကတွင် ဘုရားသခင်က တရားမျှတစွာ တရားစီရင်ပြမည့်အချိန် ရောက်ရှိ လာမည် ဟု ယုံကြည်ကြသည်။ မှားယွင်းနေသော လောကသား များအမှန်တရားသိမြင်စေသည်။ ထိုသို့ အမှန်တရားပြမည့်သည် နောက်ဘဝ၌ ဖြစ်သည်ဟုမဆို။ မမျှော်လင့်သောအချိန် ၊ မတရားမှုများ ထူပြွမ်းသော အချိန်တွင် ဖြစ်ပေါ်လာမည်။ ထိုစကားသည် ဖြောင့်မတ်စင်ကြယ်သူများ စိတ်အားငယ်ခြင်းမရှိ၊ အစဉ်စွဲမှတ်ရမည့် တရားစကားဖြစ်သည်။ သင့်တင့် လျှောက်ပတ် ခြင်း၊ တရားမျှတခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်းသည် ဖြောင့်မတ်သူ များအလယ်တွင် အမှန်တကယ်လိုအပ်ပါသည်။
၃:၁၈ အခန်း(၃) နိဂိုးပိုင်းတွင် ဒေသနာတရား၊ မရဏာသေ ခြင်းအကြောင်း ပြောထားသည်။ သမ္မာကျမ်းစာအလင်းမရှိသူများ အတွက် စိုးရိမ်ကြောက်လန့်ဖွယ်ရာဖြစ်သည်။ လူသားများအလို အပ်ဆုံးသောရည်ရွယ်ချက်မှာ ပျော်ရွှင်ခြင်း၊ အဆင်ပြေခြင်း၊ စိတ်ချမ်းမြေ့ခြင်း ဖြစ်သည်။
“ငါအောက်မေ့သည်ကား” ဟူ သော စကားကို သတိထား ပါ။ ထိုစကားအားဖြင့် ယခုဖော်ပြသော အကြောင်းအရာများ သည်ဘုရားသခင်က ဖွင့်ပြခြင်းမဟုတ်။ ဒေသနာဆရာ၏ အတွေး အမြင်ဖြစ်ကြောင်း ရှင်းပြသည်။ နေရောင်ခြည်အောက်မှာရှုမြင် ဆင်ခြင်ခြင်းဖြစ်သည်။ သို့ကြောင့် သေခြင်းအကြောင်းသော်၎င်း၊ သေပြီ:နောက် အခြားဘဝအကြောင်းကို၎င်း အထူးသလည်း တွေးမှတ်ခံယူစရာမဟုတ်။ သို့သော်လည်း အချို့ဘာသာရေးနှင့် ဂိုဏ်းဂနများက သေပြီးနောက် အခြားဘဝ အကြောင်းကို ဦ:စားပေးကြသည်။ ဝိညာဉ်အိပ်ပျော်သူများနှင့် သေလွန်သော မတရား သူများကိုလည်း ဤကျမ်းချက်ဖြင့် နှစ်သိမ့် အားပေး တတ်ကြသည်။ အသေချာရှုမြင်ဆင်ခြင်လျှင် ရှောလမုန် ၏ အတွေ:ဒဿနသည် ထိုသို့မဟုတ်။
ဘုရားသခင်က တိုတောင်းလှသော လူ့ဘဝ အသက် တာကို အဟိတ်တိရစ္ဆာန်နှင့်ထူးမခြားနားဟု သာမန် အား ဖြင့်မြင်သည်။ တိရစ္ဆာန်များထက် ထူး ခြင်းလိမ္မာမှုရှိ မရှိကိုလည်း စမ်းစစ်သည်။ သို့သော် တိရစ္ဆာန်ထက် မသာဟုဆိုလိုခြင်းမဟုတ်။
၃:၁၉ လူသည် တိရိစ္ဆာန် နှင့် ထူးမခြားနားအတူတူ ဖြစ် သည်ဟု မဆိုလိုပါ။ တိရိစ္ဆာန်ပေါ်တွင် အနိုင်ကျင့်စရာမရှိဟု ဆို လိုသည်။ တိရိစ္ဆာန်သေတတ်သကဲ့သို့ လူသည်လည်း သေမျိုး ဖြစ်သည်။ သတ္တဝါတိုင်းတွင် အသက်ရှိကြသည်။ သို့ကြောင့် လူ့ဘဝသည် ဖန်ဆင်းသတ္တဝါဖြစ်သည်နှင့်အညီ အခွံဖြစ် သည်။ တိရိစ္ဆာန်များနှင့် တသဘောတည်းရှိသည်။
