ဓမ္မရာဇဝင်ဒုတိယစောင် ၃
၃:၁–၅ ဟေဗြုန်တွင် (၇)နှစ်ခွဲ ကာလ၌ ဒါဝိဒ်အင်အားတိုးပွား၍ ရှောလု အိမ်ထောင်မိသားစုသည် ဆုတ်ယုတ်သထက် ဆုတ်ယုတ် ခဲ့သည်။ ဟေဗြုန်ရောက်ခဲ့စဉ်က အဟိနောင်၊ အဘိဂဲလ မယားနှစ်ယောက်ပါရှိသည်။ ဘုရားသခင်၏ အလိုတော် ဖီလာပြုလျှက် မာခါ၊ ဟဂ္ဂိတ်၊ အဘိတလ နှင့် ဧဂလိ ဟူသော နောက်ထပ် မိန်းမ (၄)ယောက် ထပ်ယူသည်။ မယား(၆) ယောက်က သား (၆)ယောက် မွေးဖွားပေးကြသည်။ ထိုသားများအနက် အာမနုန်၊ အဗရှလုံ နှင့် အဒေါနိယ တို့သည် ဖခင်ကို ဝမ်းနည်းစေသောသူများ ဖြစ်ကြသည်။
၃:၆–၁၁ အာဗနာ သည် နိုင်ငံရေးညာဏ်ပညာ မျက်စိရှိသောကြောင့် ဒါဝိဒ်၏ ဘုန်းတန်ခိုးစန်းထခြင်းအား ချိန်ခွင်ညှာညှိပေးနိုင်သူဖြစ်သည်။ ထို့အမြင်သဘောထားရှိသောကြောင့် အာဗနာသည် ရှောလု၏ မယားငယ် ရိဇပအား တဖက်လှည့်ဖြင့် သိမ်းပိုက်သည်။ ရိဇပသည် သွက်လက်ထက်မြက် သဖြင့်ထိုမိန်းမကို သိမ်းပိုက်၍ ဣသရေလ တစ်ဆယ့်တစ်မျိုးအပေါ် သြဇာလွှမ်းမိုးနိုင်မည်ဟု တွက်ဆသည်။ သို့မဟုတ် ကိုယ်ရေးကိုယ်တာ ကိစ္စလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဣရှေဗောရှက်က အာဗနာအားစွပ်စွဲသော အခါ ခါးသီးစွာလူးလွန့်လျှက် ဣသရေလ လူမျိုးကို အသက်ပေးကွယ်ကာလာခဲ့သမျှ ငါ့ခေါင်းကိုခွေးခေါင်းဖြစ်စေသလား ဟု ကြိမ်းမောင်းသည် (ငယ် ၈)။ ခဲလေသမျှသဲရေကျပြီ။ ယုဒလူအတွက် သစ္စာခံမှ ကောင်းပါသည်ဟုဆိုသည်။
၃:၁၂–၁၆ အာဗနာက ဣသရေလ လူမျိုးတစ်ဆယ့်တစ်မျိုးအား ဒါဝိဒ်လက်ထဲသို့ လွှဲပေးဖို့ ကမ်းလှမ်းသည်။ ဒါဝိဒ်ကလည်း အပေးအယူလုပ်သည်။ ထိုလူမျိုးများအား လက်မခံမှီ သူ၏မယားဟောင်း ရှောလု၏ သမီး မိခါလ အား ခေါ်ဆောင်လာမှ ကမ်းလှမ်းချက် သဘောတူမည်ဟု စကားပြန်သည်။ ဣရှဗောရှက် သည် ဖခင်က ဖာလတိနှင့် ပေးစားထားသော နှမမိခါလအား ဘုရင့်အမိန့် အာဏာဖြင့် ပြန်ခေါ်ပြီး၊ ပထမလင် ဒါဝိဒ်ထံသို့ ပြန်ပို့သည်။ မိခါလ၏လင် ဖာလတိသည် ရင်ကွဲနာကျသည်။ ဒါဝိဒ်၏ ပုဂ္ဂိုလ်ရေးဘဝ အသက်တာသည် လင်းတခါ မှောင်တစ်လှည့်ဘဝ တစ်ဆစ်ချိုးကွေ့ ပေါများသည်။
