ယေဇကျေလအနာဂတ္တိကျမ်း ၂၈
(၃) တုရုမင်းကျဆုံးခြင်း (၂၈:၁−၁၉)
၂၈:၁−၁၀ တုရုမင်း ဉာဏ်ပညာ၌ ထောင်လွှားမှု၊ စည်းစိမ်ချမ်းသာ၌ မောက်မာမှုကြောင်းများကိုအငယ်၁−၆တွင်၎င်း၊ ဗာဗုလုန်က ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးသည့် အေ
ကြာင်းကို အငယ် ၇−၁၀၌၎င်း ဖော်ပြထားသည်။ ဤမင်းသည် အန္တိခရစ်၏ အရိပ်နိမိတ် ဖြစ်သည်မှာ ယုံမှားဖွယ်ရာမရှိပါ။
၂၈:၁၁−၁၉ အပိုဒ်ငယ် ၁၁ တွင် တုရုမင်းသည် တုရုရှင်ဘုရင် ဖြစ်လာသည်။ ရှင်ဘုရင်သည် မင်းစိုးဝန်ရာတို့၏ သက်ဝင်လှုပ်ရှားမှုဖြစ်သည်။ တုရုဘုရင်တင့်တယ်မှုက သူ့ကို ကျော်ကြားတိက္ကမဖြစ်စေသလိုသူ ၏မာန်မာနက သူ့ကိုပြန်လည်ဖျက်ဆီးခဲ့သည်။
တုရုဘုရင်ကိုဖော်ပြရာတွင် သူသည်ထူးဆန်းသော တံဆိပ်ဖြစ်၏။ ပညာနှင့်ပြည့်စုံ၍ အသရေလည်းတင့်တယ်၏။ ဧဒင်ဟူသော ဘုရားသခင်၏ ဥယျာဉ်တော်၌ နေခဲ့ပြီ။ ကျောက်မျက်ရတနာအသွယ်သွယ်ဖြင့် တန်ဆာဆင်သော ခေါင်းဖုံးကို ဆောင်းထားသည်။ ရွှေပတ်သာ ရွှေပုလွင်တို့သည် ဖွားသောနေ့ကပင် သူ့အတွက် ပြင်ဆင်ထားပြီး ဖြစ်သည်။ ဖြန့်၍ လွှမ်းမိုးသောခေရုဗိမ် ဖြစ်လျက် ဘုရားသခင်၏ သန့်ရှင်းသော တောင်ပေါ်မှာ နေရာကျပြီ….. စသောဖော်ပြချက်များကို စုစည်းလိုက်လျှင် ကြီးကျယ်သော မဟာဧကရာဇ်မင်းများပင်လျှင် အားကျလောက်အောင် ကြီးကျယ်ခန်းနားစွာ တင်စားချီးပ ထားကြောင်းတွေ့ရ ပေသည်။
အပိုဒ်ငယ် ၁၁−၁၉ ပါ အကြောင်းအချက်များကြောင့် ဤစာပိုဒ်များသည် စာတန်ကောင်းကင်ဘုံမှ ကျဆင်းခြင်းအကြောင်း ဖြစ်သည်ဟု ကျမ်းစာသုတေသီများက ဆိုစမှတ်ပြုကြသည်။ ထိုအကြောင်းကို Feinberg က ဤသို့ရှင်းပြသည်။
သူ့ခေတ်အခါ လူတို့၏အခြေအနေကို တုရုရှင်ဘုရင်အား ဥဒါဟရုဏ်ပြု၍ ယေဇကျေလစိတ်နှလုံး၌ သံမှိုကဲ့သို့စွဲနေသည်။ လူသားများ ဘုရားနှင့် ကင်းဝေးနေပုံ၊ မာန်မာနထောင်လွှားပုံတို့ကို တုရုဘုရင်၌ သရုပ်ဖော်ထားသည်။ ထိုသက်ဦးဆံပိုင် မင်းစဉ်းစားသမျှ လုပ်ဆောင်သမျှကို ယေဇကျေလကောင်းစွာ သဘောပေါက်နေပါသည်။ ထို့ပြင်သူ့ကို ဘုရားအားဆန့်ကျင်လာအောင် နောက်ကွယ်မှ လှုံ့ဆော်သွေးထိုးနေသူမှာ စာတန်ဖြစ်ကြောင်း ယေဇကျေလက