ဓမ္မရာဇဝင်ဒုတိယစောင် ၁
၁။ ဒါဝိဒ်ဘုန်းတန်ခိုး ထွန်းတောက်လာခြင်း (အခန်း ၁–၁၀)
(က) ရှောလုနှင့် ယောနသန်အတွက် ငိုကြွေးမြည်တမ်းခြင်း (အခန်း ၁)
၁:၁–၁၆ ၁ရာ ၂၉ တွင် ဒါဝိဒ်တိုက်ပွဲအောင်မြင်ချိန်၌ ရှောလုတို့သားအဖများ စစ်ရှုံးနေကြကြောင်း မှတ်တမ်းတင်ထားသည်။ ဇိကလတ် စီးနင်းသူများအား လိုက်လံတိုက်ခိုက် ချေမှုန်းခဲ့သည် (၁ရာ ၃၀)။ ယခုအောင်ပွဲနှင့် အတူ ဇိကလတ်သို့ ခရီးရောက်မစိုက်မြောက်အရပ်မှ ရှောလု၏ နာရေးသတင်းကြားရသည်။ အဝတ်စုတ်ဝတ်၊ ခေါင်းပေါ်တွင် ဖုံမှုန့်တင်လျှက် ဝမ်းနည်းငိုကြွေးသည်။ ရန်သူ့လက်ချက်ဖြင့် ရှောလု ပြင်းထန်စွာ ဒဏ်ရာရရှိသည်။ ရှောလုက သူ့အား အသေသတ်ရန် တောင်းဆိုသောကြောင့် ဆန္ဒဖြည့်ဆည်းပေးပုံကို ကြားရသည်။ ဤအကြောင်းအရာသည် ၁ရာ ၃၁ တွင် ရှောလု သူ့ကိုယ်သူသေကြောင်း ကြံခြင်းနှင့်တခြားစီဖြစ်နေသည်။ ဖြစ်နိုင်သည်မှာ ရှောလု သေခြင်းဆန္ဒကို ဖြည့်ဆည်းပေးသည်ဆိုသော အာမလက်လူ၏ စကားသည် မုသာစကားဖြစ်ပေမည်။ ရှောလုဆန္ဒကို ဖြည့်ဆည်းကူညီသောကြောင့် ဒါဝိဒ်ရှေ့တွင် မျက်နှာရ၍ ဆုလာဘ်လက်ဆောင် မျှော်မှန်းခြင်းဖြစ်သည်။ သို့သော် ဒါဝိဒ်သည် ထိုအာမလက်သားအား သေဒဏ်ဆုလက်ဆောင်သာ ပေးလိုက်သည်။ အကြောင်းမှာ ဘုရားသခင် ဘိသိတ်ပေးထားသောလူကို သတ်ဖြတ်ရက်သည်။ ဒါဝိဒ်ကိုယ်တိုင် တနေကုန် တနေခန်း ဝမ်းနည်းငိုကြွေးသည်။
အာမလက်များသည် ဣသရေလလူများအား ကျူးကျော်နှိပ်ကွပ်ဘူးကြသည် (ထွက် ၁၇)။ ရှောလုထီးနန်းစွန့်ရခြင်း အကြောင်းတစ်ခုမှာ အာမလက်အမျိုးနှင့် ပက်သက်၍ ဘုရားသခင်၏ အမျက်တော်ကျရောက်ခြင်းဖြစ်သည် (၁ရာ ၁၅)။ အာမလက်အချို့ကို ဒါဝိဒ်က သတ်ဖြတ်ခဲ့ဖူးသဖြင့် အာမလက်သားများက ဒါဝိဒ်၏ ဇိကလတ်မြို့အား လက်တုံ့ပြန် ကလဲ့စားချေခြင်းဖြစ်မည်။ သို့သော် ရှောလုကျရှုံးသည့်သတင်း ဒါဝိဒ်သို့ ပေးပို့လျှင် ဆုလက်ဆောင်ရရှိမည်ဟု မျှော်လင့်တကြီး လာခဲ့သော အာမလက်သားသည် မုန့်မရဘဲ ဒုတ်ရရှိခြင်းဖြစ်သည်။
