ဒေသနာကျမ်း ၅
(င) ဘာသာရေးနှင့်နိုင်ငံရေးကျော်စောမှုသည် အချည်းနှီး (၅:၁–၉)
လူသည် မိမိအသိဉာဏ်ဖြင့် ဘာသာရေးတရားကိုးကွယ်သူ ဖြစ်သော်လည်း လုံလောက်သောအ ဖြေကောင်းမဟုတ်။ အကောင်းဟုထင် ရသော်လည်း မကောင်းသည့်အချက် မှားယွင်းသည့် ပြဿနာများရှိသည်။ ဘုရားသခင်၏ ကျေးဇူးတော်ဖြင့် အခမဲ့ရရှိသောကယ်တင်ခြင်းကို မသိရှိမရရှိဘဲ၊ ဘာသာရေးတွင် သဝေထိုးပျောက်ကောင်းပျောက်နေ နိုင်သည်။ ထို့ထက် ထပ်ပြောရလျှင် လူအသိဉာဏ်ဖြင့် ကွန့်သော ဘာသာရေးများသည် ဟန်ဆောင်ခြင်းဖြစ်သည်။ ထို့ထက်မပို။ အနှစ်မပါ။ လူမြင်ကောင်းအောင်ပြုလုပ်သည့် အဆံမျှသာဖြစ်သည်။ ဘာသာရေးနှင့် အခြားပတ်ဝန်းကျင်များ တွင်လည်း အများအပြားတွေ့ရသည်။ သို့ကြောင့် ဤအခန်း(၅)တွင် ဖန်ဆင်းရှင်ဘုရားသခင်ကို ဆန့်ကျင်၍ မိရိုးဖလာ၊ အပြင်ပန်းလက္ခဏာများနှင့် ဘာသာရေးအဖွဲအစည်းများ၏ ထုံးနည်းနာများကိုးကွယ်ခြင်း မပြုရန် သတိပေးထားသည်။
၅:၁ ထမဦးဆုံးတွင် ဘုရားသခင်အိမ်တော်သို့ သွားရာ၌ ခြေကိုဆောင့်လော့ဟု သတိပေးထားသည်။ ဤစကားသည် ကျယ်ပြန့်သည်။ အဓိကဆိုလိုသည်မှာ ဘုရားကျောင်းသွားလျှင် နှုတ်ကပတ်တော် နာဖို့ ဖြစ်သည်။ အတင်းအဖျင်း၊ အလာပသလ္လာပနှင့်လူမူ့ရေးပြဿနာများ နားညီးအောင်ပြောဖို့ မဟုတ်။ လူများကို ဝေဖန်ဖို့ မဟုတ်။ လူမိုက်ပြုသော ယဇ်ပူဇော်မှု ဆိုသည်မှာ တရားနာပရိသတ်များ ဝိညာဉ်ခွန်အား မပေးနိုင်သော ကိုးကွယ်ခြင်း ဖြစ်သည်။ ထိုသို့ပြုခြင်းသည် မကောင်းမှု ဒုစရိုက်ဖြစ်ကြောင်း လူခပ်များများသည် မစဉ်းစားမိကြ။
၅:၂ ဘုရားဝတ်ပြုကိုးကွယ်သူများသည် အရေမရ အဖတ်မရ စကားပြောလေဖောသော ဆုတောင်းခြင်း၊ မပိုင်ဆိုင်သော ကတိပေးခြင်း၊ စိတ်နှလုံးမပါသော ကိုးကွယ်ခြင်းမျိုး ရှောင်ရှားရမည်။ ဘုန်းတန် ခိုးကြီးတော်မူသော ဘုရားသခင်သည် နေရာတိုင်းတွင်ရှိသည်။ ပြောသမျှကို အကုန်ကြားသည်။ ကြံစည်သမျှကို သိသည်။ ကောင်းကင်သည် မြေကြီး ထက် မြင့်မားသကဲ့သို့ ဘုရားသခင်၏ အသိဉာဏ်သည် လူ့ထက် အဆ ပေါင်း များစွာမြင့်သည်။ သို့ကြောင့် ဘုရားသခင်၏ ဝတ်ပြုကိုးကွယ် ရာတွင် အပြောအဆိုအပြုအမူ ဆင်ခြင်ပါ။
