ယေဇကျေလအနာဂတ္တိကျမ်း ၃၄
(ခ) အငှါးသိုးထိန်းနှင့်သိုးထိန်းကောင်း (အခန်း ၃၄)
၃၄:၁−၆ သိုးထိန်းများ(အုပ်စိုးသူအစိုးရ)သည် သိုးများကို (ပြည်သူလူထု)၏ အရေးအရာကို အမှန်တကယ်စိတ်ဝင်စားလေဟန်နှင့် မိမိတို့ကိုယ်ကျိုးစီးပွားကိုသာ ရှေးရှုသူများ ဖြစ်သည်။ ရက်စက်ကြမ်းကြုတ်စွာ စီမံအုပ်ချုပ်ကြသဖြင့် သိုးများပြန့်ကြဲ ကွဲလွင့်ကြသည်။
ယနေ့ခေတ်ကာလတွင်လည်း ဘာသာရေးခေါင်းဆောင်များသည် သိုးများထိန်းကျောင်းကျွေးမွေးမည့် နည်းလမ်းကောင်းသင်ယူလိုစိတ်မရှိကြပါ။ အကျိုးအမြတ်ရရှိမည့်နည်းလမ်းကိုသာ ရှာကြံကြသည်။ သိုးများကို အလုပ်အကျွေးပြုလိုသော၊ သိုးအုပ်အတွက်နမူနာ ကောင်းပြသနိုင်သော သိုးထိန်းကောင်းရရှိဖို့ရန် ဘုရားသခင်ထံ အမြဲတန်းဆုတောင်း ကျေးဇူးတော်ချီးမွမ်းရမည်။
ဘုရားသခင်းသည် သိုးအုပ်ကို သာ၍ ဆိုးရွားစွာမပျက်စီးစေဖို့ ဦးစွာ ကွဲလွင့်ပြန့်ကြဲစေရန် အခွင့်ပေးခြင်း ဖြစ်သည်(ငယ် ၁၀)။ ထိုအကြောင်းကို Yates ကဤသို့ ရှင်းပြထားသည်။
ယေဇကျေလလက်ထက်၌ မှားယွင်းသောဓမ္မဆရာများ၏ ကြေကွဲဖွယ်ဖြစ်ရပ် ရုပ်ပုံလွှာကို ချယ်မှုန်း ရေးဖွဲ့ထားသည်။ တာဝန်မဲ့သိုးထိန်းများက သူတို့ကိုယ်ကျိုးစီးပွားကို ဖူးဖူးမှုတ် အလေးထားရှာနေစဉ် သိုးများမှာ ထိန်းကွပ်သူကင်းမဲ့ ဆာလောင်မွတ်သိပ်စွာဖြင့် ပြန့်ကြဲကွဲလွင့် ကုန်ကြသည်။ သူတို့၏ စားဝတ်နေရေး ပြေလည်ဖို့ သူတို့ကိုယ်တိုင် အရေးထားရှာဖွေနေရသော်လည်း ပျင်းကြောဆွဲ ဇိမ်ယစ်နေသော သိုးထိန်းတို့က သူတို့အတွက် တစ်မိနစ်မျှ အချိန်ပေး စဉ်းစားလိုခြင်း မရှိကြပေ။၂၉
၃၄:၇−၁၀ ထို့ကြောင့် ဘုရားသခင်သည် သိုးထိန်းများအား ထိုအငှါးသိုးထိန်းများလက်ထဲမှ ကယ်နုတ်ရန်ဆန္ဒရှိခဲ့သည်။ သိုးများကို ပြန်လည်စုသိမ်း၍ သိုးတစ်ကောင်ချင်း၏ လိုအပ်ချက်များဖြည့်ဆည်းပေးခြင်းဖြင့် ကောင်းချီးပေးလိုသည်။ အကြီးမြတ်ဆုံးကောင်းချီးမင်္ဂလာမှာ ဘုရားသခင်နှင့် သိုးများ ပြန်လည်ပေါင်းစည်းခြင်းတည်းဟူသော ဘုရားနှင့်လူ ကျွမ်းဝင်သော မိတ်သဟာယ ဖွဲ့ခြင်းဖြစ်သည်။
၃၄:၁၁−၁၆ ဘုရားသခင်ကိုယ်တော်တိုင် သူတို့ သိုးထိန်းဖြစ်မည်။ သိုးများကို ကတိတော်မြေသို့စုစည်းကာ၊ သူတို့အပေါ် (နှစ်တစ်ထောင်ကာလ၌) အုပ်စိုးမည်။ ဘုရားသခင်က သိုးများအုပ်စိုးမည့်အကြောင်းကို ဆရာကြီး D. L. Moody က ဤသို့ရှင်းပြသည်။
ငါ(ပြု)မည် ဆိုသည်မှာ သိုးများကိုယ်စား ဘုရားသခင်ပြုမည့်အရာဖြစ်ကြောင်း သတိပြုပါ။
သိုးထိန်းနှင့်သိုးများ
ငယ် ၁၁။ ငါသည်….ငါသိုးတို့ကိုရှာမည်။
ငယ် ၁၂။ ငါသည်… နှုတ်ဆောင်မည်။
ငယ် ၁၃။ ငါသည်… ခေါ်ခဲ့၍….။
ငယ် ၁၃။သူတို့ကို စုစည်းစေပြီးလျှင်…။
ငယ် ၁၃။ …… နေရင်းပြည်သို့ ပို့ဆောင်မည်။
ငယ် ၁၄။ သူတို့ကို… ကျွေးမွေးမည်။
ငယ် ၁၅။ သူတို့ကို…အိပ်ယာပေးမည်။
