ဓမ္မရာဇဝင်စတုတ္ထစောင် ၁၂

() ယုဒဘုရင် ယောရှ (အခန်း ၁၂)

အာခဇိ၏သား ယောရှ သည်  ဘီစီ ၈၃၅- ၇၉၆ ထိ နှစ်ပေါင်း (၄၀)ကြာ ယုဒဘုရင်အဖြစ် စိုးစံသည် (၆ရာ ၂၃:၁-၂၄:၂၇ နှင့် ယှဉ်ဖတ်ပါ)။

၁၂:  ယောရှနန်းစံခြင်းကို  John C. Whitcomb က ဤသို့ရှင်းပြသည်။

ယောရှ၏ နန်းစံသက်နှစ်ပေါင်း(၄၀)ကို သူ၏  ဝိညာဉ်အထိန်းတော် ယောယဒ မကွယ်လွန်မီနှင့် ကွယ်လွန်ပြီးနောက်ပိုင်းဟူ၍ နှစ်ပိုင်းခွဲကြည့်နိုင်သည်။ ယဇ်ပုရောဟိတ် ယောယဒ ရှိစဉ်တွင် ယေဟောဝါဘုရားသခင်ရှေ့၌ ဖြောင့်မတ်သည်။ ယောယဒမရှိသည့်အခါ တွင်မူ အာဗြဟံမရှိသော လောတ ဘဝကဲ့သို့ ဖြစ်သည်။ ထို့ကြောင့် ယုဒလူများ၏ ဘဝကို ကရုဏာတော်ရှိသောကြောင့် ဘုရားသခင်က ယောယဒအား နှစ်ပေါင်း (၁၃၀)မျှ လမ်းပြစေခဲ့သည် (၆ရာ ၂၄:၅၅) ယောယဒသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က အသက် (၁၃၇) နှစ်တွင် ကွယ်လွန်ခဲ့သည့် အာမရံ (ထွ :၂၀) နောက်ပိုင်းတွင် ဖိုးသက်ရှည် ယဇ်ပုရောဟိတ် ဖြစ်သည်။၁၅

ယေဘုယျအားဖြင့် ယောရှနန်းစံကာလသည် အသားတကျရှိသည်။ သို့သော် ပြည်သူများအား တောင်ကုန်းကိုးကွယ်ခြင်းကို မရပ်နားစေခဲ့။ အထင်အရှား လုပ်ဆောင်ချက်မှာ ဗိမာန်တော် ပြုပြင်ခြင်း ဖြစ်သည်။ ယဇ်ပုရောဟိတ်များကိုလည်း ရံပုံငွေရှာဖွယ်စေပြီး ဗိမာန်တော်ပြုပြင်ရန် အမိန့်ထုတ်ပြန်သည်။ (၁) သန်းခေါင်စာရင်း (ထွ ၃၀:၁၂) အတိုင်း လူတိုင်းအား အခွန်အခကောက်ယူနိုင်သည်။ (၂) လူတိုင်း လေဝိအမျိုးသို့ ပေးလှူရသည့် ငွေကြေးပမာဏလည်း ရှိသည်။ (ဝက် ၂၇)။ (၃) လူတိုင်း စိတ်စေတနာရှိသည့် အတိုင်း ပေးလှူနိုင်ကြသည်။

၁၂:၁၆  ထိုသို့ ယောရှမင်းက အလှူငွေကောက်၍ ဗိမာန်တော် ပြုပြင်ခိုင်းသော်လည်း (၂၃) နှစ်တိုင်တိုင် မပြုပြင်ကြ၍ ပရောဖက် ယောယဒနှင့် တကွ ယဇ်ပုရောဟိတ်များ အား ယောရှဘုရင်ကြီးက ဆင့်ခေါ်သည်။ စီမံကိန်း အသစ်ရေးဆွဲသည်။ ကိုယ်တိုင်အလှူငွေ မကောက်ခံစေဘဲ၊ ဗိမာန်တော် အဝင်ဝတွင် အလှူငွေခံပုံးချထား စေသည်။ အလှူခံပုံးကို ပိုက်ဆံဝင်လောက်အောင် အပေါက်ဖေါက်ထားပြီး၊ ရရှိသောငွေ ကြေးကို ဘုရင့်ဝန်နှင့် ယဇ်ပုရောဟိတ်ကြီးက ကြီးကြပ်ကွက်ကဲ၍ အလုပ်သမားများအား ပေးချေကြသည်။ လုပ်ငန်းကြီးကြပ် ကွပ်ကဲသူများသည် စာရင်းစစ်စရာ မလိုအောင် လုပ်ငန်း၌ စင်စစ်ဖြောင့်မတ် သူများဖြစ်သည်။ အပိုဒ်ငယ် (၁၃)သည် ၆ရာ ၂၄:၁၄ နှင့် ဆန့်ကျင်သယောင်ရှိ သော်လည်း ဗိမာန်တော် ပြင်ဆင်ရာတွင် ကုန်ကျငွေများ ပေးချေပြီးမှ ကျန်ရှိသောငွေ ဖြင့် ဗိမာန်တော် အထူးဆောင်များ အတွက် အသုံးပြုသည်ဟု နားလည်ရသည်။ သို့သော် ဝတ် ၆:၁၆၊ တော ၅:၈-၉ ပါအတိုင်း ဒုစရိုက်ပူဇော်သက္ကာ နှင့် အပြစ်ဖြေယူပူဇော် သက္ကာများအတွက် အလှူငွေ၊ ရွေးနှုတ်ငွေများကိုမူ ယဇ်ပုရောဟိတ်များ ခံထိုက်သည့် အတိုင်း လက်ခံယူသွားကြသည်။