ရှင်းရှင်းလင်းလင်း သိမြင်သည်။ လိုရင်းကိုပြောရလျှင် စာတန်၏ မာယာပရိယာယ်ကို အကုန်အစင်သိသည်။ အထူးသဖြင့် တုရုမင်းသည် စာတန်၏နည်းလမ်းဗျူဟာအသွယ်သွယ်ကို လက်တွေ့ တုပချသုံး ခြင်းဖြစ်သည်။ မဿဲ၊၁၆:၂၁−၂၃ တွင် သခင်ယေရှုက ပေတရုအား အပြစ်တင်ကြိမ်းမောင်းခြင်းကို အမှတ်ရပါ။ သခင်ယေရှု၏ မြေကြီးအမှုတော်တလျှောက် ထိုသို့ခက်ထန်သော စကားပြောခြင်းကို အခြား၌ မတွေ့ရပါ။ ဤတွင် ပေတရုအား စာတန် ဖြစ်သွားသည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ပေတရုက ကိုယ်တော်၏ ကရာနီအမှုတော်ခရီးကို ဆန့်ကျင်ဟန့်တားရန် စေ့ဆော်သော နောက်ကွယ်မှ နတ်ဆိုးမင်းစာတန်ကို ရည်ညွှန်းခြင်းဖြစ်သည်။ ထိုဖြစ်ရပ်နှစ်ခုသည် ခပ်ဆင်ဆင်တူသည်။ အချို့လွတ်လပ်သော ကျမ်းစာပညာရှင် များက ယေဇကျေလ၌ တုရုမြို့ဆိုင်ရာ စိတ်ဝိညာဉ် တန်ခိုးပါရမီ ရှိကြောင်း လက်ခံကြသည်။ ယင်းကို ဒံယေလအနာဂတ္တိကျမ်း၌ ပါရှိသော ကောင်းကင်တမန်အစွမ်းတန်ခိုးမျိုးရှိသည့် တိုင်းနိုင်ငံရေးရာ ကိစ္စအဝဝကို လွှဲအပ်ခံရသော မင်းလုလင်များနှင့် နှိုင်းယှဉ်နိုင်သည်။၂၇
မာန်မာနသည် ခွန်အားတန်ခိုး၊ ဉာဏ်ပညာနှင့် ပြည့်စုံသောမင်းကိုပင် ပျက်ဆီးစေရန် လုံလောက်သည်မှန်လျှင် အသက်တာလျှောက်လှမ်းခြင်း၌ ဘုရားသခင်အပေါ် လုံးလုံးမှီခိုအားထားဖို့ရန် ပိုမိုအလေးဂရုထားသင့်သည် မဟုတ်ပါလား။
ဇိဒုန်မြို့ (၂၈:၂၀-၂၆)
၂၈:၂၀−၂၃ ဆဌမမြောက် အပြစ်တရားစီရင်ခံရမည်မှာ ဇိဒုန်မြို့ ဖြစ်သည်။ တုရုမြို့အနီးရှိ ပင်လယ်ကမ်းခြေမြို့ ဖြစ်သည်။ ကာလနာရောဂါကျရောက်မည့်အကြောင်း ဓါးစာမိ(စစ်ဘေးသင့်) မည့်အကြောင်း သတိပေးသည်။ သို့သော် ထာဝရတိမ်ကောပပျောက်မည်မဟုတ်။ ကျမ်းစာအတိုင်းပင် ယနေ့တိုင်အောင် လေဗနုန်ပြည်၌ ဇိဒုန်မြို့အထင်အရှားရှိနေသေးသည်။ တုရုမြို့မှုကား သဲလွင်စခြေရာရှာမတွေ့အောင် လုံးဝပျောက်ကွယ်သွားသည်(၂၆:၂၁ ရှု)။
၂၈:၂၄−၂၆ ဤကျမ်းပိုဒ်များက ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်၏ နိုင်ငံတော်တည်ထောင်သောအခါ ဣသရေလနိုင်ငံပြန်လည်စုစည်း ထူထောင်မည့်အကြောင်း ဗျာဒိတ်ပြုထားသည်။