နေဟမိမှတ်စာ ၆
၆:၁–၄ နေဟမိ၏ လုပ်ဆောင်ချက် အကောင်အထည်ဖော် ရုပ်လုံးပေါ်သောအခါ မနာလိုမုန်းထား အဖျက်သမားများက အကောက်ကြံပြန်သည်။ သမ္ဘာလတ်နှင့် ဂေရှင်တို့က သြနောချိုင့်ဝှမ်းတွင် တွေ့ဆုံဖို့ နေဟမိအား (၄)ကြိမ်တိုင်တိုင် မျှားခေါ်ကြံစည်ကြသည်။ သူ့ကို ဒုက္ခပေးမည့်အကြောင်း နေဟမိရိပ်မိသဖြင့် အမိုက်ခံ၍ မသွား။ ဘုရားပေးအလုပ်ကိုသာလျှင် ဣန္ဒြေရရ ဆက်လက်ဆောက်လုပ်သည်။ ခွေးလေးခုန်၍ ဖုန်မထနိုင်ပါတကား။
၆:၅–၉ သြနောချိုင့်ဝှမ်းသို့ လိမ်ညာခေါ်ဆောင် မရမှန်းသိသောအခါ သမ္ဘာလတ်သည်ပဉ္စမအကြိမ်မြောက် နေဟမိထံသို့ စာရေးခြိမ်းခြောက်သည်။ စာထဲတွင် နေဟမိသည် ယုဒဘုရင်အဖြစ် မိမိကိုယ်ကို ချီးမြှောက်၍ ယဇ်ပုရောဟိတ်များ ခန့်အပ်ကြောင်း ပါရှားဘုရင်ထံ တိုင်ကြားမည်ဟုဆိုသည်။ အကယ်၍ ထိုသို့ပျက်စီးခြင်းမရောက်လိုလျှင် သူနှင့်ဆွေးနွေးအပေးအယူ လုပ်မည်ဟု ဆင်ကြံကြံသည်။ သို့သော်လည်း မအောင်မြင်ပြန်။ နေဟမိက သူ့စာကို စိတ်မဝင်စား၊ အရေးမလုပ်ဟု စာပြန်သည်။
မှန်ရာလုပ်နေသော နေဟမိသည် မိမိကိုယ်ကို ယုံကြည်စိတ်ချသည်။ မည်သူတရားပျက်ပျက် ကိုယ်မပျက်။ ကိုယ်မှန်လျှင် ခေါင်းမရွေ့နိုင်။
၆:၁၀–၁၄ နေဟမိသည် ဘုရားတရားကိုင်းရှိုင်းသူ၊ နှုတ်ကပတ်တော်ကို စောင့်ထိန်းသူဖြစ်သည်။ သမ္ဘာလတ်တို့အဖွဲ့သည် ပရောဖက်အတု ငှား၍ ကလိမ်ငြမ်းစင်ကြပြန်သည်။ သမ္ဘာလတ်တို့၏ သတင်းပေး ဒေလယ၏ သားရှေမာယသည် နေဟမိထံသို့သွား၍ ရန်သူများ၏ အသက်ဘေးအန္တရာယ် ရှာဖွေခြင်းမှ ကင်းလွတ်ရန် ဗိမာန်တော်ထဲသို့ ပုန်းအောင်းဖို့ အကြံပေးသည်။ ထိုပရောဖက်တု၏ စကားသည်ချောက်တွန်းခြင်းဖြစ်ကြောင်း နေဟမိသိရှိသည်။ ဘုရားသခင်က အာရုံပေးသောကြောင့် ဗိမာန်တော်သို့မဝင်။ နေဟမိသည် ဘုရားသခင်၏ အမှုတော်အတွက် အသက်စွန့်လွှတ်ရန် အသင့်ရှိသူဖြစ်သည်။ ထိုသို့ဖြင့် သမ္ဘာလတ်တို့ လူစု၏ အကြံသည် သဲထဲရေသွန်မှောက်ကျပြန်သည်။
ငယ် ၉နှင့်၁၄သည် မြှားသို့ ထက်မြက်သော ဆုတောင်းချက်ဖြစ်သည်။ (၂:၄၊ ၄:၉၊ ၅:၁၉) ကိုလည်း ကြည့်ပါ။ နေဟမိသည် အကြပ်အတည်း ကြုံတိုင်း ဘုရားသခင်ကို တိုင်တည်သည်။ ဘုရားရှင်လက်ထဲသို့ အပ်နှံသည်။ ထိုအကြောင်းကို Matthew Henry ကဤသို့ဆိုသည်။
