ယေဇကျေလအနာဂတ္တိကျမ်း ၂၇
(၂) တုရုမြို့အတွက်ငိုချင်း (အခန်း ၂၇)
၂၇:၁−၉ တုရုမြို့သည် လှပသာယာပြီး၊ ဗိသုကာလက်ရာ မြောက်အဆောက်အဦများနှင့် ကမ္ဘာအနှံ့မှ အကောင်းဆုံးအရာတို့ ပေါင်းစည်းစုဆုံရာ မြို့တော်ကြီးဖြစ်သည်။ ၎င်းမှာ စစ်ရေးအင်အားဖြင့် တည်ထောင်ခဲ့ခြင်းမဟုတ်။ ကုန်သွယ်စီးပွားဖြင့် အောင်မြင်ဖြစ်ထွန်းလာခြင်း ဖြစ်သည်။ ကုန်စည်မျိုးစုံ၊ အသိအမြင်သုတနှင့် ပညာရပ်မျိုးစုံ ကူးသန်းဖလှယ်ခြင်းမှ ချမ်းသာ ကြွယ်ဝ လာခြင်းဖြစ်သည်။ ဤအချက်ကို ယေဘုယျ လက်ခံနိုင်သော်လည်း ဘုရားနှင့်ကင်းကွာသော ဉာဏ်ပညာ ဥစ္စာစည်းစိမ်ကား အချည်းနှီးပေတည်း။ ကမ္ဘာလောကကြီးတစ်ခုလုံးကို ပိုင်ဆိုင်ချမ်းသာသော်လည်း ဝိညာဉ်ဆုံးရှုံးလျှင် အဘယ်တန်ဖိုးရှိမည်နည်း။
၂၇:၁၀−၃၆ ပေရသိ(ပါရှား)၊ လုဒိဖုတလူ (လစ်ဗျား) ပါဝင်သော တုရစစ်အင်အားအကြောင်းကို အငယ်၁၀−၁၁၌ ဖတ်ရှုရပြီး၊ တုရုဓနစီးပွားအင်အားအကြောင်းကို အငယ် ၁၂−၂၇ တွင် ဖော်ပြသည်။ သို့သော် ထိုအရာများသည် အရှေ့လေ (ဗာဗုလုန်၊ အငယ် ၂၆၊၂၇) တိုက်ခတ်လာသောအခါ ပျောက်လွှင့်ကုန်သည်။ မြို့တော်ပျက်သုဉ်းခြင်းသတင်းစကား ကြားသိရသော တပါးအမျိုးသားများသည် အံ့သြတုန်လှုပ်ကြသည်(အငယ် ၂၈−၃၆)။