၃:၁၇–၂၁ အာဗနာ သည် ဗင်္ယာမိန်အမျိုးမှစ၍ ဣသရေလလူမျိုးက အမျိုးကြီးတစ်မျိုးထံသို့ သွားရောက်၍ ဒါဝိဒ်သည် ဘုရားသခင် ဂတိတော် ပြည့်စုံလာသည်ဖြစ်ကြောင်း ဖိလိပ္ပိရန်မှ ကယ်နှုတ်ပေးသူ ဖြစ်ကြောင်း၊ သူ့အား ဘုရင်အဖြစ်ဝန်ခံကြရန် စည်းရုံးသည်။ ဣသရေလလူများကလည်း မဆွတ်ခင်က ညွတ်ချင်သူများဖြစ်ကြသောကြောင့် လက်ခံကြသည်။ ထိုသို့ဖြင့် ဣသရေလလူကြီးသူမများနှင့် အတူ အာဗနာသည် ဒါဝိဒ်ထံသို့ မဟာမိတ်ဖွဲ့ဖို့ သွားကြသည်။
၃:၂၂–၃၀ ဒါဝိဒ်ထံသို့ အာဗနာ အလည်ရောက်လာပြီး ပြန်ထွက်သွားကြောင်း ယွာဘ သိရှိသောအခါ၊ ဒါဝိဒ်အား အပြစ်တင်သည်။ အာဗနာ ရောက်လာခြင်းသည် သဘောရင်းဖြင့် လာခြင်းမဟုတ်၊ စုံစမ်းထောက်လှမ်းခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့နောက် ခြေမြန်တော် စေလွှတ်၍ တိတ်တဆိတ် ပြန်ခေါ်ခိုင်းသည်။ ဟေဗြုန်သို့ အာဗနာ ပြန်ရောက်သောအခါ ယွာဘက အာဗနာအား ချစ်ကြည်ဟန်ဆောင် နှုတ်ဆက်လျှက် သူ့ညီအတွက် ကလဲ့စားချေသော အားဖြင့် ဝမ်းဗိုက်တွင် ဓါးဖြင့်ထိုးသတ်လိုက်သည်။ ယွာဘသည် ဟေဗြုန်မြို့အား ဘေးမဲ့ဒုက္ခသည်များ ခိုလှုံရာမြို့ဟု သိရှိဂရုစိုက်ပုံမပေါ် (ကော ၃၅:၂၂-၂၅)။ အပိုဒ်ငယ် ၂၉ တွင် ပါရှိသည့် “တစုံတဦးအပေါ်ကို ကျရောက်ပါစေ” ဆိုသည်မှာ နူနာရောဂါကျိန်တွယ်ခြင်း ဖြစ်သည်။ NASB ကျမ်းတွင်မူ “မစွမ်းမသန် လူစဉ် မမှီဖြစ်ပါစေ” ဟုဆိုသည်။ RSU ကျမ်းမူတွင် ထိုနည်းနှင့် “ခန္ဓာကိုယ် ချိနဲ့ပါစေ” ဟု ဆိုပါသည်။ ဆိုလိုသည်မှာ သူများနည်းတူ မလုပ်ဆောင်နိုင်သောဘဝ ရောက်ပါစေ၊ မင်းမှုထမ်း မဖြစ်ပါစေနှင့် ဟု အနက်ရသည်။
၃:၃၁–၃၉ ဒါဝိဒ်သည် ယွာဘအား လူသတ်မှုဖြင့် အရေးယူအပြစ်ပေးခြင်း မပြုသော်လည်း ကိုယ်တိုင်မှာ ဝမ်းနည်းကြေကွဲသည်။ ဘုရင့် အိန္ဒြေသိက္ခာမဆယ်နိုင်ဆောင် ဝမ်းနည်း ငိုကြွေးသည်။ အပိုဒ်ငယ် ၃၃ တွင် “အာဗနာသည် မိမိကိုယ်ကို အန္တရာယ်ရှိမှန်းမသိဘဲ၊ လူအ ကဲ့သို့ လူများပြုခဲ့သမျှ နုရပါသလား” ဟု အနက်ရသည်။ လိမ်ညာလှည့်ဖျား ခြင်းခံရ၍ သေရမည်ဟု ပြန်ဖြေထားသည်။၂ ယွာဘက အာဗနာသတ်ခြင်းသည် ဒါဝိဒ်မသိလိုက်ကြောင်း ပရိတ်သတ်က သိရှိသွားကြသည်။ ဒါဝိဒ်ကလည်း ဇေရုယာ သားများ (ယွာဘနှင့် အဘိရှဲ) တို့အား ဘုရားသခင်စီရင်ပါစေဟု ကျိန်ဆိုသည်။ အခန်း (၃) တွင် အပြစ်၏ သွေးကွဲခြင်းများ ဘုရားသခင်က ဒါဝိဒ် နိုင်ငံတော် စည်းလုံးစေပုံကို တွေ့ရမည်။ လူတို့၏ ဒေါသများ ဘုရားသခင် ချီးမွမ်းစေပုံကို ဆာလံ ၇၆:၁၀ တွင် တွေ့ရမည်။