ဓမ္မရာဇဝင်ဒုတိယစောင် ၁၉
၁၉:၁–၈ ဒါဝိဒ်မင်းသည် အကြီးအကျယ် ဝမ်းနည်းကြေကွဲသည်။ စစ်သည်တော်များသည်လည်း အရှက်တဝက် အပြစ်တဝက်ခံစားနေကြသည်။ အောင်ပွဲခံခြင်းထက် ဝမ်းနည်းစရာပိုများသည်။ ယွာဘသည် ဘုရင်ကြီးထံ ဝင်ရောက်ခစား၍ စကားဆိုသည်။ ဘုရင့်အတွက် အသက်ပေးတိုက်ခိုက်သော သစ္စာခံ တပည့်သားမြေးများထက် ရန်သူများကို ဦးစားပေးချင်သလား၊ ဘုရားအသက်ကို ကယ်တင်သူများအား ကျေးဇူးမတင်သည့်အပြင် အပြစ်မြင်ရက်သလား၊ အဗရှလုံ အသက်ရှင်၍ ဒါဝိဒ်၏တပည့်များ သေခြင်းကို နှစ်သက်ပါသလားဟု ဆိုသည်။ အကယ်၍ ယနေ့ည တွင် ဒါဝိဒ်မင်းကြီးသည် ငယ်သားများအား အတွေ့မခံလျှင် ဘုရင့်အနီးအနားတွင် တယောက်တလေမှ မရှိအောင် ထွက်သွားကြမည်ဖြစ်၍ သာ၍ ဆိုးမည်ဟု ထပ်ကွန့်သည်။ ဒါဝိဒ်မင်းသည် အသိတရားနိုးကြားလာကာ၊ မြို့တော်တံခါးဝသို့ သွား၍ တိုင်းသူပြည်သား လူအများနှင့် စကားစမြည်ပြောဆိုလေသည်။
(ဇ) ဒါဝိဒ်ပြည်တော်ပြန်ဝင်ခြင်း (၁၉:၉–၃၄)
၁၉:၉–၁၀ ထိုကာလ၌ ဣသရေလ ပြည်တွင် ပွတ်လောညံနေသည်။ အချင်းချင်းစကားများ ရန်ဖြစ်ကြသည်။ ဖိလိတ္တိတို့ ရန်မှ ကယ်နှုတ်ပေးသော ဒါဝိဒ် ဘုရင်လည်းမရှိ။ မိမိကိုယ်ကို ဘုရင်အဖြစ် ချီးမြှောက်သော အာဏာသိမ်း အဗရှလုံ လည်းသေလေပြီ။ အခြေအနေက ဒါဝိဒ်မင်းအား နန်းပြန်တတ်ရန် တောင်းဆိုနေသည်။ အဘယ်ကြောင့်တိတ်ဆိတ်စွာ နေကြရသနည်း ဟူသော စကားသည် ထိုခေတ်အခါ စကားဖြစ်သော်လည်း ယနေ့ခေတ်ကာလတွင် အသင်းတော်များသို့ ပြောသောစကားလည်းဖြစ်သည်။
၁၉:၁၁–၁၅ ဣသရေလအမျိုးဆယ်ပါးတို့က ရာဇပလ္လင်ပြန်လည်တက်စေလိုသည့် အကြောင်းဆွေးနွေး တိုင်ပင်ကြကြောင်း ဒါဝိဒ်မင်း သိရှိသောအခါ ယဇ်ပုရောဟိတ် နှစ်ပါးအား ယုဒလူကြီးသူမခေါင်းဆောင်များထံသို့ စေလွှတ်သည်။ ဣသရေလတို့၏ နောက်ဆုံးဘုရင်သည် ဒါဝိဒ်၏သွေးသားဖြစ်သကဲ့သို့ ဣသရေလ လူများသည်လည်း ရင်ဝယ်သားများဖြစ်ကြပါသည်။ အဗရှလုံသည် ပုန်ကန်ခြားနားသည့်အတွက် သူ့ကုသိုလ်ကံနှင့် သူသွားနှင့်ပြီ။ ထို့ကြောင့် နန်းသွေးနန်းနွယ်ရှိသော ဖခင်ဒါဝိဒ်မင်း နန်းပြန်တက်သင့်သည်ဟု တိုင်ပင်နှီးနှောခဲ့သည်။
