ဓမ္မရာဇဝင်တတိယစောင် ၂၁

၁၂။ အာဟပ်မင်းက နာဗုတ်အားမတရားပြုခြင်း (အခန်း ၂၁)

၂၁:  အခန်း -၂၁ ကား အာဟပ်မင်း သေရွာသို့ တရွေ့ရွေ့ တိုးဝင်ချဉ်းကပ်ခြင်းအကြောင်း ဖြစ်၏။ အာဟပ်မင်းနှင့် မိဖုရားယေဇဗေလ တို့၏ နန်းဆောင်ကပ်လျက် ယေဇရေလမြို့သား နာဗုတ်၏ စပျစ်ဥယျာဉ် ခြံကြီးရှိသည်။ ထိုစပျစ်ခြံသည် မြေဆီသြဇာကောင်းသောကြောင့် အာဟပ်မင်းက လိုချင်နေသည်။ ဘိုးဘွားစဉ်ဆက် အမွေခံဖြစ်သောကြောင့် နာဗုတ်က မရောင်း၊ အလဲအလှယ်မလုပ်လို (ဝတ် ၂၅:၂၃-၂၈။ တော၊ ၃၆:၇။ ယေဇ၊ ၄၆:၁၈ တို့နှင့် ယှဉ်ဖတ်)။

၂၁:၁၆ အာဟပ်က နာဗုတ်အား စပျစ်ခြံကို ရောင်းချရန်ပြောသော်လည်း နာဗုတ်က ငြင်းပယ် သောကြောင့် စိတ်ပျက်နေသည်။ အာဟပ်၏ မိဖုရား ယေဇဗေလက ကြံဆောင် ပေးသည်။ အစာရှောင်ရာ ဥပုသ်နေ့ ကို ကျေညာစေသည်။ နာဗုတ်သည် အမိန့်ချိုးဖောက်၍ ဘုရားသခင်နှင့် မင်းအမိန့်ကို ဖိဆန်ကြောင်း မတရား သက်သေအတုနှစ်ယောက် ဖြင့် သက်သေခံစေသည်။ သို့ဖြင့် နာဗုတ်အား မြို့ပြင်သို့ ဆွဲထုတ်၍ ကျောက်ခဲဖြင့် ပေါက်သတ်စေသည်။

ယေဇဗေလ၏ ရက်စက်ယုတ်မာမှုကား ကမ်းကုန်သည်။ ဘုရားရှင်၏ ပညတ်ကို ချိုးဖောက်ကြောင်း အမှုဆင်ကာ နာဗုတ်အား သတ်ပစ်သည်။ နာဗုတ် သေသောအခါ အမွေဆက်ခံရမည့် သားများကိုလည်း တပါတည်း သတ်စေသည် (၄ရာ၊ ၉:၂၆)။ ကောက်ကျစ်ယုတ်မာလှသော ယေဇဗေလပါတကား။

၂၁:၁၇၂၆  စပျစ်ခြံကို ကြည့်ရှုရန် အာဟပ်မင်း ကြွသောအခါ ပရောဖက် ဧလိယနှင့် ဆုံတွေ့သည်။ ဧလိယက အာဟပ်မင်း၏ လူသတ်မှု၊ နိုင်ထက်စီးနင်း လုယက်မှုကို ရှုတ်ချသည်။ ဧလိယက အာဟပ်မင်းလည်း သူတပါးလက်ချက်ဖြင့် သေမည့် အကြောင်း၊ သားယောက်ျားများလည်း အားလုံး ဥပေစ္ဆေဒကကံ ထိုက်၍ မင်းဆက်ပြတ်မည့် အကြောင်း၊ ယေဇဗေလ မိဖုရားမှာလည်း ယေဗရေလမြို့နားတွင် သေ၍ ခွေးစာဖြစ်မည့် အကြောင်း (ငယ်၊ ၂၄) ပရောဖက်ပြုသည်။ အာဟပ်မင်း၏ ဆိုးသွမ်းယုတ်မာခြင်းနှင့် ရုပ်တုဆင်းတု ကိုးကွယ်ခြင်းကြောင့် ကြီးလေးသော ပြစ်ဒဏ် စီရင်ခံရခြင်းဖြစ်သည်။ ဆိုးယုတ်မှုသို့ ကိုယ်ကို အပ်နှံရောင်းချရာ၌ အာဟပ်နှင့် တူသောသူ တစ်ဦးမျှမရှိဟု ဆိုစမှတ်ပြုကြသည်။

၂၁:၂၇၂၉  အာဟပ်မင်း သည် ရောက်လာမည့် ဝဋ်ဘေးကံကြမ္မာ အကြောင်း ကြားသိသောအခါ တုန်လှုပ်ခြောက်ခြားလျှက် ဘုရားရှေ့မှာ နှိမ့်ချစွာ ဝန်ချပြန်သောကြောင့် ဘုရားသခင်က အပြစ်ဒဏ်လျှော့ပေါ့ပေးသည်။ အာဟပ်မင်းလွန်ပြီးမှ သာလျှင်မိဖုရားနှင့် မျိုးဆက်များ ကံကြမ္မာဆိုး ကျရောက်စေသည်။

ဤနေရာ၌ ကျေးဇူးနှင့် ကရုဏာပြည့်ဝတော်မူထသော ဘုရားသခင်ကိုတွေ့နိုင်သည်။ ယေဇ၊ ၃၃:၁၁ တွင် “ငါအသက်ရှင်သည့်အတိုင်း ဆိုးသောသူသည် အသေခံခြင်း အမှုကို ငါနှစ်သက်သည်မဟုတ်။ ဆိုးသောသူသည် မိမိဆိုးသော လမ်းမှလွဲ၍ အသက်ရှင်ခြင်းအမှုကိုသာ ငါနှစ်သက်၏” ဟု ဆိုထားသည်။ အာဟပ်မင်း နောင်တရဟန်ရှိသော်လည်း အပေါ်ယံဟန်ပြသာ ဖြစ်ကြောင်း နောက်အခန်း၌ တွေ့ရမည်။ ကျေးဇူးတော်သည် မာန်တက်ခြင်းနှင့် ကြုံရပြီ။ အာဟပ်၏ ဘဝနိဂုံးကို သေမင်းထံလွှဲအပ်၍ ဧလိယပရောဖက် ပြုချက်အတိုင်း သူ့မျိုးဆက်သွေးချောင်း စီးမည့်ကြမ္မာဆိုး ဇာတ်သိမ်းကို ယေဟုထံ အပ်နှံလိုက်သည် (၄ရာ ၉၊၁၀)။

Previous Article
Next Article