ယေဇကျေလအနာဂတ္တိကျမ်း ၃၇
(င) အရိုးခြောက်များစုပုံရာချိုင့်ဝှမ်းမြင်မက်ခြင်း (၃၇:၁−၁၄)
၃၇:၁−၈ အပိုဒ်ငယ် ၁−၂၌ ယေဇကျေလသည် ချိုင့်ဝှမ်းထဲ၌ ဣသရေလနှင့် အရိုးခြောက်ပုံကြီးရူပါရုံကို တွေ့မြင်ရသည်။ ထိုအရိုးခြောက်များ ပြန်လည်အသက်ရှင်လာဖို့ အမိန့်ပေးသည်။ ယနေ့ကာလ ယုံကြည်သူများ လိုအပ်သော အသက်ရှူရှိုက်ခြင်းနှင့် စပ်ဟပ်အောင် Yates က ဤသို့ရှင်းပြသည်။
ကြောက်ရွံ့ဖွယ်ကောင်း၍ စိတ်ကူးယဉ်လည်းဆန်၊ ဧကန်ဖြစ်ရပ်မှန်လည်းဖြစ်သော ယေဇကျေလ၏ပရောဖက်ပြုချက်သည် ဣသရေလတို့အား ဆက်လက်အသက်ရှင်ရန် မျှော်လင့်ချက်ပေးသည်။ ပြန်လည်ရှင်သန်သာလာကြမည်။ အကြောအရွတ်သွေးမျှင် ကြွက်သားကင်းမဲ့သော အရိုးခြောက်များပင်လျှင် အသက်ပြန်ရှင်နိုင်သည်။ ပြန်ကြွလာမည့်သခင်သည် အသက်ကို ယူဆောင်လာလိမ့်မည်။ စိတ်လှုပ်ရှားဖွယ်ကောင်းသည်မှာ ယနေ့ကမ္ဘာအနှံ့ပြန့်ကြဲနေသော အရိုးခြောက်များလည်း အသက်ဟူသောသမ္မာတရားကို လိုအပ်ဆဲရှိသည်။ သန့်ရှင်းဝိညာဉ်တော်၏ ထက်မြတ်သော တန်ခိုး ရောက်လာသည့်အခါ စစ်မှန်သောရှင်ပြန်ခြင်းသည် ကမ္ဘာမြေ အနှံ့သို့ ချက်ချင်းပျံ့နှံ့သွားပေလိမ့်မည်။(က၊ ၂:၇။ဗျာ၊၁၁:၁၁ တို့နှင့် ယှဉ်ဖတ်)၃၅
ထာဝရဘုရား၏ အမိန့်ကို အရိုးခြောက်တို့အား ဆင့်ဆိုစေရာ အရိုးခြောက်များအပေါ် ဦးစွာအကြောအရွတ်တို့ တွဲဆက်မိသည်။ ထိုအပေါ်မှာ ကြွက်သား၊ ထိုနောက် အရေပြားဖုံးအုပ်စေသည်။
၃၇:၉-၁၄နောက်တဆင့်တွင် အသက်လေအား ဆင့်ဆိုသည့်အခါ လေသည် ခန္ဓာကိုယ်ထဲ ဝင်ရောက်လာ၍ အသက်ရှင်လာမည်။ ဤပုံဥပမာက ဣသရေလလူမျိုးတို့ပြန်လည် နာလံထူထောင်လာမည့်အကြောင်း ပုံဖော်ပြသည် (ငယ် ၁၁ . ၁၄)။ ဦးစွာ ဝိညာဥ်ရေးသေနေသောသူများ ပြန်လည်ထူထလာကြမည်။ ထိုနောက်အသစ်တဖန် မွေးဖွားကြမည်။