၅:၃ လူသည် ပလွှားဝင့်ဝါလို စိတ်ဓါတ်အခံရှိသောကြောင့် အတွေး ရိုင်းဝင်းတတ်သည်။ တရားမပါသော အမိုက်အမဲစကား ပြောတတ်သည်။ ထို့ကြောင့်နှင့် ပတ်သက်၍ Alxeander Pope ၏ “ဆုတောင်းစကားများသည် သစ်ရွက်အုပ်ကဲ့သို့ ဖြစ်သည်။ အသီးကို ဖုံးအုပ်သည်။ အမှန်စင်စစ် ဆုတောင်းချက်ကို ထိုဆုတောင်းစကားက ဖုံးအုပ်ထားသည်”ဟု ဆိုသည်။
ဤအပိုဒ်ငယ် (၃)သည် ပြည့်စုံသော ရှင်းပြချက်ဟု မဆိုလိုပါ။ နေ့အချိန် လုပ်ဆောင်ချက်များနှင့် ညဉ့်အိပ်မက်နှစ်ခုအကြား အတွေးမျှင် ဆက်စပ်ပုံကိုတင်ပြခြင်းဖြစ်သည်။ မိမိလုပ်ဆောင်မှုနောက်တွင် အတွေးစိတ်ကူး ပါလာသည့်အကြောင်းဖြစ်သည်။
၅:၄ ဘုရားသခင်ထံတော်၌ ကတိပြုလျှင် ကတိပြုသည့်အတိုင်း ချက်ချင်းဖြည့်ဆည်းပါ။ လေးနက်မှုမရှိ၊ လေမုန်တိုင်းပမာ ပြောတတ်ဆိုတတ်သူများကို ဘုရားသခင်က အသုံးမပြုပါ။ သို့ကြောင့် “သစ္စာကတိပြုသည့်အတိုင်း ဝတ်ကို ဖြည့်လော့ ” ဟု ဆိုထားသည်။
၅:၅ လူများ၏ ကတိကဝတ်လျော့တိလျော့ ရဲ ပြုမူတတ်ကြပုံကို ဒေသနာဆရာက သိမြင်သည်။ သို့ကြောင့် ကတိကဝတ်ကို ဦးစွာ ဖြည့်ဆည်း ဖို့ သတိပေးသည်။ “အို အဘ ဘုရားသခင်၊ ဤ ဆင်းရဲဒုက္ခမှ လွတ်မြောက် စေလျှင် တစ်သက်လုံး ဘုရားသခင်ဆက်ကပ် ကိုးကွယ်ပါမည် “ဟု ကတိပြု ဆုတောင်းတတ်ကြသည်။ သို့သော် ထိုအခက်ခဲပြဿနာလွတ်မြောက်၍ မကြာခင်မှာ ပေးခဲ့သော ကတိကဝတ်များ မေ့လျှော့ကြမည်။
