ဓမ္မရာဇဝင်ဒုတိယစောင် ၁၈
၁၈:၁–၅ ဒါဝိဒ် သည် သူ့အဖွဲ့အား ယွာဘ၊ အဘိရှဲ၊ အိတ္တဲ ခေါင်းဆောင်စေလျှက် (၃) ဖွဲ့ခွဲလိုက်သည်။ စစ်ရေးကြိုတင် ပြင်ဆင်ဖွဲ့စည်းထားသည်။ ဒေသခံမြို့သူမြို့သားများကလည်း လိုအပ်သည်များကူညီကြမည်ဟု ကတိပြုကြသည်။ ဒါဝိဒ်သည် စစ်ချီထွက်ခါနီးတွင် စစ်ဗိုလ်ချုပ်များအား သူ့မျက်နာထောက်၍ အဗရှလုံအား သက်ညှာစွာ စဉ်းစားပေးကြရန် မှာကြားလိုက်သည်။
၁၈:၆–၉ ယောဒန်မြစ်တစ်ဘက်ကမ်း မဟာနိမ်အနီး ဧဖရိမ်တော တွင် စစ်တိုက်ကြသည်။ အဗရှလုံ၏ စစ်သားများသည် တိုက်ပွဲမကျွမ်းကျင်သဖြင့် တောမှောက်မှားကြသည်။ လူပေါင်းနှစ်သောင်း ပျက်စီးကြသည်။ ဒါဝိဒ်တပည့်များက အောင်ပွဲခံကြသည်။ အဗရှလုံစီးတော်မြင်းနှင့် ပြေးရာ သစ်ကိုင်းအကြား၌ ခေါင်းညှပ်၍ တန်းလန်းကြီး ငြိကျန်ရစ်သည်။ အော်လည်းမအော်နိုင်။ ချက်ချင်းကူမည့်သူလည်း မရှိ။ မိုးမမြင်လေမြင် လေလုံးထွားခဲ့သော အဗရှလုံသည် ယခုမှပင် သူ့စကားအတိုင်း ခြေထောက်နှင့် မြေမထိအမှန်တကယ်ဖြစ်နေသည်။
၁၈:၁၀–၁၅ ထိုသို့အဗရှလုံတွဲလောင်းကြီး ညှပ်နေကြောင်း ယွာဘထံသို့ သတင်းရောက်သောအခါ စစ်သားများအား အဗရှလုံကို အဘယ်ကြောင့် မြေကြီးပေါ်သို့ မချပေးကြသနည်းဟု အပြစ်ဆိုသည်။ ထိုသူကလည်း အဗရှလုံကို သတ်၍ ဆုလာဘ်ငွေကြေးရရှိသည်ထက် ဘုရင့်အမိန့်ကို နာခံကောင်းသည်ဟု ဆိုသည်။ အကယ်၍ သတ်ပစ်သည့် သတင်းဘုရင့်ထံ ပေါက်ကြားသွားလျှင် ယွာဘကလည်း ကယ်နိုင်မည်မဟုတ်ဟု ဆိုသည်။ ယွာဘသည် အချိန်ကုန် စကားမပြောနိုင်။ အမြန်ပြေး၍ အဗရှလုံ ရင်ဝသို့ လှံသုံးစင်း ထိုးထည့်လိုက်သည်။ ထို့နောက် စစ်သည်ဆယ်ယောက်အား ထပ်မံထိုးသတ်စေသည်။ ထိုသို့ပြုလုပ်ခြင်းသည် ဒါဝိဒ်မင်း၏ စကား မနာခံရာ ရောက်သော်လည်း တိုးပြည်အတွက်မူ ဆူးငြောင့်ခလုတ်ကြီး ဖယ်ရှင်းပြီးသားဖြစ်သွားသည်။ ဒါဝိဒ်သည် သူ့သားတော် ရာဇဝတ်ကောင်အား အပြစ်ဒဏ်မစီရင်ခဲ့ သော်လည်း သူ့ထိုက်နှင့် သူ့ကံဖြစ်သွားသည်။