လူတစ်ဦးမွေးဖွားခြင်းနှင့်အပြိုင် အသစ်တဖန်မွေးဖွားလာခြင်းကို သတိပြုနိုင်ရမည်။ ၎င်း၌ဘုရားသခင်၏ စကားတော်ရှိရမည် (ငယ် ၄)။ ထိုနောက် ဘုရားသခင်၏ ဝိညာဉ်တော် (အသက်လေ) မှုတ်သွင်းရမည်(ငယ်၉)။
(စ) ဣသရေလနှင့်ယုဒပြန်လည်ပေါင်းစည်းသင့်မြတ်ခြင်း (၃၇:၁၅−၂၈)
၃၇:၁၅−၂၃ ယေဇကျေလအား တုတ်ချောင်းနှစ်ချောင်းယူ၍ တစ်ချောင်းသည် ယုဒလူမျိုးဖြစ်ပြီး အခြားတစ်ချောင်းမှာ ဣသရေလ(ယောသပ်သို့မဟုတ်ဧဖရိမ်)ဖြစ်သည်။ ထိုတုတ်နှစ်ချောင်းကို ထိပ်ဖျားချင်းတေ့ဆက်လိုက်ရာ တစ်ချောင်းတည်းအဖြစ်သို့ ဆက်စပ်သွားသည်။ အဓိပ္ပါယ်မှာ တိုင်းနှစ်ပြည်ထောင်အဖြစ်သို့ ရောဗောင်မင်းလက်ထက်တွင် ကွဲပြိုခဲ့သော်လည်း တစ်ပါးသောဘုရင် (မေရှိယ) လက်ထက်တွင် ပြန်လည်ပေါင်းစည်းမိကြသည်။ ထိုမေရှိယသည် သူတို့အပေါ်မှာ အုပ်စိုးမည်။ သို့ဖြင့် သူတို့ကယ်တင်ခြင်းရ၍ စင်ကြယ်ခြင်းခံလျက်၊ ပြန်လည်ထူထောင်ကြမည်။
၃၇:၂၄-၂၈ ဒါဝိဒ် (ဤနေရာတွင် သခင်ယေရှုကိုဆိုလိုသည်) သည် ဘုရင်ဖြစ်လာပြီး၊ ပြည်သူများက အမိန့်တော်ကိုမြေဝယ်မကျ နားထောင်ကြလိမ့်မည်။ ထိုလူမျိုးအား ငြိမ်သက်ခြင်းဆိုင်ရာ ထာဝရတည်မြဲသော ပဋိညာဉ်တရားဖြင့် ဘုရားရှင်ကဖွဲ့ နှောင်မည်။ သူတို့အလယ်တွင် ဗိမာန်တော်တည်မည်။ ဤအရာတို့သည် အနာဂတ်၌ ဖြစ်လာလိမ့်မည်။
ဤအခန်းနှင့်လာမည့်အခန်းများ၌ ဣသရေလ၏ ရန်သူများ ပျက်စီးမည့်အကြောင်း နိမိတ်ဖော်ပြသည်။ မာဂေါဂပြည်တွင် ဂေါဂသည် ခေါင်းဆောင်ဖြစ်သည်။ ဤကျမ်းစာပညာရှင်အချို့က ဂေါဂကို ထိုသို့မမှတ်ယူကြ။ ဤအခန်းတွင်ဖော်ပြသော ဖြစ်ရပ်ချင်းရာမှာ ဣသရေလလူမျိုးတို့ ကတိတော်မြေသို့ ပြန်လည်စုစည်းမိကြပြီး အနှစ်တထောင်နိုင်ငံတော်မပေါ်ထွန်းမီ ဖြစ်ပျက်ကြမည့် ဖြစ်ရပ်ချင်းရာဖြစ်သည်။ သို့သော် ဗျာဒိတ် ၂၀:၈ တွင် ဂေါဂနှင့် မာဂေါဂအကြောင်းဖော်ပြချက်မှာ အနှစ်တထောင်နိုင်ငံတော်ကာလ နောက်ပိုင်းနှင့် စပ်ဆိုင်နေသည်။