၁၂:၁၇၁၈  ထိုကာလတွင် ရှုရိဘုရင် ဟောဇေလသည် ဂါသမြို့ကို သိမ်းပိုက်ပြီး၍ ယေရုရှလင်မြို့သို့ ဆက်လက် ချီတက်ရန် ပြင်ဆင်နေသည်။ သို့သော် ယောရှမင်းက ဗိမာန်တော်နှင့် မိမိချမ်းသာလာသမျှ ရွှေငွေများကို ပေးလိုက်သဖြင့် ယုဒမြို့တော်အား လာရောက်တိုက်ခိုက်ခြင်း မပြုတော့ပါ။

၁၂:၁၉၂၀  ဝိညာဉ်ဖခင် ယောယဒ ကွယ်လွန်ပြီးသောအခါ အထိန်းအကွပ်မဲ့ သွားသဖြင့် ယောရှမင်းသည် ရုပ်တုဘုရားနောက်သို့ ပါသွားသည်။ ယဇ်ပုရောဟိတ်ကြီး၏ သား (မြေးလည်း ဖြစ်နိုင်သည်) ဇာခရိက ပြည်သူများအား ယေဟောဝါဘုရား ကိုးကွယ်ရန် စည်းရုံးသောအခါ ကျောက်ခဲ့ဖြင့် ထုသတ်ခိုင်းသည် (၆ရာ ၂၄)။

ငယ်ကျွန် ယောဇဗဒ် နှင့် ယဟောဇဗပ် တို့က မိလ္လောစံနန်းတော်တွင် ကွပ်မျက်ကြ သဖြင့် ယောရှမင်း ကံကုန် သွားသည်။ ထိုသို့ ကွပ်မျက်ခံရခြင်းသည် ဘုရားသခင်၏ ပရောဖက် ဇာခရိအား ကွပ်မျက်သောကြောင့် ဝဋ်လည်ခြင်း တည်း။

သခင်ယေရှုက ဇာခရိသေခြင်းကို လု ၁၁:၅၀ တွင် သက်သေထူခဲ့သည်။ အာဗေလမှစ၍ ဇာခရိအစရှိ သော ယဇ်ပုရောဟိတ်တို့၏ သွေးများက သားစဉ်မြေးဆက် တရားစီရင်မည်ဟု ဆိုသည်။ ဓမ္မဟောင်းကာလ၊ အာဗေလမှစ၍ ဟေဗြဲနောက်ဆုံးကျမ်း ရာဇဝင်ချုပ် ဒုတိယစောင်ရှိ ဇာခရိမာတုရ တို့၏သွေးသည် အမြဲတန်း စကားပြောနေသည်။ (ဟေဗြဲဓမ္မဟောင်းသည် ယခုဓမ္မဟောင်းကျမ်းနှင့် တူသော်လည်း သီးခြားအဓိပ္ပါယ် ပေါက်ရောက်သည်)။

ယောယဒသည် ဘုရားသခင်၏လူဖြစ်သည့်အတိုင်း နိုင်ငံတော်နှင့် ဗိမာန်တော် အတွက် အမှုတော် ထမ်းဆောင်သည်။ ကောင်းကြီးမင်္ဂလာ နှစ်ထပ် ခံစားသည်။ သူ၏ သား ဇာခရိသည်လည်း ဖခင် ခြေရာလိုက်နင်းသည်။ နောက်တခုမှာ ယုဒဘုရင်များကဲ့သို့ ခမ်းနားတင့်တယ်စွာ မင်းခမ်းမင်းနားဖြင့် သင်္ဂြိုဟ်ခြင်း ခံရသည်။ အခြားဘက်တွင်မူ ပရောဖက် ယောယဒမရှိ တော့သည့် နောက်ပိုင်းတွင် ယောရှမင်းသည် ဖရိုဖရဲအထိမ်းအကွပ်မဲ့လာသည်။ သူကိုယ်တိုင် ပေးလှူခဲ့သော ဗိမာန်တော် အလှူငွေနှင့် ဘဏ္ဍာများကို တဖန် လုယူ၍ ရှုရိမင်းသို့ပေးကမ်းသည်။ ပရောဖက် ဇာခရိကို ကွပ်မျက်သောကြောင့် ဝဋ်လည်၍ မင်းခမ်းမင်းနားဖြင့် သင်္ဂြိုဟ်ခြင်း မခံရ။ ဘုရားသခင်၏ တရားစီရင်မှု ခံရသည်။ ဘုရားသခင်၏ နိုင်ငံတော်ဝင်ဖို့ အဟန့်အတားများကို အထူးသတိပြုရမည်။ ယောယဒသည် စံပြအလင်းရောင်ဖြစ် သကဲ့သို့ ယောရှသည် အထူးဂရုစိုက်သင့်သော သတိပေးချက်ဖြစ်သည်။

Previous Article
Next Article