ယေဇကျေလအနာဂတ္တိကျမ်း ၂၆

()တုရုလူမျိုး (၂၆:၂၈:၁၉)

() တုရုမြို့ပျက်စီးခြင်း(အခန်း ၁၆)

၂၆:၁−၂ ပဉ္စမြောက် တရားစီရင်ခြင်းခံရမည့်မြို့မှာ တုရုပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်သည်။ အပြစ်ဒဏ်ခံရမည့် အကြောင်းကို ၂၆:၁ မှ ၂၈:၁၉ ထိ အကျယ်တတင့်​ ရေးသားထားသည်။ ကုန်သွယ်ရေးလမ်းကြောင့်အချက်အချာကျသော ထိုမြို့သည် ယေရုရှလင်မြို့ပျက်စီးသောအခါ စီးပွားရေးလုပ်ငန်းဟူသမျှ လက်ဝါးကြီးအုပ်ခွင့် ရသွားသည်။ အဲဂုတ္တုပြည်နှင့် တောင်ပိုင်းနိုင်ငံများ ကူးသန်းရောင်းဝယ်ရေး ကုန်သွယ်လုပ်ငန်းအား သိမ်းပိုက်ခွင့်ရရှိသွားသည်။

၂၆:၃−၁၁ ဘုရားသခင်သည် ထိုမြို့ပြနိုင်ငံအား ပဲ့ပြင်ဆုံးမရန် လူမျိုးများစွာကို အသုံးပြုမည်။ အငယ် ၄−၆၌ ကြိုတင်နိမိတ်ဖတ်ထားသလို ပြည့်စုံလာခဲ့ပြီ။ ဦးစွာ ဘုရင့်တကာ့ဘုရင်၂၃ ဗာဗုလုန်နေဗုခပ်နေဇာမင်းသည် မြောက်အရပ်မှ လာ၍ တုရုမြို့ကို တိုက်ခိုက်သည်(ငယ်၇−၁၁). ထိုထိတ်လန့်ခြောက်ခြားဖွယ်ကာလသည် ဘီစီ−၅၈၇ ခန့်တွင်စတင်၍ ဘီစီ−၅၈၄ တိုင်အောင် ရှည်ကြာသည်။ ထိုအနိဋ္ဌာရုံကာလနှင့် ပက်သက်၍ Feinberg ရေးသားခဲ့သည်မှာ−

ခံတပ်နှင့် မျှော်စင်များကြား၌ စစ်ခရာသံများကား ရိုးအီနေပြီဖြစ်သည်။ ဒိုင်း၊ လွှား၊ ကာများသည် မြို့ရိုး၊ ပြအိုးနှင့် ပစ်စင်များမှ ပစ်လွှတ်သော ရန်သူ့လက်နက်များကို ကာကွယ်ပေးသည်။ မြို့ရိုးနံရံများကို ထိုးလှဲဖြိုဖောက်မည့် မောင်းတုံးလှည်းများနှင့် မောင်းလွှဲများက တဒုံးဒုံ:ထုနှက်နေသည်။ ရဲတင်း၊ ပုဆိန်၊ ဓါး၊ လှံ၊ အဲမောင်း၊ တူရွင်း စသောတိုက်ပွဲဝင်လက်နက်ကရိယာများ တဖွားဖွား လှုပ်နေသည်။ အချို့ကအပိုဒ်ငယ်(၁၀) အစပိုင်းကို အတိဿယဝုတ္တိမြောက် တင်စားချက်အဖြစ် မှတ်ယူသည်။ သို့သော်လည်းကျမ်းစာပရောဖက်ပြုချက်မှာ အမှန်ဖြစ်ရပ်ထက်လွန်ကဲခြင်းမရှိပါ။ ထောင်သောင်းမသ များပြားလှသော ရန်သူ့စစ်မြင်းတို့၏ နှာမှုတ်သံ၊ ခွါပေါက်သံများကြားမှ အလိပ်အလိပ်တက်လာသော ဖုန်မှုန့်များသည် တစ်မြို့လုံး ဖုံးလွှားနေပါသည်။ ချီတက်လာသော မြင်းတပ် စစ်ရထားများအသံက တော်လဲမြေပြိုသည့်နှင့် မြေတပြင်လုံး သိမ့်သိမ့်တုန်စေသည်။ လမ်းမလမ်းသွယ်များ၌ စစ်မိန့်သံဖြင့် ဆူညံလျက်သေဆုံ:သော အလောင်းကောင်များကလည်း ပျံ့ကြဲနေသည်။ NIV ကျမ်းဖော်ပြသော Pillarsမှာ သမိုင်းပညာရှင်ဟီရိုဒိုးတပ်စ်(Herodotus) မှတ်တမ်းတင်ခဲ့သော ဟီရာကလိစ်(Heracles)နတ် ကွန်းမှပြိုလဲနေသည့် လေးမျက်နှာမော်ကွန်းတိုင်များ (Obelisks) ဖြစ်ဟန်ရှိသည်။ရွှေပိန်းချတိုင်များ သည် ညအချိန် ဝင်းလက်တောက်ပ ရှုမငြီးအောင် လှပခဲ့ကြောင်းဆိုစမှတ် ပြုကြသည်။ တုရု( Tyre) မြို့စောင့်နတ်ဘုရား Melkarth ကို ရည်မှတ် စိုက်ထူထားခြင်း ဖြစ်သည်။ (၃ရာ၊ :၁၅ နှင့်ယှဉ်ဖတ်ပါ) ကျူးကျော်သူများက ထိုခန့်ညားကြီးကျယ်လှသော မော်ကွန်းတိုင်ကြီးများကို ဖြိုလှဲဖျက်ဆီးခဲ့သည်။၂၄