ဝိညာဉ်ရေးရာအမှုတွင်လည်း ထိုကဲ့သို့ပင် လွယ်လင့်တကူ နှုတ်လွယ် တတ်ကြသည်။ ဘုရားသခင်သည် သူ့လူများထံက ဘယ်သောအခါမှ ကတိကဝတ်မတောင်းပါ။ ကတိဖြင့် ချည်နှောင်ခြင်းမပြုပါ။ ဥပမာအားဖြင့် ကိုယ်တော်အမှုတော် ဆောင်နိုင်ရန် အိမ်ထောင်မပြုဘဲ နေမည်ဟု ကတိပေး တတ်ကြသည်။ ကတိပြုလျှင်ပြုသည့်အတိုင်း စောင့်ထိန်းတတ်သည်။ ထိမ်းမြားလက်ထပ်ခြင်း ကတိကဝတ်သည် ဘုရားအမူအရာတွင် အသေးအဖွဲ ကိစ္စဖြစ်သည်။ သို့ကြောင့် ဘုရားသခင်အမှုတော်တွင် မဖွယ်မရာသော ကိစ္စမပါစေသင့်ပါ။ ဘုရားသခင်နှင့် ပတ်သက်သော ကတိကဝတ် များထားရှိလျှင် မပျက်မကွက် ထိန်းသိမ်းစောင့်ရှောက်အပ်သည်။
၅:၆ သို့ကြောင့် ပါးစပ်ဖျား နှုတ်ခွန်းကြောင့် ကိုယ်ခန္တာအပြစ်မရောက်စေရအမှန်တကယ် လုပ်ဆောင်နိုင်သော ကတိပေး၍ ပျက်ကွက်ခြင်းကြောင့် ဘုရားသခင်၏ တမန်တော်ရှေ့မှာ အကျွန်ုပ်မှားပါပြီဟု အရှက်တကွဲဝန်ချ တောင်းပန်ရသည့်အဖြစ်ဆိုးမျိုး မကြုံတွေ့ချင်ပါနှင့်။ နမော်နမဲ့ ကတိပျက်ခြင်းကို ဘုရားသခင်၌ ဝန်ချတောင်းပန်လျှင် ခွင့်လွှတ်တန်ရာသည်ဟု အတွေးရိုင်း မပေါက်နှင့်။
ဘုရားသခင်၏ တမန်တော်ဆိုသည်မှာ ယဇ်ပုရောဟိတ်၊ လူ့အပြစ်များကို အာပတ်ဖြေပေးသူ (ဝတ် ၅:၄-၆ ) ဖြစ်သည်။ မောရှေ့ပညတ်တော် အရ ဘာသာရေးထုံးတမ်းစဉ်လာဖြင့် ပြုလုပ်ခြင်းကို ဓမ္မဆရာက ရည်ညွှန်းဟန် ရှိသည်။ သို့ကြောင့် ယနေ့ ခေတ်ကာလတွင် ဘုရားသခင် အမှုတော်ဆောင်များ၊ ဘုရားသခင်ကိုယ်စား အမှုတော်ပြုသူ တစုံတဦးဟု နားလည်ခံယူနိုင်သည်။
အဓိကဆိုလိုချက်မှာ နှုတ်မကျွံဖို့ သတိပေးသည်။ အပြောမတတ်၊ အဆိုမတတ်ခြင်းကြောင့် ဘုရားသခင်၏ အမျက်တော်ရှသင့်ပါသလား။ ထိုသို့ ပြုမှားခြင်းသည် မိမိကိုယ်ကို ပျက်စီးရာပျက်စီး ကြောင်း ကိုယ့်သေကျင်းတူးခြင်း ဖြစ်သည်။
၅:၇ စိတ်ကူးယဉ်အိပ်မက်များနှင့် စကားများသည် လေပေါခြင်းသည် အချည်းနှီးသာဖြစ်သည်။ ထို့ထက်သေချာသော အလုပ်မှာ ဘုရားသခင်ကို ချစ်ကြောက်ရသည်။ သို့သော် ယေဟောဝါဘုရားရှင်ကို ကြောက်ရွံ့သည်ဟု ဆိုလိုခြင်းမဟုတ် ဘုန်းတန်ခိုးကြီးသော ဘုရားရှင်ကို ချစ်ကြောက်သည်ဟု