၃:၁၀ အလုံးစုံတို့သည် သင်္ချိုင်းကုန်းတွင် အဆုံးခရီး ရောက်ကြသည်။ ဖုံမှုန့်ဘဝသို့ အတူတူ ရောက်ရှိကြသည်။ ထို နေရာမှ ဘဝဖြစ်လာကြ၍ ဤနေရာသို့ တဖန် ဘဝ ဆုံးကြ သည်။ထိုနေရာတွင် လူ့ဘဝခရီးဆုံးသည်။ သို့သော် ခရစ်ယာန် ယုံကြည်ခြင်းသည် ထိုကဲ့သို့ မဟုတ်။ လူခန္တာကိုယ်သည် လူ့ ဝိညာဉ်ခိုအောင်းရာ ယာယီတဲဖြစ်သည်။ ရှောလမုန်၏ စကား သည်လူ့ဘဝ တစ်ခုကို ဖော်ညွန်းနိုင်ခြင်းမရှိ။ မျက်မြင်ဘဝနှင့် သာသက်ဆိုင်သည် ။
၃:၂၁ လူ့ဘဝသေဆုံးရာတွင် ဝိညာဉ်နှင့်ပတ်သက်၍ ရှောလမုန်အကုန်အစင်မသိနားမလည်သော အချက်တွေ့ရ သည်။“အထက်သို့ တက်တက်သော လူသားများ၏ ဝိညာဉ် ကို ၎င်း၊ အဘယ်သူ ဝိုင်းခြားသိနိုင်သနည်း” ဟုမေးခွန်းထုတ်ထားသည်။ ဤစကားသည် ခရစ်ယာန်အယူဝါဒမဟုတ်။ လူ့အတွေ့ ဉာဏ်ဖြင့် မေးခွန်းဖြစ်ကြောင့်သေချာသည်။
ယုံကြည်သူသေလျှင် သူ၏ စိတ်ဝိညာဉ်သည် ခရစ်တော် ထံသို့ ရောက်ရှိသွားသည်ဟု ဓမ္မသစ်ကျမ်းက သွန်သင်ပါသည်။ (၂ကော ၅:၈) ၊ဖိ ၁:၂၃)။ သူ့ခန္တာကိုယ်သည် မြေကြီ:ထဲသို့ သွား သည် (တ ၈:၂) ဟုဆိုသည်။ မယုံကြည်သူ၏ စိတ်ဝိညာဉ်သည် မရဏာနိုင်ငံသို့ ရောက်သွားသည် (လု ၁၆:၂၂-၂၃) ။ ခရစ်တော် ဘုရားမိုးကောင်းကင်တွင် ပေါ်လာသောအခါ ယုံကြည်သူများ ၏ ရုပ်ကလပ်သည် ပြန်လည်ထမြောက်လာပြီး ခရစ်တော်ထံရှိ စိတ်ဝိညာဉ်နှင့်ပြန်လည်ပူးပေါင်းကြမည်( ဖိ ၃:၂၀-၂၁၊ ၁သက် ၄:၁၆-၁၇) ၊ မယုံကြည်သူများ၏ ရုပ်ခန္တာကိုယ်သည် ဘေး ဒဏ်ကြီးကာလပြီးဆုံးသည်အခါ ပလ္လင်ဖြူ၌ အပြစ်တရားစီရင် ခြင်းခံဖို့ ပြန်လည်ထမြောက်လာကြမည်။ ထိုနေရာတွင် စိတ်ဝိညာဉ်နှင့် ပြန်လည်ပူးပေါင်းပြီးနောက်ငရဲမီးအိုင်ထဲသို့ ပစ် ချခြင်းခံရမည်။ (ဗျာ ၂၀:၁၂-၁၄)။
တိရစ္ဆာန်တွင် ခန္တာကိုယ်နှင့် စိတ်ရှိကြသော်လည်း ဝိညာဉ်မရှိကြပါ။၂၄ တိရိစ္ဆာန်များသေပြီးသည့် ဘဝအကြောင်း ကျမ်းစာသွန်သင်ချက်မရှိပါ။
၃:၂၂ သေခြင်းတရားသိရှိကြပြီးသော်လည်း လူ့ဘဝတွင် မိမိ လုပ်ဆောင်ချက်၌ ပျော်မွေ့ခြင်းသည် အကောင်းဆုံးဟု ရှောလမုန်ခံယူသည်။ သို့ကြောင့် လူ့ဘဝတွင် ကြုံတွေ့သော အမူအရာများကိုသာ အားရကျေနပ်စွာလုပ်ဆောင်ဖို့လိုသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူသေပြီးနောက် ကျန်ရစ် ခဲ့သော လောကကြီးနှင့် သူကျန်ရစ်ခဲ့သည့်အရာများအကြောင်း မည်သူမှ မသိရှိနိုင်ကြ။