ဒါဝိဒ်သည် စစ်သူကြီး ယွာဘ နေရာတွင် သူ၏တူ အာမသအားခန့်အပ်ချင်သည်။ အာမသ သည် လောလောလတ်လတ်တွက် အဗရှလုံ၏ သူကြီးဖြစ်သည်။ (ယွာဘရာထူးဖယ်ရှားခြင်းမှာ သူ့သား အဗရှလုံ သတ်ခဲ့သောကြောင့် ဖြစ်ပေမည်)။ မိမိလူကို ဖယ်ရှား၍ ရန်သူ့လူအား နေရာပေခြင်းသည် နိုင်ငံရေး လှည့်ကွက်အဖြစ် ယနေ့ခေတ်ကာလတွင်လည်း ကျင့်သုံးလာကြသည်။ နိုင်ငံရေးတည်ငြိမ်ဖို့ အတိုက်ခံပြိုင်ဘက် အင်အားနှင့် ချိန်ခွင်လျှာညှိခြင်းဖြစ်သည်။ ယုဒပြည် သူအပေါင်းသည် ဒါဝိဒ်အား သဘောတူကြသဖြင့် ယောဒန်မြစ်ကမ်းထိ သောင်းသောင်းဖျဖျ ခရီးဦးကြိုပြုကြသည်။
၁၉:၁၆–၂၃ ဒါဝိဒ်မင်းပြန်လည် နန်းစံမည့်အကြောင်း သတင်းအား ပျံ့နှံ့သောအခါ ဗာဟုရိမ်မြို့၌ ဒါဝိဒ်ကို ကျိန်ဆဲခဲ့သော ရှိမိ၊ ရှောလု၏ကျွန် ဇိဘ တို့သည် ယောဒန်မြစ်ကမ်းနဖူးတွင် ဒါဝိဒ်အား ဂုဏ်ပြုကြိုဆိုကြသည်။ ရှိမိသည် မင်းပြစ်မင်းဒဏ်သင့်မည် စိုးရိမ်ကြောက်လန့်သောကြောင့် အပြစ်ဝန်ချ တောင်းပန်ခြင်းဖြစ်သည်။ ဒါဝိဒ်မင်း၏ လူအဘိရှဲသည် ထိုရှိမိအား ချက်ချင်းခေါင်းဖြတ်ချင်သည်။ သို့သော်လည်း ဒါဝိဒ်မင်းက တားမြစ်သည်။ သူ့ရှင်ဘုရင် ဖြစ်ခြင်းသည် တိုင်းသူပြည်သားများအား ညှင်းဆဲသတ်ဖြတ်ရန်မဟုတ် ဟုဆိုသည်။ ရှောလမုန်ကိုလည်း ဗင်္ယာမိန် အမျိုးအား အပြစ်မရှာ၊ စေတနာဖြူစင်စွာ ဆက်ဆံကြရန် မှာကြားခဲ့သည် (၃ရာ ၂:၈-၉)။
၁၉:၂၄–၃၀ ရှောလုသား မေဖိဗောရှက်လည်း မင်းကြီးကို လာရောက်တွေ့ ဆုံသည်။ ဒါဝိဒ်မင်းမရှိခိုက် လွမ်းဆွေး အားငယ်ရာမှ ဒါဝိဒ်မင်းပြန်ရောက်သောအခါ ဝမ်းသာအားရလာရောက် တွေ့ဆုံခြင်းဖြစ်သည်။ ဇိဘကကုန်းချောသော်လည်း ဘုရင်ကြီးကို သစ္စာရှိရှိ လေးစားကြည်ညိုသူ ဖြစ်သည်။ သူနှင့် တပါတည်း မလိုက်ရကောင်းလားဟု ဒါဝိဒ်က စကားဆိုသောအခါ ဘုရင်ကြီးနန်းတော်မှ ထွက်သွားစဉ်ကပင် လိုက်ချင်ပါသည်။ တပည့်ကျွန် ဇိဘ အား မြည်းပေါ်တင်ပေးဖို့ ပြောသောအခါ ဇိဘက မတင်ပေးသောကြောင့် မလိုက်ခဲ့ရ၊ မျက်နှာပျက်စရာဖြစ်ခဲ့သည် ဟု ရှင်းပြသည်။ မေဖိဗောရှက်သည် ခြေလက်မသန်စွမ်းသူ ဖြစ်သောကြောင့် ကူဖော်လောင်ဖက် အမြဲလိုအပ်သည်။ ဇိဘကူညီမှု