ဝန်ခံခြင်းဖြစ်သည်။ G.Campbell က “ထိုကြောက်ရွံ့ခြင်းသည် သားက ဖခင်အား ချစ်ကြောက်ခြင်းမျိုးမဟုတ်၊ အစေခံကျွန်က သခင်ကိုကြောက်ရွံ့ ခြင်းမျိုး ဖြစ်သည်” ဟု ဆိုသည်။ ဤနေရာတွင် ရှောလမုန်သည် ဝိညာဉ် နေရာချစ်ကြောက်ခြင်းထက် အသိတရားဖြင့် ကြောက်လန့်သည်။
၅:၈ နောက်သင်ခန်းစာခေါင်းစဉ်အသစ်မှာ ဆင်းရဲသားများညှဉ်းဆဲ ခြင်းနှင့် တရားလမ်းလွဲ၍ မတရားသဖြင့် အနိုင်အထက်စီရင်ဆုံးဖြတ်ခြင်း ကိုထောက်ပြသည်။ ထိုသို့သော အပြုအမှုကို ကြိုတွေးလျှင် အံ့ဩစရာ မဟုတ်။ အုပ်စိုးမှုအာဏာအဆင့်ဆင့်မှာ ထိုကဲ့သို့ ကွင်းဆက် ရှိစမြဲဖြစ် သည်။ အထက်စီးရသောသူက မိမိထက်နိမ့်သူကို မယုံသင်္ကာမျက်စိဖြင့် ကြည့်တတ်ကြသည်။
အမှန်တကယ် ဟုတ်ပါသလား။ နေရာတိုင်းတွင် မကြာခဏ တွေ့ရတတ် ပါသည်။ နေရာဌာနတိုင်းတွင် စည်းစနစ်နှင့် သဟဇာတမှုပျောက် ကွယ်တတ်ပါသည်။
ဖြောင့်မတ်စင်ကြယ်သူများ သိရှိထားရန်မှာ ဘုရားသခင်သည် ဖြောင့်မတ်စင်ကြယ်သူများထက် ပို၍ ဖြောင့်မတ်စင်ကြယ်သည်။ လူတိုင်း၏ နေ့စဉ်လုပ်ဆောင်ချက်များကို တွေ့မြင်သည်။ သို့ကြောင့် ဤနေရာတွင် ရှောလမုန်သည် ထိုကဲ့သို့ မမြင်သည်မှာ သေချာသည်။
၅:၉ အပိုဒ်ငယ် ၉ သည် ဒေသနာကျမ်းတအုပ်လုံးတွင် အဓိပ္ပါယ်နား လည်ရခက်ဆုံး နက်နဲဆုံး ကျမ်းချက်ဖြစ်သည်။ မူရင်းဟေဗြဲကျမ်းမှာပင် အဓိပ္ပါယ်မထင်ရှား။ သို့ကြောင့် ကျမ်းမှုအမျိုးမျိုး၏ ပြန်ဆိုပုံကို တင်ပြ ပါသည်။
JND ကမ္ဘာမြေသည် ခပ်သိမ်းအရာတွင် အကျိုးအမြတ်သက်ရောက် သဖြင့် ဘုရင်ကိုယ်တိုင် လယ်မြေပေါ်၌ မှီခိုသည်။
NASB အလုံးစုံပြီးလျှင် ဘုရင်သည် လယ်ကို ထွန်ယက်လျက် အကျိုး ဖြစ်ထွန်းစေ၏
TEV ဘုရင်ဖြစ်သည်နှင့်အညီ ရိတ်သိမ်းဖို့ စောင့်မျှော်၏
NKJV လယ်ယာမြေသည် လူတိုင်းအတွက် အကျိုးဖြစ်သည်နှင့်အညီ ဘုရင်သည်လည်း လယ်ယာမြေ၏ အသီးကို စားရ၏။