ငယ် ၁၆။ အရိုးကျိုးသော သိုးကို အဝတ်စည်းပေးမည်။
ငယ် ၁၆။ အားနည်းသောသိုးကို မစမည်။
သိုးတို့သည် ဘုရားသခင်၏ ကောင်းသော သိုးခြံ၌ လဲလျောင်းအိပ်စက်ရသော်လည်း၊ ဘုရားသခင်၏ စားကျက်မြက်ခင်း၌ တစ်ကောင်မျှမရှိကြ။ ၃၀
အချို့ဆရာများက ဓမ္မဟောင်းကာလ ဘုရားသခင်သည် အကြင်နာကင်းမဲ့၍ ကြမ်းကြုတ်သည်။ ဓမ္မသစ် ကာလဘုရားသခင်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်ဟု အဓွန့်တက်ကြသည်။၃၁ John Taylor က ဓမ္မဟောင်းသိုးထိန်းနှင့် ဓမ္မသစ်သိုးထိန်း အကြောင်းကို ဤသို့လှပစွာ သွယ်ယှက်ရှင်းပြသည်။
အပိုဒ်ငယ် ၁၂ တွင် သိုးထိန်းက လမ်းပျောက်သော သိုးကို လိုက်လံရှာဖွေခြင်းမြင်ကွင်းမှာ လု ၁၅:၄ ၌ ပျောက်သောသိုးကို လိုက်လံရှာဖွေခြင်း ပုံဥပမာ၏ ရှေ့ပြေးအရိပ်ဖြစ်သည်။ ခရစ်တော်က ယေဇကျေလလမ်းကို အခြေပြုခြင်းဖြစ်သည်မှာ သံသယရှင်းသည်။ ဤအချက်က ဓမ္မဟောင်းကာလ ဘုရားသခင်သည် နူးညံ့သိမ်မွေ့၍ အကြင်နာတရားပြည့်ဝသော ဘုရားဖြစ်ကြောင်းထင်ရှားသည်။ ဣသရေလတို့၏ ယာဝေးဘုရားနှင့် ဓမ္မသစ်ကာလ သခင်ယေရှုခရစ်၏ အဖခမည်းတော် ဘုရားသခင်ကြား သွေးခွဲသပ်လျှိုမှုကိုလည်း လွင့်စင်ပပျောက်စေသည်။ နူးညံ့ကြင်နာတတ်သော သိုးထိန်းအကြောင်းကို အခြားကျမ်းများတွင်လည်း ဖော်ပြပြောဆိုထားပါသည် (ဆာ ၇၈:၅၂။ ၇၉:၁၃။ ၈၀:၁။ ဟေရှာ ၄၀:၁၁ ၄၉:၉။ ယေ ၃၁:၁၀ တို့ကို ဖတ်ပါ)၃၂
၃၄:၁၇−၂၄ အတ္တလွန်ကဲ၍ ကြမ်းကြုတ်သော သိုးထိန်းများလက်ထဲမှ သိုးများကို ဘုရားသခင်ကယ်နုတ်မည်။ အငယ် ၂၃ နှင့် ၂၄ တွင်ပါရှိသော “ငါ၏ကျွန်ဒါဝိဒ်” သည် ဒါဝိဒ် အမျိုးမှဆင်းသက်လာသော သခင်ယေရှုကိုရည်ညွှန်းသည်။ ဟေဗြဲယုံကြည်သူ David Baron က ဤသို့ရှင်းပြထားသည်။
ယုဒလူမျိုးများ နားလည်စေရန် မေရှိယသခင်အား ဒါဝိဒ်မျိုးနွယ်ထဲမှ အကြီးမြတ်ဆုံးသော သားတော်ဟုဖော်ပြညွှန်း အသုံးပြုထားသည်။ ဒါဝိဒ်မျိုးနွယ်သို့ပြုထားသော ကတိတော်ကို ဗဟိုပြုခြင်းဖြစ်သည်။ ထို့ကြောင့် Kimehi ၏ ယေဇကျေလအနက်ဖွင့်ကျမ်း ၃၄:၂၄ တွင် “ငါ၏ကျွန်ဒါဝိဒ်−အမျိုးမှ မေရှိယပေါ်ထွန်း၍ ထိုမျိုးစေ့အားဖြင့် ကယ်တင်ခြင်းရရှိစေမည်”ဟု ဆိုပါသည်။ ၃၇:၂၄ တွင်လည်း “မေရှိယသခင်−သူ၏နာမတော်ကိုဒါဝိဒ်ဟုလည်း ခေါ်ဆိုကြမည်။ အကြောင်းဆိုသော်ဒါဝိဒ်၏ မျိုးဆက်မှ မွေးဖွားပေါ်ထွန်းသူ ဖြစ်သည်”ဆိုသည်။ ယုဒအစဉ်အလာအရလည်း လက်တွေ့ကျသည်။၃၃
၃၄:၂၅−၃၁ ဘုရားသခင်၏ သိုးများအနာဂတ် ဘဝလုံခြုံရေးနှင့် ကြွယ်ဝချမ်းသာခြင်းအကြောင်းဖော်ပြထားသည်။ ငြိမ်သက်ခြင်းပဋိညာဉ် (ငယ် ၂၅) ကောင်းချီးမင်္ဂလာ ခံစားကြရမည်(ငယ် ၂၆)။အသရေရှိသော ဥယျာဉ်ဖြစ်စေမည် (ငယ် ၂၉)။ ခရစ်တော်ကိုယ်တိုင် တစ်ပါးတည်းသော ဘုရင်အဖြစ် အုပ်စိုးမည်။ စံပြနမူနာယူရသော အုပ်စိုးသူမင်းဖြစ်မည်။