ပျက်ကွက်ခြင်းကို စိတ်မကြည်လင်။ သို့သော် ယခုအခါတွင် ဒါဝိဒ်မင်းကြီး ပြန်လာပြီ။ ဒါဝိဒ်မင်းကြီးသည် ရှောလုပိုင်မြေ အားလုံးအား မေဖိဗောရှက် နှင့် ဇိဘသို့ တယောက်တဝက်ခွဲဝေ ပေးလိုက်သည်။ မေဖိဗောရှက်ကလည်း စိတ်ရင်းရှိသည့်အတိုင်း “အရှင်မင်းကြီးသည် နန်းတော်သို့ တဖန်ငြိမ်ဝပ်စွာ ရောက်တော်မူသောကြောင့် သူသည် အလုံးစုံတို့ကို ယူပါစေ” ဟု လျှောက်သည်။
၁၉:၃၁–၃၉ ဂိလဒ်ပြည်သားအသက်ရှစ်ဆယ်အရွယ်ရှိ ဗာဇိလဲ သည် ဒါဝိဒ်၏ မိတ်ကောင်းဆွေကောင်း တစ်ဦးဖြစ်သည်။ မဟာနိမ်တွင် ရှိနေစဉ် လိုလေသေးမရှိအောင် ထောက်ပံ့ကူညီခဲ့သည်။ ယခု ယောဒန်မြစ်ကမ်းတွင် လာရောက်နှုတ်ဆက်သည်။ ဒါဝိဒ်မင်းကလည်း ယေရုရှလင်မြို့သို့ တပါတည်းလိုက်ပါရန်နှင့် ဧည့်ဝတ်ကျေပြွန်မည့်အကြောင်း ဖိတ်ခေါ်သည်။ သို့သော် ဗာဇီလဲက မလိုက်လို။ သူသည် အိုမင်းရွယ်အိုဖြစ်၍ အဆိုးအကောင်းအကျိုးအကြောင်း မဝေခွဲနိုင်တော့ပါ။ ဘုရင့်ပွဲတော်များကိုလည်း အရသာမခံတတ်။ နန်းတွင်းလူလှပျိုဖြူများ၏ ယိမ်းနွဲ့ကဟန် သီဆိုသံများလည်း မခံစားတတ်တော့ပါ။ ချက်မြုပ်မြေတွင်သာ သေလိုပါသည်ဟု ဆိုသည်။ သို့နှင့် ယောဒန်မြစ်တဘက်ကမ်း ထိသာ လိုက်ပို့ခွင့်ပြုပါဟု ခွင့်တောင်းလိုက်ပို့သည်။ ခိမဟံ (သူ့သားဖြစ်ဟန်တူသည်) ကိုသာ ဒါဝိဒ်မင်းနှင့် ထည့်ပေးလိုက်သည်။
၁၉:၄၀–၄၃ တခန်းရပ်ပြကွက် ပြီးဆုံးသွားလို့ နောက်တခန်းစလေပြီ။ ယုဒသူအပေါင်းနှင့် ဣသရေလ အမျိုးတဝက် က ဒါဝိဒ်ဘုရင်အား ပြန်လည်ပင့်ဆောင်လာကြသည်။
ယုဒလူများသည် သွေးသားကစကားပြောသောကြောင့် အခြားဣသရေလ ဆယ်မျိုးကို မဖိတ်ကြားဘဲ၊ ဒါဝိဒ်မင်းအား ပို့ဆောင်ကြခြင်းဖြစ်ပေမည်။ အခြားဣသရေလ အနွယ်များက သူတို့ကို မဖိတ်ကြားရသလားဟု ဆိုကြသည်။ ယုဒလူများက ဒါဝိဒ်မင်းမှ တပါး ဦးစီးခေါင်းဆောင်နိုင်မည့် သူမရှိဟု ယုံကြည်ကြသည်။ အခြားဣသရေလ အနွယ်များကလည်း ယုဒလူနှင့် ရှင်ဘုရင် ဆယ်ဘို့တဘို့ သက်ဆိုင်သကဲ့သို့ သူတို့လည်း ဆယ်ဘို့ကိုးဘို့သက်ဆိုင်သည်ဟု အပြစ်တင်ကြသည်။ သို့သော် ယုဒတို့စကားသည် အပြောမဟုတ် အလုပ်သက်သေဖြစ်ကြောင်း ထင်ရှားသည်။