ယေဘူယျခြုံငုံလျှင် အမြင့်ဆုံးသောသူသည်လည်း လယ်ယာ မြေထွက်သီးနှံပေါ်တွင် တည်မှီ၏။ ထိုလယ်ယာမြေသည် ဘုရားသခင်ပေးသနားရာဖြစ်၏။ ဘုရားသခင်၏ ကျေးဇူး တော်ကို ရေတွက်၍မကုန်နိုင်ပါတကား။
(စ) ကြွယ်ဝချမ်းသာခြင်းသည်အချည်းနှီး (၅:၁၀–၆:၁၂)
၅:၁၀ ငွေရတတ်သူများသည်လည်းတင်းတိမ်ရောင့်ရဲခြင်းမပြုနိုင်။ ရပြီးလျှင် ရချင်နေကြသည်။ အာသာမပီနိုင်။ စည်းစိမ်ဥစ္စာ သည်တင်း တိမ်ခြင်းမရှိနိုင်။ အရင်းနှီးမြှုပ်နှံခြင်း၊ အတိုးချေးစား ခြင်း၊ ရှယ်ယာ ဝေပေးခြင်းဖြင့် အကျိုးအမြတ်ထပ်မံရှာဖွေကြသည်။ သို့ကြောင့် ငွေကြေး ချမ်းသာခြင်းသည်လည်း ဣန္ဒြေမရ။ အခွံချည်းသာ ဖြစ်သည်။
၅:၁၁ စည်းစိမ်ဘဏ္ဍကြီးပွားလာလျှင်စားရသောပါးစပ် ပေါက်လည်း ကြီးမားတိုးပွားလာမည်။ ကျားကြီးလျှင်ခြေရာ လိုက်ကြီးသည်။ စီးပွားရေးအတိုင်အပင်ခံ၊ အခွန်ကောက် အကြံပေးအရာရှိ၊ စာရင်းကိုင်၊ ရှေ့နေ၊ အိမ်တော်ထိမ်း၊ ဘဏ္ဍထိမ်းအစရှိသဖြင့် ဆွေမျိုး များပြားလာသည်။ မှီခိုသူသည်လည်း များလာသည်။ ကရိကထများသည်။
တစ်နေ့တွင် တစ်စုံသာ အဝတ်အစား ဝတ်ရသော်လည်း အစားအသောက်မှာမူ ကြိမ်ဖန်များစွာ စားသောက်နိုင်သည်။ သို့ကြောင့် ကြွယ်ဝချမ်းသာမှု သိရှိနိုင်ရန် ဘဏ်စာရင်း၊ စတော့ရှယ်ယာ၊ ကန်ထရိုက်စာချုပ်များ ကြည့်နေရသည်။ အချင်းချင်း “အချင်းဝိညာဉ်သည် နှစ်ပေါင်းများစွာ သုံးဆောင်ရန် ဥစ္စာများကို သိုထားလျက်ရှိပြီ။ ငြိမ်ဝပ်စွာနေလော့ “(လု၁၂:၁၉)ဟု ရူးမိုက်စွာ ပြောတတ်ကြသည်။
၅:၁၂ အလုပ်လုပ်သောသူသည် နှစ်ခြိုက်စွာ အိပ်ပျော်လေ့ရှိသည်။ ပန်းစည်းရသည်ဖြစ်စေ၊ မုန့်တစ်ဖဲ့ရသည်ဖြစ်စေ ပူပင်သောကမထား၊ ကျေနပ်စွာ အနားယူနိုင်သည်။ ဇိမ်ခံကားဖြင့် တစ်နေကုန် လိုက်လှည့်သောသူဌေးကြီးသည် စတော့ရှယ်ယာဈေးကွက်နှင့် ငွေကြေးတန်ဖိုးကို လိုက်ကြည့်သော်လည်း ညဉ့်အချိန်တွင် အိပ်မပျော်နိုင်။ သူခိုး၊ ဓါးပြရန် ကြောက်ကြသည်။ စာရင်းဇယား အလိမ်ခံရမှာစိုးရိမ်သည်။ တံတွေးမမြိုနိုင်၊ မထွေးနိုင်အောင်ပူပန်သည်။ စားမဝင်အိပ်မပျော်သဖြင့် အစာအိမ်ရောဂါ စွဲကပ်ပြန်သည်။
