ယေဇကျေလအနာဂတ္တိကျမ်း ၃၆
(ဃ) လူများနှင့် လယ်ယာမြေ ပြန်လည်ထူထောင်ခြင်း (အခန်း ၃၆)
အခန်းငယ် ၂၅:၃၀ကို ကြည့်၍ အခန်း(၃၆)ကို “ယေဇကျေလဧဝံဂေလိသတင်းကောင်း”ဟု ကျမ်းဂန်ပညာရှင်များက တင်စားကြသည်။
၃၆:၁−၇ ဘုရားသခင်၏ လူမျိုးတော်ကို နှိပ်စက်၍ အိုးအိမ်လယ်ယာမြေများကို သိမ်းဆည်းကြသော လူမျိုးများအား ဘုရားသခင်က အရေးယူအပြစ်ပေးပါသည်။ ထိုလူမျိုးများအနက် ဧဒုံလူမျိုးကို ယေဟောဝါ ဘုရားက သီးသန့်တရားစီရင်မည်။
၃၆:၈−၁၅ ဣသရေလ ရေမြေတောတောင်နှင့် မြို့ပြပြည်ရွာများ၌ လူအများ မှီတင်းနေထိုင်ကြမည်။တိုင်းနိုင်ငံသားများက ဣသရေလတို့အား အထင်မသေးဝံ့တော့ဘဲ မော်ကြည့်ရမည်။
၃၆:၁၆−၂၁ တောတောင်ရေမြေမျှသာ မြေဆီပြည့်ဝစေသည်မဟုတ်။ ကမ္ဘာအရပ်ရပ်သို့ ကွဲလွင့်နေသော ဣသရေလလူမျိုးများကို ဘူမိနက်သန်မြေသို့ ပြန်လည်စုစည်းစေလိမ့်မည်။ သူတို့သည် အသွေးသွန်းခြင်း ရုပ်တုကိုးကွယ်ခြင်းဖြင့် ဘုရားသခင်၏ဂုဏ်အသရေကို ညှိုးနီမ်းစေသောကြောင့် ဝေးမြေရပ်ခြားသို့ ကွဲလွင့်ရောက်ရှိ သွားခြင်းဖြစ်သည်။
၃၆:၂၂−၂၃ အငယ်(၂၂)ကို ပေါလုက ရောမ ၂:၂၄ ၌ တပါးအမျိုးသားများနှင့် ပညတ်တရား ဆက်ဆံရေးအဖြစ် ပြန်လည်ကိုးကားထားသည်။ နေရပ်ဌာနီ သို့ပြန်လည်စုစည်းမိခြင်းမှာ ဣသရေလတို့၏ အစွမ်းအစ ရှေးကုသိုလ်ကံကြောင့် မဟုတ်။ ဘုရားသခင်က ကရုဏာတော်ဖြစ်သည်။
၃၆:၂၄−၂၈ အငယ် ၂၄−၂၈ တွင် ဣသရေလတို့၏ ဝိညာဉ်ရေးရာ ပြန်လည်ရှင်သန်ခြင်းကို ရှင်းပြသည်။ ဘုရားသခင်က ဣသရေလလူမျိုးအား စိတ်နှလုံးသစ်၊ ဝိညာဥ်သစ်(အသစ်တဖန်မွေးဖွားခြင်း) ပေးသနားမည်။ မစင်ကြယ်ခြင်းမှ ကယ်နှုတ်မည်။ Keil က ဤအပိုဒ်ငယ်အတွက် မှတ်ချက်ပြုသည်။
အပြစ်ဒုစရိုက်မှစင်ကြယ်ပေးခြင်း (Cleansing from sins) ဆိုသည်မှာ ဖြောင့်မတ်ရာရောက်စေခြင်း (Justification) ဖြစ်သည်။ သန့်ရှင်းစေခြင်း (Sanctification)နှင့် မရောထွေးသင့်ပါ။ သန့်ရှင်းစေခြင်းတွင် သန့်ရှင်းသောဝိညာဉ်တော်က အဟောင်းဖြစ်သော ကျောက်ခဲနလုံးသားကို ဖယ်ရှား၍ အသစ်ဖြစ်သော အသားနှလုံးသားကို ထည့်သွင်းပေးသည်။ သို့မှသာ ထိုလူသည် ဘုရားသခင်၏ ပညတ်တရားကို ဖြည့်ဆည်းနိုင်၍ အသက်တာသစ်၌ လျှောက်လှမ်းနိုင်မည်။ ၃၄
အသစ်တဖန် မွေးဖွားခြင်းအကြောင်းကို သခင်ယေရှုက နိကောဒင်အား သိနားလည်စေချင်သကဲ့သို့ ဤကျမ်းပိုဒ်ကလည်း ဤသရေလလူမျိုးတို့ထံ စေလွှတ်သော ယေဇကျေလအားဘုရားသခင်က ရှင်းလင်းစွာ သိနားလည်စေချင်သည်(ယော၊၃:၁၀ ယှဉ်)။
၃၆:၂၉−၃၀ ဆန်ရေစပါးနှင့် ကောက်ပဲသီးနှံ များအလွန်ဖြစ်ထွန်းအောင်မြင်သဖြင့် နောက်တဖန်အငတ်ဘေး မကြုံကြရ။ လိုလေသေးမရှိ ဘုရားရှင်ပံ့ပို့မစသော်လည်း သူတို့နှင့်ထိုက်တန်လွန်း၍ မဟုတ်။ဘုရားရှင်၏နာမတော် ထင်ရှားစေဖို့ ဖြစ်သည်။
၃၆:၃၁−၃၈ အိမ်နီးနားချင်း တိုင်းနိုင်ငံများကလည်း ဣသရေလမြေ၌ ဘုရားသခင်က လူဦးရေတိုးပွားစေခြင်းကို မျက်ဝါးထင်ထင် တွေ့မြင်အသိအမှတ်ပြုလာကြသည်။ ဘုရားသခင်ကို စူးစမ်းသိကျွမ်းလာကြမည်။ ယေရုရှလပွဲတော်ရက်များ၌လည်း သိုးအုပ်များကြိတ်ကြိတ်တိုး စည်ကားကြမည်။ ဗာဗုလုန်ပြည်မှ ယုဒများပြန်လည် ရောက်ရှိလာကြခြင်းဖြင့် ဤပရောဖက်ပြုချက်အချို့အဝက် ပြည့်စုံခဲ့ပြီ။ ပရောဖက်ပြုချက်အားလုံး ပြည့်စုံလာရန်မှာ လက်ချိုးမျှော်စောင့်ရဦးမည်။ ခရစ်တော်အုပ်စိုးသောနိုင်ငံတော် တည်ထောင်သည့်အခါ လုံးဝ ပြီးပြည့်စုံလာလိမ့်မည်။
ခေတ်ကာလအခြေအနေအရဆိုလျှင် ၁၉၄၈ ခုနှစ်တွင် ဣသရေလနိုင်ငံပေါ်ထွန်းလာသည်။ ယုဒလူများသည်လည်း မယုံတဝက်ဖြင့် မွေ့ရပ်မြေသို့ ပြန်လည်စုစည်းလာကြပြီ။ ဤအဖြစ်အပျက်က သခင်ခရစ်တော် ပြန်လည်ကြွလာလုနီးပြီဖြစ်ကြောင်း အတိတ်နိမိတ်များ ဖြစ်သည်။