ဓမ္မရာဇဝင်ဒုတိယစောင် ၆
၉။ ယေရုရှလင်သို့ ပဋိညာဉ်သေတ္တာယူဆောင်ခြင်း
အခန်း ၆ သည် အခန်း ၅ ၏ အဆက်မဟုတ်ပါ။ ဓမ္မရာဇဝင် ဒုတိယဆောင်တွင် ပါရှိသည်။ အကြောင်းအရာ များသည် သမိုင်းဖြစ်စဉ် အလိုက်မဟုတ်ပါ။ အကြောင်းအရာအလိုက်ဖြစ်သည်။
၆:၁–၇ ဘုရားသခင်၏ ပဋိညာဉ်သေတ္တာအကြောင်းကို ၁ ရာ ၇:၁ တွင် နောက်ဆုံးအကြိမ် ဖတ်ရှုခဲ့ကြသည်။ ကရိယယာရိမ် အရပ်ရှိ အဘိနဒပ် အိမ်သို့ ပို့ဆောင်ခဲ့ကြသည်။ နှစ်ပေါင်းများစွာ ကြာမှ ဒါဝိဒ်က ဘာသာရေး အချက်အခြာနှင့် နိုင်ငံရေးမြို့တော် ဖြစ်သော ယေရုရှလင် မြို့ သို့ ယူဆောင်ဖို့ ဆုံးဖြတ်သည်။ ထို့ကြောင့် ဣသရေလလူပေါင်း သုံးထောင်က ယုဒ ပြည် ဗာလာမြို့ (ကရိယယာရိမ်) သို့ စေလွှတ်ယူဆောင်လာစေသည်။ ပဋိညာဉ်သေတ္တာတော်အား ဒါဝိဒ်ပြင်ဆင်ထားသော လှည်းပေါ်တွင်တင်၍ သယ်ဆောင်လာကြသည်။ ဘုရားသခင်က ပဋိညာဉ်သေတ္တာကို ကောဟတ်အနွယ်တို့အား ပုခုံးဖြင့်ထမ်းရန် သတ်မှတ်ပြီးဖြစ်သည် (တော ၇:၉)။ သို့သော် ဒါဝိဒ်သည် လှည်းသစ်ဖြင့် သယ်ဆောင်လာသည်။ လှည်းဆွဲသော နွားများသည် ချော်လဲကြ၍ လှည်းပေါ်ရှိပဋိညာဥ်သေတ္တာသည် ပြုတ်ကျမတတ် ဖြစ်သောကြောင့် လှည်းထိန်း အဘိနသပ်၏သား သြဇ ကလှမ်းထိန်းသည်။ ယဇ်ပုရောဟိတ်များ ပဋိညာဉ်သေတ္တာကို ကိုင်ခွင့်မရှိသာအချိန်တွင် ထိကိုင်သောကြောင့် ထိုနေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည်။
ထိုနေရာတွင် ရှိပါသည်။ ဩဇသည် ပဋိညာဉ်သေတ္တာကို လှမ်းထိန်းရုံမျှဖြင့် သေသည်။ ဖိလိ တ္တိသားများသည် တလောကလုံး ကိုင်တွယ်ကြသော်လည်း မသေကြ။ အဖြေက ရှင်းပါ သည်။ ဆန်ရင်းနာနာ ဖွတ်ခြင်းဖြစ်သည်။ အပြစ်တရားစီရင်ခြင်းသည် အနီးအနားရှိ ဘုရားသခင်အိမ်တော်ဝင်းမှ အစပြုပါသည်။
ဘုရားသခင်၏ အရေးယူဆောင်ရွက်ချက်သည် ပြင်းထန်လွန်းပါလား။ ဘုရားသခင်၏ မြင့်မြတ် စင်ကြယ်ခြင်းကို ထိပါးလျှင် ပြင်းထန်စွာ စီရင်လေ့ရှိပါသည်။ ပဋိညာဉ်သေတ္တာတော်သည် ယေရှုခရစ်တော် မပေါ်ထွန်းမီ ကာလတွင် ဘုရားသခင်၏ ကိုယ်စားလှယ် အထိမ်းအမှတ်အဖြစ် ခံယူပါသည်။ ဩဇသည် ပဋိညာဉ်သေတ္တာကို သတိလက်လွတ် ကိုင်မိသည်။ ဩဇသေခြင်းက ဣသရေလတို့အား ပဋိညာဉ်သေတ္တာ အရေးတယူပြုလုပ်ရန် သင်ခန်းစာ ကောင်းကောင်းပေးခဲ့သည်။ ထိုကြောင့် ဘုရားသခင်နှင့် ပက်သက်၍ ချီးမွမ်းပြောဆိုခြင်း၊ လုပ်ဆောင်ခြင်းအမှု ကိစ္စများတွင် လေးစားကြည်ညှိစွာ ပြုလုပ်ရသည်။ နာမတော်သည် ကြီးမြတ်ပါ စေသား။ (Darly Notes of the Scripture Union).
