ယေဇကျေလအနာဂတ္တိကျမ်း ၃၃
၄။ ဣသရေလတို့ပြန်လည်ထူထောင်ခြင်းနှင့် ရန်သူများကို နှိမ်နှင်းခြင်း (အခန်း ၃၃−၃၉)
အခန်း ၃၃ မှစ၍ ဤကျမ်းစာအုပ်အဆုံးအထိ ဣသရေလလူမျိုးပြန်လည်ထူထောင်မည့်အကြောင်း၊ ဗိမာန်တော်ပြန်လည်တည်ဆောက်မည့်အကြောင်း ဟောပြောထား ခြင်းဖြစ်သည်။
(က) ပရောဖက်အားကင်းစောင့်သူအဖြစ် ခန့်အပ်ခြင်း (အခန်း ၃၃ )
၃၃:၁−၉ ဤအခန်းတွင် ယေဇကျေလကို ကြည့်ရှု ကင်းစောင့်သူအဖြစ် ဖော်ပြသည်။ သူ့လူများအား ယုံကြည်ခြင်း သစွာရှိကြဖို့ သတိပေးသော်လည်း နာခံမှုမရှိဘဲ ပျက်စီးခြင်းလမ်းသို့သာ လိုက်ကြသဖြင့် ကိုယ်ပြုကိုယ်ခံ ဖြစ်မည်။ အကယ်၍ သတိမပေးသဖြင့် သူတို့ပျက်စီးကြလျှင် ဘုရားသခင်က သူတို့အသွေးဖိုးအား ကင်းစောင့်သူထံမှ ပြန်လည်တောင်းလိမ့်မည်။
ဘုရားသခင်က ယေဇကျေလအား ဣသရေလအိမ်တော်ကို ကြည့်ရှုစောင့်ရှောက်ရန် တာဝန်ပေးသည်။ ဤနေရာတွင် မေးခွန်းပေါင်းများစွာ ထွက်ပေါ်လာနိုင်သည်။ ဘုရားသခင်က မည်သူ့ကို မည်သည့်တာဝန် ပေးထားသနည်း။ မည်သူ့အတွက် သက်သေခံ ဖြစ်ကြရမည်နည်း။ မည်သူ့ကို သတိပေးရမည်နည်း။ ဆွေမျိုးသားချင်း၊ သူငယ်ချင်း၊အိမ်နီးနားချင်းများလား၊ လုပ်ဖော်ဆောင်ဖက်များလား။ ဤတာဝန်သည် တည်ကြည်လေးနက်သည်။ အကယ်၍ ဤတာဝန်အတိုင်း ဖြည့်ဆည်းခြင်းမရှိလျှင် မိမိတို့ ဝိညာဉ်ရေးကြီးထွားမှု ထိခိုက်စေပါသည်။
၃၃:၁၀−၂၀ လူအများက “မည်ကဲ့သို့ အသက်ရှင်ရမည်နည်း”ဟု စိတ်ပျက်အားငယ်စွာ မေးမြန်းကြပါ ထိမ့်မည်။ ယနေ့ခေတ်ကာလတွင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအစရှိသော လူပြဿနာပေါင်းစုံကြားတွင် စိတ်ပျက်အားငယ်သူ၊ မျှော်လင့်ချက်ပျောက်ဆုံးသူ၊ ဒုနှင့်ဒေးရှိကြပါသည်။ ဘုရားသခင်၏ အဖြေစကားမှာ အဆိုးဝါးဆုံးသော အပြစ်ဒုစရိုက်သားများအတွက် အကောင်းဆုံး မျှော်လင့်ချက်ဖြစ်သည်။ မျှောလင့်ချက်ရဖို့ အပြစ်ဒုစရိုက်မှ လှည့်ပြန်လာရန် သာလိုအပ်သည်။ လျစ်လျူရှုခြင်း ဖြင့်မရနိုင်ပါ။ ၎င်းသည် တရားမျှတခြင်းမရှိဟု အချို့က စောဒကတက်ကြသည်။ ထိုဟို့မဟုတ်ကြောင်း ဘုရားသခင်ကငြင်းဆိုသည်။ အပြစ်ကိုဝန်ခံ၍ ဒုစရိုက်အမှုအားစွန့်ခွါလာသော ဆိုးယုတ်သူအား အပြစ်ခွင့်လွှတ်ခြင်းပေး သည့်နည်းတူ၊ ဒုစရိုက်လမ်း သို့ပြန်သွားသောဖြောင့်မတ်သူအားလည်း စီရင်ခြင်း ပြစ်ဒဏ်ပေးမည် ဟုဆိုသည်။