၁၈:၁၆–၁၈ အဗရှလုံ ကျရှုံးသဖြင့် ယွာဘ၏ စစ်ရေးရည်မှန်းချက်သည်လည်း ပြည့်စုံသွား၍ တံပိုးမှုတ်အချက်ပြ လျှက် စစ်သည်တော်များ ပြန်လည်စုဖွဲ့သည်။ အဗရှလုံ၏ အလောင်းကို ဂူကြီးတခုထဲသို့ ပစ်ချ၍ ကျောက်တုံးကြီးဖြင့် ဖုံးထားကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် အဗရှလုံက ယေရုရှလင်မြို့အနီးတွင် သူသည်ရှင်ဘုရင်ဖြစ်ရမည်ဟု အဓိဌာန်ကျောက် တိုင်စိုက်ထူခဲ့ခြင်း အတိတ်နိမိတ် ဖြစ်သည်။ အဗရှလုံတွင် သား ၃ ယောက် ထွန်းကားသော်လည်း လူလားမမြောက်မီ သေလွန်ကုန်ကြသောကြောင့် မျိုးရိုးကန်းသွားသည်။ သူစိုက်ထူခဲ့သော အဗရှလုံ အမှတ်တရကျောက်တိုင် သာ ကျန်ရစ်ခဲ့သည်။
၁၈:၁၉–၂၃ ထိုသတင်းစကားကို အဟိမတ် က ဒါဝိဒ်မင်းထံသတင်းပို့ချင်သည်။ သို့သော် ယွာဘကခွင့်မပြု။ ထိုသို့ တားမြစ်ခြင်းမှာ အဟိမတ်ကို မင်္ဂလာသတင်းကောင်းများကိုသာ ကြားပြောစေခြင်းဖြစ်သည် (ငယ် ၂၇)။ ယခု အဗရှလုံ၏ သတင်းသည် မင်္ဂလာသတင်းစကားမဟုတ်။ နာရေးသတင်းဖြစ်သည်။ သို့ကြောင့် ယွာဘက ကုရှိ ကို ဒါဝိဒ်မင်းထံ စေလွှတ်သည်။ သို့သော်များမကြာမီ သွားမည်တကဲကဲလုပ်နေသော အဟိမတ်အား ယွာဘ က ခွင့်ပြုလိုက်သဖြင့် အဟိမတ် ဖြတ်ကျော်ပြေးသွားသည်။ ကုရှိသည် ရှေ့ကသွားသော်လည်း နောက်မှ ရောက်သည်။
၁၈:၂၄–၃၀ ဒါဝိဒ်မင်းက မြို့ရိုးတံခါးဝမှ စစ်မြေပြင်သတင်းစကားကို စောင့်မျှော်နေသည်။ မြို့ရိုးပေါ်ရှိ ကင်း စောင့်က ခြေမြန်တော်တစ်ဦး ပြေးလာကြောင်း၊ သူ့နောက်တွင် မလှမ်းမကမ်း၌ နောက်တစ်ယောက်ထပ် လာကြောင်း သတင်းပို့သည်။ ပထမလူသည် အဟိမတ်ဖြစ်ကြောင်း တွေ့မြင်ကြသောအခါ ဒါဝိဒ်သည် ဝမ်းသာနေသည်။ အဘယ်ကြောင့်ဆိုသော် အဟိမတ်သည် မင်္ဂလာသတင်းစကားများကိုသာ သယ်ဆောင်လေ့ရှိသည်။ အနားသို့ရောက်သော် စစ်မြေပြင်တွင် နှစ်ဦးနှစ်ဖက် လုံးထွေးသတ်ဖျက် တိုက်ခိုက်ကြသည့်အကြောင်းကို သံတော်ဦးတင်သည်။ သို့သော် အဗရှလုံ၏သတင်း သတင်းစကားအတိကျကို မသိ ဟုဆိုသည်။
၁၈:၃၁–၃၃ ကုရှိ ရောက်လာသောအခါ ဒါဝိဒ်မင်း၏ စစ်သည်တော်များက စစ်နိုင်ကြောင်း သတင်းပေးသည်။ ဒါဝိဒ်က အဗရှလုံ၏ သတင်းစကား အမောတကောမေးသောအခါ အဗရှလုံ၏စစ်သားများနှင့် ဘဝတူခရီးသွားကြသည် ဟုဆိုသည်။ တနည်းအားဖြင့် သေပြီ ဟုဆိုသည်။ ထိုသတင်းစကားကြားသောအခါ ဒါဝိဒ်မင်းသည် လွန်စွာစိတ်ထိခိုက်သည်။ ထိုအကြောင်းကို ဆာလံ ၃၃ တွင် ရင်ဖွင့်ထားသည်။ ဒါဝိဒ်မင်း၏ ဘဝတသက်တာတွင် ဝမ်းနည်းကြေကွဲမှု အကောင်းဆုံးတခု ဖြစ်သည်။ ယွာဘအား အပြစ်ခွင့်လွတ်ခြင်း ရှိမရှိမသိရပါ။