၅:၁၃ ငွေကြေးဘဏ္ဍစည်းစိမ်ရတနာ သိုလှောင်ခြင်း၏ နောက်ဆက်တွဲ အန္တရာယ်ကို ရှောလမုန်ရှုမြင်သည်။ ထိုသို့ဆုတောင်း သိုမှီးမည့်အစား အခြားဘဝတည်ဆောက်ရေးလုပ်ငန်းတွင် အသုံးပြုသင့်သည်။ ရတနာဥစ္စာသိမ်း ဆည်းခြင်းသည် စိတ်ရောဂါပိုးမွှေးမြူခြင်း ဖြစ်သည်။
၅:၁၄ အကယ်၍ များရွှေဈေးကွက်ငွေဈေ:ကွက် ပြိုလဲပျက်စီးသွားလျှင် စုဆောင်းသမျှသော ချွေးနှီးစာများသည် အလဟဿဖြစ်သွားနိုင်သည်။ လူသည်မွေးဖွားစဉ်ကာလတွင် ပိုက်ဆံပါလာသည်မဟုတ်။ သေသွားသည့်အခါလည်း ခြူးတစ်ပြား မယူသွားကြပါ။ လက်ချည်းဗလာ သွားရစမြဲဖြစ်သည်။
၅:၁၅ လူသည် အမိဝမ်းထဲက အလျှင်းမပါ ထွက်လာသကဲ့သို့၊ ထိုနည်းတူ ပြန်သွားရမည်။ လူ့လောကတွင် အသက်ရှင်နေစဉ် စည်းစိမ်ဘဏ္ဍာ ကြွယ်ဝစွာ ရှာဖွေဖြုန်းတီးနေသော်လည်း သေလွန်သည့်အခါ လူ့ဘဝသို့ စတင်ရောက်ရှိ လာသည့်အတိုင်း ပြန်သွားရမည်။
တောင်အာဖရိကတွင် နှစ်ပေါင်းများစွာ ငွေကြေးသုံးစွဲ လက်ဖွာသောသူဌေးကြီး Cecil Rhodes ရှိခဲ့သည်။ သေခါနီးသောအခါ ဤသို့ငိုကြွေးခဲ့သည်။ အာဖရိက ပြည်တလွှားတွင် စိန်၊ ရွှေထွက်ရာမြေဧကပေါင်းများစွာ ပိုင်ဆိုင်ချမ်းသာခဲ့ ပါသည်။ သို့သော် ယခုအခါ သေရတော့မည်။ ထိုအရာများအားလုံး ထားပစ်ခဲ့ရသည်။ ငါပိုင်ဆိုင်ခဲ့သမျှထဲက တစ်ခုတလေမှ ယူသွားမည်မဟုတ်။ ထာဝရဘဏ္ဍာ ဆည်းပူးခြင်းမရှိခဲ့။ ယခု လက်ရှိ ဗလာသွားရတော့မည်။၂၈
၅:၁၆ ငွေကြေးအဿပြာ စိတ်ကြိုက်သုံးဖြုန်းနိုင်ပါလျက် ထာဝရအကျိုးအတွက် မသုံးလိုက်လေခြင်းသည် နာကျင်စရာကောင်းလှပါသည်။ အလွန်ဆိုးသော အမှုအရာဖြစ်သည်ဟု ဒေသနာဆရာဆိုသည်။ သူလာသည့်အတိုင်း ပြန်သွားရသည်။ အသက်ရှင်နေစဉ်လုပ်ဆောင်ခဲ့သမျှ တစ်ခုမှ အဖတ်မတင်။ ဘဝအသက်တာ လုပ်ဆောင်ခဲ့သမျှသည် လေထဲတွင် အလုပ်လုပ်ခြင်းဖြစ်လေပြီ။