၂၆:၁၂−၁၄ ပြည်သူပြည်သားအပေါင်းတို့သည် မိမိတို့ပိုင်စည်းစိမ်ဥစ္စာများကို သယ်ယူ၍ တုရုဟုပင်ခေါ်တွင်သော ပင်လယ်ကမ်းလွန်ကျွန်းငယ်သို့ ထွက်ပြေးပုန်းခို ကြသည်။ နှစ်ပေါင်း−၂၅၀ခန့် လုံခြုံစိတ်ချစွာ နေထိုင်ခဲ့ကြပြီးနောက် ဂရိမဟာအလက်ဇန္ဒားမင်း လက်ထက်၌ ကျွန်းနှင့်တဆက်တစပ်တည်း ဖြစ်အောင်တာရိုးဖို့ရန် အုတ်ကျိုးအုတ်ပဲ့များကို ပင်လယ်ထဲပစ်ချ ဆယ်ဖို့ သဖြင့် မူလမြို့တော်ဟောင်းနေရာနှင့် ဆက်စပ်သွားသည်။ ဘီစီ ၃၃၂ ခုနှစ်တွင် မဟာအလက်ဇန္ဒား၏ စစ်သားများက လုပ်ဆောင်ကြခြင်း ဖြစ်သည်။ လွန်ခဲ့သောနှစ်−၁၀၀ ခန့်က ခရီးသွားတစ်ဦးမှတ်တမ်းတင်ခဲ့သည့် တုရုမြို့အပျက်အစီးပုံသည် ကျမ်းစာပရောဖက်ပြုချက်အတိုင်း အပီအပြင် ဖြစ်လာသည်။

ထိုကျွန်းကား အလျားတစ်မိုင်ထက်မပိုပါ။ ကျွန်း၏တောင်ဖက်ကျွန်းဆက်တာ ရိုးအလွန်၌ နှစ်ဖာလုံခန့်သာ ကျယ်မည်။ ကျောက်ဆောင်ပေါ၍ မြေမျက်နှာ မညီပါ။ ယခုတွင် နေထိုင်သူကင်းမဲ့၍ တံငါသည်များ နားခိုပိုက်ကွန်လှမ်းရာ အရပ် ဖြစ်သည်။၂၅

၂၆:၁၅၂၁ တုရုမြို့ကျဆုံးခြင်း အကြောင်းသည် တပါးအမျိုးသားများထံသို့ ရုတ်ခြည်းပျံ့နှံ့သွားသည်။ နှစ်လိုဖွယ်ရာကောင်းသော မြို့တော်၏ အလှအပများ အားလုံးသည်လည်း ပျက်စီးကုန်သည်။ သို့သော်လည်း ဘုရားသခင်သည် ထိုနေရာအား သတ္တဝါများနေထိုင်ကျက်စားရာ မင်္ဂလာနေရာအဖြစ် ပြန်လည်ဖြစ်ထွန်းစေမည်။

အပိုဒ်ငယ် ၂၁ တိုင်အောင် တုရမြို့ ပြန်လည်တည်ဆောက်ခြင်း မတွေ့ရပါ။ Peter Stoner ရေးသားသော Science Speaks ၌ တုရုမြို့အကြောင်းပရောဖက်ပြုချက်များကို အနုစိတ်လေ့လာပြီး သင်္ချာသဘောတရား ဖြစ်တန်စွမ်းသီအိုရိ (Principle of Probability) အရ ပရောဖက်ပြုချက်အပြည့်ဝ ပြီးမြောက်ပြည့်စုံရန်မှာ အကြိမ်သန်း−၄၀၀တွင် တစ်ကြိမ်သာ အခွင့်အရေးရှိနိုင်သည်ဟု ကောက်ချက်ချထားသည်။၂၆

Previous Article
Next Article