လူဆိုးလူမိုက်များ၏ ခြိမ်းခြောက်ခြင်း သောကပင်လယ်ဝေနေခိုက် နေဟမိသည်စိတ်ပျက်အား ငယ်ထိတ်လန့်ခြင်းမရှိဘဲ၊ အားနွဲ့သော လက်နှစ်ဖက်ကို မိုးပေါ်မြှောက်၊ ဘုရားအကျွန်ုပ်၏ လက်များကို အားဖြည့်ခိုင်ခံ့စေတော်မူပါဟု ဆုတောင်းသည်။ မိမိ အခက်အခဲ အကြပ်အတည်းများကို ဘုရားသခင်လက်ထဲသို့ ဆက်ကပ်အပ်နှံခြင်းသည် ဘုရားသခင်၏ လူသားများ မမေ့အပ်သောအရာဖြစ်သည်။ ယုံကြည်ခြင်း၊ ဆုတောင်းချက်ဖြင့် စိုးရိမ်ကြောက်လန့်မှုများ ကင်းစင်သကဲ့သို့ ရဲစွမ်းသတ္တိ ဗလအင်အား ပြည့်ဝလာသည်။ အားနွဲ့သောလက်များ သန်မာစေသည်။ ယုံကြည်သူများ အသက်တာတွင်လည်း အခက်အခဲ အကြပ်အတည်း ပြဿနာများနှင့် ကြုံရပါသည်။ ထိုကဲ့သို့ ကြုံတွေ့ခြင်းသည် ဆုတောင်းခြင်း အင်အားရင့်သန်ဖို့ ဘုရားရှင် သွန်သန်ခြင်းဖြစ်သည်။ ဘုရားသခင် အကျွန်ုပ်မှာ လုပ်ဆောင်စရာများစွာရှိပါသေးသည်။ “ယခု နှောင့်ယှက်ဖျက်ဆီးခြင်းခံနေရပြီ။ အကျွန်ုပ်လက်များကို သန်မာစေတော်မှုပါ” ဟူသောနေဟမိ၏ ဆုတောင်းချက်ကိုအမြဲသတိရကြပါစေ။၅
၆:၁၅–၁၉ အနှောင့်အယှက် အဟန့်အတားကြားမှပင် နေဟမိသည် ယေရုရှလင်မြို့ရိုးအား (၅၅) ရက်အတွင်း လက်စသတ်နိုင်သည်မှာ မှတ်သားဖွယ်ရာ ဇွဲလုံလစိုက်ထုတ်ခြင်းဖြစ်သည်။ ဘုရားသခင်က ယုဒလူများအား ကောင်းကြီးပေး၍ ရန်သူများအားနှိမ်နင်းခြင်းဖြစ်သည်။ နေဟမိ ကြိုးပမ်းအားထုတ်မှုကို အငယ် ၁၇-၁၉တွင် တွေ့ရသည်။ ယေရုရှလင်လူကြီးသူမအချို့သည် တောဘိနှင့် ခမီးခမက်၊ သမီးသားဆက်စုံဖက် တော်စပ်သောကြောင့် အားပေးမိတ်ဖွဲ့ကြသည်။ (တောဘိသည် အမ္မုန်မင်းဖြစ်သည် ၂:၁၀)။ ထိုလူကြီးသူမများသည် နေဟမိစကားကို တဘက်တွင် ချီးမွမ်းကြသကဲ့သို့ အခြားတဘက်တွင် တောဘိထံသို့ ပို့ဆောင်ပေးကြသည်။ တောဘိအကြောင်းကို အခန်း ၁၃တွင် ဆက်လက်လေ့လာကြပါစို့။
နေဟမိသည် ရက်ပေါင်း (၅၂)ရက်ဖြင့် မြို့ရိုးတည်ဆောက်သည့်အပြင် (၁၂)ကျော် မြို့တော်ဝန်ထမ်းဆောင်သည့်ကာလအတွင်းတွင် မြို့တော်သူ မြို့တော်သားများ၏ စည်ပင်သာယာ ဖွံဖြိုးရေးကိစ္စအရပ်ရပ်ကို မနေမနား သယ်ပိုးခဲ့သည်။