၅:၁၇ ထိုသူ၏ ဘဝနောက်ဆုံးရက်များသည် စိတ်နာကျည်းဖွယ်ဖြစ် သည်။ ဝမ်းနည်းခြင်း၊ပူပန်ခြင်း၊ ဖျားနာခြင်း၊ အမျက်ဒေါသများဖြင့်မှောင် မိုက်သည်။ သူ့ဘဝသည် စင်ဒဲလားပုံပြင်ကဲ့သို့ ကြွယ်ဝချမ်းသာခြင်းမှ အစုတ်အပြတ်ဘဝသို့ ရောက်သွားသည်။
လူ့ဘဝသည် သေလွန်လျှင် ရှိသမျှ ပစ္စည်းအားလုံးထားပစ်ခဲ့ရ သည် မှာမှန်သည်။ သို့သော် ဒေသနာဆရာက ငွေကြေးစုဆောင်းသိမ်းဆည်းထား မည့်အစားအကျိုးရှိသော နေရာတွင် သုံးသင့်သည်ဟုဆိုသည်။ လူ့ဘဝအသက်တာတွင် လုပ်ဆောင်ခဲ့သည် မှတ်တမ်းမှတ်ရာ ပြစရာရှိအောင် လုပ်သင့်သည်ဟု ထောက်ပြသည်။
၅:၁၈ အကောင်းဆုံးမူဝါဒမှာ လူ့ဘဝတွင် အသက်ရှင်နေစဉ်လုံ လောက်သောအစားအစာ သုံးခြင်းဖြစ်သည်။ အသက်မွေးလောက်သော အလုပ်အကိုင်လုပ်နိုင်သည်။ လိုလောက်စွာရှာဖွေစားသောက်၍ နေ့စဉ်ဘဝပျော်ရွှင် ခြင်းထက် မြတ်သော မင်္ဂလာမရှိ။
လူ့ဘဝသည် ကွေးသော လက်မဆန့်မီ၊ ဆန့်သောလက်မကွေးမီတစ်ခဏတာဖြစ်သည်။ သို့ဖြစ်လျှင် အဘယ်ကြောင့် သင်ပျော်ရွှင်မှုကို အဆုံး အရှုံးခံချင်သနည်း။
၅:၁၉ လူတစ်ယောက်သည် ကြွယ်ဝချမ်းသာမှု စည်းစိမ်ခံယူခွင့်ရှိခြင်းသည် ဘုရားပေးသော လက်ဆောင်ဖြစ်သည်ဟု ဒေသနာဆရာက ခံယူသည်။ လူအချို့သည် စီးပွားဥစ္စာရှာနိုင်ကြသော်လည်း အကျိုးကျေးဇူးမခံစား လိုက်ကြ။ စီးပွားဥစ္စာလည်းရှာနိုင်ကြသည်။ အကျိုးရလဒ်လည်း ခံစားနိုင် သည်။ ထိုသူသည် ဘုရားပေးလက်ဆောင်ရရှိသူ ၊ ပါရမီအခံကောင်းသူများ ဖြစ်သည်။
၅:၂၀ လူချမ်းသာအတွက် ဘဝတိုတောင်းခြင်းကို၎င်း၊လူဆင်းရဲများ ကဆင်းရဲဒုက္ခရောက်သည့် ကာလကို၎င်း၊ စိတ်မကောင်းစရာအဖြစ် မမှတ်ယူရ၊ အဘယ်ကြောင့်ဆိုသော် မျက်မှောက်ကာလကြုံတွေ့ရသော ဘဝ နေ့ ရက်များကို ပျော်ရွှင်စွာ သုံးစွဲနိုင်ရန် ဘုရားသခင်အလိုတော်ရှိသည်။