၆:၈–၁၁ ဒါဝိဒ် သည် ဘုရားရှင်၏ အပြစ်စီရင်ခြင်းကို မျက်ဝါးထင်ထင် တွေ့မြင်သောအခါ လန့်ဖြန့်သွားသည်။ ပဋိညာဉ်သေတ္တာတော်အား ယေရုရှလင်မြို့တော်သို့ ဆက်လက်မသယ်ဆောင်ရဲ။ သို့နှင့်ယေရုရှလင်မြို့ အနီးရှိ ဂိတ္တိလူ သြဗဒေဒုံ၏ နေအိမ်သို့ ပို့ဆောင်လိုက်သည်။
သြဗဒေဒုံအိမ်တွင် သုံးလကြာပဋိညာဉ်သေတ္တာ ရှိနေချိန်တွင် ထိုအိမ်ထောင်မိသားစုသည် ကျက်သရေမင်္ဂလာပြည့်စုံ၍ လာဘ်လာအပေါင်းစုံ ကြွယ်ဝချမ်းသာသည်။ စီးပွားဥစ္စာတိုးတက်လျှက် ကောင်းကြီးမင်္ဂလာ အဖြာဖြာ ပြည့်ဝကြသည်။
၆:၁၂–၁၅ ပဋိညာဉ်သေတ္တာ ကိန်းဝပ်ရာ သြဗဒေဒုံအိမ်၌ ကျက်သရေမင်္ဂလာတိုးပွားကြောင်း သိသာသောအခါ ဒါဝိဒ်သည် ပဋိညာဉ်သေတ္တာတော်အား ယေရုရှလင်မြို့တော်သို့ သွားရောက်ယူဆောင်လာသည်။ ၅ ရာ ၁၅:၁၃-၁၅ တွင် သုံးလတာကာလ၌ ဒါဝိဒ်သည် ပဋိညာဉ်သေတ္တာကို မည်သို့ သယ်တောင်မည့်အကြောင်း ကျမ်းစာလေ့လာ အားထုတ်နေသည်။ လှည်းသစ်ကို မသုံးတော့ပဲ လေဝိသားများအား ပခုံးဖြင့် ထမ်းစေသည်။ ပဋိညာည်သေတ္တာထမ်း၍ (၆) လှမ်းပြည့်သောအခါ ဘုရားသခင်၏ စိတ်တော်မရွှင်သဖြင့် ဒါဝိဒ်က ဆူဖြိုးသောနွားနှင့် သို့ဖြင့် ယဇ်ပူဇော်သည်။ ဒါဝိဒ်က ပဋိညာဉ်သေတ္တာရှေ့မှ ကွေးနေအောင်ကပြီး ယာယီစံနန်းတော် ဒါဝိဒ်အိမ် သို့ ယူဆောင်လာသည်။ ထိုကာလတွင် ဒါဝိဒ်က ဆာလံ ၆၈ ကို ရေးသားစပ်ဆိုဟန်တူသည်။ ဒါဝိဒ်သည် နန်းဝတ်နန်းစား မဝတ်စားဘဲ ပိုးသားသင်တိုင်း ခြုံသိုင်းထားသည်။
၆:၁၆–၂၃ ဒါဝိဒ်၏မိဖုရား မိခါလက လေသာဆောင် ပြတင်းပေါက်မှ လှမ်းမျှော်ကြည့်၍ သူ့ကြင်ယာတော် ဒါဝိဒ်မင်းသည် နန်းဝတ်နန်းစားမပါဘဲ အရပ်သူအရပ်သားများရှေ့တွင် မြူးတူးကခုန်နေကြောင်း တွေ့သောအခါ စိတ်မကြည်မလင်ဖြစ်ပြီး ဒါဝိဒ်အိမ်ပြန်ရောက်သောအခါ ဘုရင်ကြီး ဖြစ်ပါလျှက် ထိုကဲ့သို့ ရပ်သူရပ်သားများရှေ့မှာ ကခုန်ရပါသလားဟု အပြစ်တင်သည်။ မဖုံးမအုပ်ဘဲ ဆိုသည်မှာ ကိုယ်လုံးတီး ဆိုလိုသည်မဟုတ်။ နန်းဝတ်နန်းစား မဝတ်ဆင်ခြင်းကို ဆိုလိုသည်။ အပိုဒ်ငယ် ၁၄ တွင် ရှင်းပြခဲ့သည်။ ဒါဝိဒ်က သူ၏ ကခုန်ခြင်းသည် ဘုရားသခင်အား ကျေးဇူးတင်ဝမ်းမြောက်မှု ပြသခြင်းဖြစ်သည်။ ရပ်သူရပ်သား၏ ချီးမွမ်းမှုရယူဖို့မဟုတ်။ လူအများအား ဖြေဖျော်ခြင်းမဟုတ်ဟု ရှင်းပြသည်။ မိမိစိတ်ရှိသည့်အတိုင်း ကျေးဇူးတော်ချီးမွမ်းခြင်းဖြစ်၍ ကျွန်မများ၏ ကဲ့ရဲ့မှု ငဲ့ကွပ်စရာမလို။ မိခါလ သည် ဘုရားအား ချီးမွမ်းနေသောလင်အား ပြစ်မှားမိသောကြောင့် တသက်လုံးကလေးမရ၊ အမြုံမဖြစ်သွားသည်။ ဤနေရာတွင် စိတ်ဝိညာဉ်၏ အသီးအပွင့်ပုံကို ဂရုစိုက်ရသည်။