၁:၁၇–၁၈ ရှောလုသေဆုံးခြင်းသည် ဒါဝိဒ်အတွက် ဝမ်းမြောက်ဖွယ်ရာဟု ထင်ရသော်လည်း ဒါဝိဒ်သည် စိတ်ဆင်းရဲစွာ ငိုကြွေးသည်။
ဒါဝိဒ်နှင့် ခရစ်တော် ပုံစံတူပုံကို O.Von Gerlach က ဤသို့ရှုမြင်သည်။
ဒါဝိဒ်သည် သူ့ကိုနှစ်ပေါင်းကြာရှည် ဒုက္ခအမျိုးမျိုးပေး၍ သေကြောင်းကြံစည်နေသူအား အနိစ္စကံကုန်သည့်အခါ ဝမ်းမသာသည့်အပြင် ဝမ်းနည်းစွာ ငိုကြွေးခဲ့သည် (၁ရာ ၃၁)။ ဒါဝိဒ်၏ မြေးသည်လည်း သူ့အား ဒုက္ခအမျိုးမျိုးပေးသော ယေရုရှလင်မြို့ ပျက်သုန်းမည့်အရေးအတွက် ငိုကြွေးသည်။
ထိုဝမ်းနည်းကြေကွဲခြင်း အဖြစ်အပျက်ကို ဒါဝိဒ်က ယာဆာသီချင်း တွင် ‘လေးမြားလွမ်းချင်း‘ စပ်ဆိုခဲ့သည်။ ဣသရေလတို့၏ တေးကဗျာပေါင်းချုပ်တွင် ဂန္တဝင်သီချင်းအဖြစ် ထင်ရှားခဲ့သည် (ယောရှု ၁၀:၁၃ ကိုလည်းကြည့်)။ ဝိညာဉ်တော် မှုတ်သွင်းခြင်း မရှိသောကြောင့် သမ္မာကျမ်းစာတွင်မူမတွေ့ရပါ။
၁:၁၉–၂၇ ဒါဝိဒ်မြည်တမ်းလွမ်းတေးစကားတွင် ရှောလုနှင့် ယောနသန်သို့၏ ဂုဏ်သတင်းဖွဲ့ဆိုထားသည်။ ရှောလုဘုရင်နှင့် ကျရှုံးကြောင်း ဖိလိတ္တိသားများအား မသိကြစေနှင့် ဟု သတိပေးထားသည်။ ရှောလု ကျဆုံးရာ ဂိလဗောဆောင်တောင်သည် ခြောက်သွေ့သောဆူး တောင် ဖြစ်ပါစေဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ရှောလု၏ ဒိုင်းလွှားမြေခစေခဲ့ပြီ (ငယ် ၂၁)။ အပိုဒ်ငယ် ၂၂ သည် ရှောလုနှင့် ယောနသန်တို့၏ ကိုယ့်ရည်သွေး ချီးမြှောက်ခြင်းဖြစ်သည်။ မိမိလူများအတွက် အသက်စွန့်ကြပုံကိုဖေါ်ထုတ်သည်။ ထိုသားအဖနှစ်ယောက်သည် ဘဝရေစက်ဆုံကြသည်။ လူအတူတူ ဖြစ်ကြသည်။ တနေ့တည်းတွင် အတူတူသေကြသည် (အငယ် ၂၃)။ သေအတူ ရှင်အတူ ချစ်ခင်ကြသော သားအဖပေတည်း။ သို့သော် ထိုမျှနှင့် တေးမဆုံးသည့် ရှောလု ခင်းပေးသော ကမ္ဗလာနီလမ်းပေါ်တွင် လျှောက်လှမ်းခဲ့သော နေ့ရက်များကို ပြန်လည်သတိရ၍ ငိုကြွေးကြပါ ဟုနှိုးဆော်သည် (အငယ် ၂၄)။ လွမ်းတေးကို အချစ်ဆုံး သူငယ်ချင်း ယောနသန်အား ရည်ဆူးဖွဲ့ဆိုခြင်းဖြင့် အဆုံးသတ်သည်။ ခွန်အားကြီးသူလည်း တိုက်ပွဲမှာ ကျဆုံးတတ်စမြဲ (ငယ် ၁၉၊၂၅၊၁၇) ဟု စာချိုးရှိစေသတည်း။