ဒံယေလအနာဂတ္တိကျမ်း ၆
၆။ ဒါရိ၏အမိန့်နှင့်ခြင်္သေ့သားရဲတွင်း (အခန်း၆)
၆:၁-၃ ဤကျမ်းပိုဒ်အရ ဒံယေလသည် ပါရှန်တို့လက်အောက်တွင် အမှုထမ်းဆောင်သည့်အကြောင်း သိရှိရသည့်တခုတည်းသော ကျမ်းချက်ဖြစ်သည်။ မြို့ဝန်တစ်ရာနှစ်ဆယ်တို့ကို အုပ်ချုပ်ရသော ဝန်ကြီးတစ်ပါးဖြစ်သည်။ ပညာဉာဏ်ပြည့်စုံသူဖြစ်သောကြောင့် နိုင်ငံတော် တဝှမ်းလုံးကိုလည်း အပ်နှင်းခံရမည့် လျာထားခြင်းခံရသူဖြစ်သည်။
၆:၄-၈ ဒံယေလသည် ဉာဏ်ပညာထက်မြက်၍ အကျင့်စာရိတ္တမြဲမြံသောကြောင့်လုပ်ဖော်ကိုင်ဘက်ဝန်မင်းများ မနာလိုကြ။ သို့ကြောင့် အပြစ်လိုက်ရှာကြသည်။ အပြစ်ရှာမတွေ့ကြသောကြောင့် ဒံယေလဘေးဒုက္ခရောက်စေရန် ရည်ရွယ်ချက်ဖြင့် မူးမတ်များသည် ဘုရင်ကြီးအား ရက်ပေါင်းသုံးဆယ်အတွင်းသူ့ထံသို့ ဖြစ်စေ၊ ဘုရားထံသို့ဖြစ်စေ ဆုတောင်းသူအား ခြင်္သေ့သားရဲတွင်းသို့ ပစ်ချဖို့ ကုန်းချော်တိုက် တွန်းကြသည်။ ထိုအမိန့်ကြော်ငြာထွက်လာသော်လည်း ဒံယေလအား ပြောင်းလဲတုန်လှုပ်ခြင်း မဖြစ်စေနိုင်။ ဒံယေလ၏ခိုင်မာသော ယုံကြည်ချက်သည် ကြီးမားသော သင်ခန်းစာဖြစ်သည်(၁ပေ ၃:၁၃-၁၇ကိုလည်းကြည့်)။
၆:၉-၁၃ ဒါရိဘုရင်သည် ထိုအမိန့်ကြော်ငြာအား လက်မှတ်ထိုးထုတ်ပြန်လိုက်သည်။ သို့သော် ဒံယေလသည် ထုံးဆံအတိုင်း ဘုရားရှင်ထံ ဆုတောင်းမြဲဆုတောင်းလေ့ရှိသည်။ တနေ့သုံးကြိမ်ပုံမှန် ဆုတောင်းသည်။ ထိုသို့အချိုးမပြင်သောအခါ ဒံယေလကို မလိုမုန်းတီးသူများသည် ဘုရင်ကြီးထံ အပြေးအလွှား သတင်းပေးသည်။
၆:၁၄-၁၇ ထိုသတင်းကို ကြားသိသောအခါ ဒါရိမင်းကြီးသည် စိတ်မချမ်းသာသဖြင့် ဒံယေလအားနေဝင်မိုးချုပ် သည့်တိုင်အောင် အချိန်ဆွဲအခွင့်အရေးပေးသည်။ မတတ်သာသည့်အဆုံးတွင် ဒံယေလအား ခြင်္သေ့သားဲတွင်းထဲသို့ ပစ်ချခိုင်းသည်။ သင့်အားမပြတ်ကိုးကွယ်သော ဘုရားသခင်က သင့်အားကယ်လွှတ်ပါစေဟု ဒံယေလအား မှာလိုက်သည်။ ထိုစကားသည် ကျက်သရေမင်္ဂလာရှိသောစကားဖြစ်သည်။ မယုံကြည်သူများအလယ်တွင် ယုံကြည်သူများ၏ ယုံကြည်မှုကို အထင်အရှားတွေ့ရတတ်သည်။ မယုံကြည်များသည် ယုံကြည်သူများ၏ နေ့စဉ်မပြတ်စောင့်ကြည့်နေသည်ကို သတိပြုရမည်။ ယုံကြည်သူများ၏ အပြုအမူကြောင့် မယုံကြည်သူ မိတ်ဆွေများယုံကြည်သူ မဖြစ်လာရခြင်း၊ ယုံကြည်သူများ၏လောကသားများနှင့် မခြားသောအကျင့်စရိုက်များကြောင့် ဘုရားရှင်ထံ မယုံကြည်သူများ မလာရခြင်းဖြစ်သည်။ ဘုရားသခင်၏ လူများအသက်တာကို မယုံကြည်သူများအား ပုံသက်သေကောင်းပြသနိုင်ရမည်။
၆:၁၈-၂၂ ဒါရိမင်းသည် ညစဉ်ညတိုင်း ကျင်းပသော ပျော်ပွဲရွှင်ပွဲသို့ အကြည့်အရှုမကြွဘဲ၊ထိုနေ့ညတညလုံးစားတော်မခေါ်၊ တမှေးမမှိတ်ဘဲ မိုးစင်စင်လင်းခဲ့သည်။ နံနက်မိုးလင်းလျှင်လင်းခြင်း ဘုရင်ကြီ:သည် ခြင်္သေ့သားရဲတွင်းသို့ သွား၍ ထိုယုဒများအား သွားရောက်ကြည့်ရှုရာ၊ ဘေးမသီရန်မခ အသက်ရှင်လျက်ရှိနေသည်ကို တွေ့ရသည်။ အသားစားခြင်္သေ့များက ဘုရားသားသမီးတို့၏ အသားကိုမစား။ ဥပုသ်စောင့်ကြပါသည်။
ပရောဖက်ကြီးသည် ဘုရားသခင်အား “အကျွန်ုပ်ဘုရားသခင်သည် ကောင်းကင်တမန်ကို စေလွှတ်၍ ခြင်္သေ့နှုတ်ကို ပိတ်ထားတော်မူသဖြင့် အကျွန်ုပ်သည် ခြင်္သေ့ဘေးမှ လွှတ်ပါ၏” ဟု ချီးမွမ်းထောပနာပြုကြသည်။
ထိုသို့ဖြင့် ဒံယေလသည် ပြန်လည်လွှတ်မြောက်လာပြီး၊ သူ့ကိုမကောင်းကြံစည်သူများအား တဖန်ခြင်္သေ့ရဲတွင်းထဲသို့ ပစ်ချကြသည်။ “ဒါရိဘုရင်ကလည်း လူမျိုးတိုင်း တိုင်းနိုင်ငံတိုင်း၊ အမျိုးမျိုးသောဘာသာစကား ပြောသူတိုင်း၊ ဒံယေလ၏ဘုရား ကိုကိုးကွယ်ကြရန် အမိန့်ထုတ်ပြန်လိုက်သည်။