၃၃:၂၁−၂၂ ယေဇကျေလ၏ နှုတ်သည်ပွင့်ဟလာသည်။ ဆွံ့အမနေတော့။ မကြာမီ ယေရုရှလင်မှ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက မြို့တော်ကို ရန်သူတို့က သိမ်းပိုက်လိုက်ပြီဟု သတင်းပေးပို့လာသည် (၂၄:၂၇ ကိုလည်းရှုပါ)။
၃၃:၂၃−၂၉ ဤအပိုဒ်ငယ်များသည် ယေရုရှလင်မြို့ကျဆုံးပြီးနောက် ဣသရေလမြေပေါ်၌ ကြွင်းကျန်သော လက်တဆုပ်စာ ယုဒလူမျိုးများအကြောင်း ဖြစ်သည်။ အာဗြဟံ တစ်ဦးတည်းက ဤပြည်ကို အမွေခံခဲ့သည်။ ငါတို့လူအများအဖြစ်လျက်နှင့် ဤပြည်၏အမွေကို မခံရကောင်းလားဟု ဆိုကြသည်။ သို့သော် ဘုရားသခင်က အရေအတွက်ထက် အရည်အချင်းကိုသာ တန်ဖိုးထားသည်။ ထိုသူတို့သည် ရုပ်တုဆင်းတု အမျိုးမျိုးကိုးကွယ်ခြင်း၊ အကျင့်စာရိတ္တပျက်ယွင်းခြင်းဖြင့် ထိုပြည်အား ညစ်နွမ်းယုတ်ညံ့စေခဲ့သောကြောင့် သန့်စင်ပေးဖို့ လိုအပ်ပြီ။ သူတို့ကို စစ်ကြောခြင်းဖြစ်သည်။ သူတိုသည် အာဗြဟံ၏(ဝိညာဉ်ရေးရာ) စစ်မှန်သော အမွေခံများမဟုတ်ကြ။ အပြင်ပန်းလုပ်ဆောင်မှုက အပြစ်စီရင်ခြင်းကို မကယ်ဆယ်နိုင်။ ဘုရားသခင်သည် နှုတ်ခမ်းဖျားက ချိုသာသောပီယဝါစာစကားကို စိတ်မဝင်စား၊ အသက်ရှင်ခြင်းနည်းလမ်းအကျင့်ကို သာအသိမှတ်ပြုသည် (ယာ ၂:၁၄ နှင့်ယှဉ်ဖတ်)။
၃၃:၃၀−၃၃ လူအပေါင်းတို့သည် ယေဇကျေလ၏ စကားကို နှစ်သက်ဟန်ရှိသော်လည်း လက်တွေ့လိုက်နာလုပ်ဆောင်လိုစိတ်မရှိကြ။ သူ၏ ပရောဖက်ပြုချက်များပြည့်စုံသောအခါကျမှ သူတို့အလယ်တွင် ပရောဖက်တစ်ပါးရှိခဲ့ကြောင်း သိရှိကြရမည်။
ယနေ့ယုံကြည်သူများသည်လည်း ကြားရသော နှုတ်ကပတ်တော်များကို ကြားရုံသာကြားကြသလား၊ အသက်တာတွင် လက်တွေ့ အသုံးချပါသလားဟု မိမိကိုယ်ကို ပြန်လည်ဆန်းစစ် ဖို့လိုပါသည်။ ကြားနာရသော တရားဒေသနာအား အကောင်းဆုံး တုန့်ပြန်ချက်မှာ “ကောင်းလိုက်တဲ့တရားဒေသနာဟု ပြောဆိုရုံမျှသာ မဟုတ်ပါ။ “ဘုရားသခင်က ကျွန်ုပ်ကိုစကားပြောနေပြီ။ တခုခုလုပ်ရတော့မည်”ဟု ဖြစ်သင့်သည်။