ယေဇကျေလအနာဂတ္တိကျမ်း ၄၅
(ဂ) အနှစ်တစ်ထောင်စီမံအုပ်စိုးခြင်း (အခန်း ၄၅၊၄၆)
၄၅: ၁ ဣသရေလတို့ အလယ်ဗဟိုတွင် ဘုရားသခင်အတွက် သန့်ရှင်းသောမြေနေရာသီးသန့် ထားရှိရမည်။ ထိုဝတ္တကမြေသည် အလျား ကျူလုံးအပြန် နှစ်သောင်းငါးထောင်၊ အနံတသောင်း ကျယ်ပြန့်သည်။
၄၅:၂−၅ ထိုမြေကွက်ကို နှစ်ဆင့်ခွဲ ခြားထားသည်။ ပထမထိပ်ပိုင်းတဝက်သည် သန့်ရှင်းသောဌာနနှင့် ယဇ်ပုရောဟိတ်များ နေရာဖြစ်သည်။ ကျန်အနိမ့်ပိုင်းတဝက်သည် လေဝိအမျိုးသားများ အတွက် ဖြစ်သည်။
၄၅:၆ အောက်ခြေပိုင်း၌ စတုရန်းကွက်သည် ပရိသတ်များနေရာဖြစ်၍ ယေရုရှလင်မြို့တော်လည်း ထိုနေရာတွင် ပါဝင်သည်။
၄၅:၅၇−၈ အရှေ့ဘက်နှင့် အနောက်ဘက်တလျှောက်ရှိသော မြေနေရာအားလုံးကို မင်းသားက ပိုင်ဆိုင်သည်။
၄၅:၉−၁၂ နောင်ဆက်ခံမည့် ဣသရေလ မင်းသားများသို့ ဘုရားသခင်က တရားနှင့် အညီအုပ်စိုးဖို့၊ အလေးတင်းတောင်း အချိန်အတွယ် မှန်ကန်စွာ အသုံးပြုဖို့ မိန့်မှာသည်။
၄၅:၁၃−၁၇ ဤကျမ်းပိုဒ်များတွင် ဣသရေလပြည်သူတို့အား မိမိတို့ခံစားရသည့် ကောင်းချီးပမာဏ အချိုးအစားအတိုင်း ဣသရေလမင်းသားများသို့ အခွန်ဆက်သကြဖို့ နှိုးဆော်ပြီး၊ ဣသရေလမင်းသားက လည်းအခါရာသီအလိုက် ကျင်း ပရသော ယဇ်ပူဇော်သက္ကာများကို အချိန်မှန်ပူဇော်ဖို့ မိန့်မှာသည်။
၄၅:၁၈−၂၀ ပထမလ၏ ပထမနေ့ရက်တွင် သန့်ရှင်းရာဌာနကို စင်ကြယ်စေရမည်။ ထိုသတ္တမမြောက်ရက်နေ့၌ မှားယွင်းသောသူနှင့် မိုက်မဲသူတို့၏ ဒုစရိုက်များကို အပြစ်ဖြေယဇ်ပူဇော်ရမည်။
၄၅:၂၁−၂၅ ပထမလ၏ တဆယ့်လေးရက်နေ့မြောက်တွင် ပသခါပွဲကိုကျင်းပ၍ သတ္တမလ၏ တဆယ့် ငါးရက်နေ့မြောက်တွင် တဲတော်ပွဲကို ကျင်းပကြရမည်။
ဤနေရာတွင် ပင်တေကုတ္တေပွဲတော်၊ တံပိုးမှုတ်ပွဲတော်နှင့် အပြစ်ဖြေရာပွဲ ပူဇော်သက္ကာအကြောင်းများ ဖော်ပြခြင်းမရှိပါ။
ထိုသို့နှစ်လစဉ်၊ လစဉ် ထုံးတမ်းစဉ်လာနှင့်အညီ ပွဲတော်များနှင့် အလုပ်အရှုပ်ခံကျင်းပနေရမည့်အစား လူသားအားလုံးအတွက် ခရစ်တော်က တစ်ကြိမ်တည်းဖြင့် ပွဲအလုံးစုံ အပြီ:အစီး ပြုလုပ်ပေးခြင်းသည် မည်မျှ ကရိကထလျော့နည်းသွားပါသနည်း။ ကျေးဇူးတော်ကြီးမားလှပေစွ။
အနှစ်တထောင်အတွက်ပူဇော်ခြင်း
အခန်း ၄၃:၂၀၊ ၂၆။ ၄၅:၁၅၊၁၇ တို့တွင် အနှစ်တထောင်ကာလအတွက် အပြစ်ဖြေပူဇော်သက္ကာကို ရည်ရွယ်သော ယဇ်ပူဇော်ခြင်းအချို့ကို ထူးထူးခြားခြား ဖော်ပြထားသည်။ ဤကျမ်းစကားများကို မည်သို့နားလည်ရမည်နည်း(ဟေဗြဲ၊ ၁၀:၁၂ တွင်”ထိုသခင်မူကားအပြစ်ကို ဖြေခြင်းငှါ ယဇ်တခုတည်းကို ပူဇော်ပြီးမှစ၍၊ ဘုရားသခင်၏ လက်ယာတော်ဘက်၌ အစဉ်အမြဲစိုးစံတော်မူပြီ” ဟု၎င်း၊ ဟေဗြဲ ၁၀:၁၈ တွင် “ထိုအပြစ်တို့ကိုလွှတ်ပြီးလျှင် နောက်တဖန် အပြစ်ဖြေသောပူဇော်သက္ကာ ပြုစရာအကြောင်းမရှိ” ဟု၎င်း ဆိုထားပါသည်။
ဓမ္မဟောင်းကျမ်းမှ အပြစ်ဖြေခြင်းသည် (ပင်ကိုယ်အားဖြင့် ဖုံးအုပ်ခြင်းဟု အနက်ရသည်)။ အပြစ်များကို လုံးဝစင်ကြယ်ပပျောက်စေခြင်းမဟုတ်။ ထို့ကြောင့် ဟေဗြဲ ၁၀:၄ တွင် “နွား၊ဆိတ်၏အသွေးသည် အပြစ်ကိုမပယ်နိုင်ရာ”ဟု ဆိုသည်။ ထို့ကြောင့် နှစ်စဉ်ပုံမှန်ကျင်းပရခြင်း ဖြစ်ကြောင်းနားလည်ရသည်။ (ဟေဗြဲ ၁၀:၃)။ ထိုသို့ဆိုလျှင် အပြစ်ဖြေခြင်း၏ အဓိပ္ပါယ်ကား အဘယ်သို့နည်း။ ယဇ်ပူဇော်ခြင်းဆိုသည်မှာ အပြင်ပန်းစင်ကြယ်စေခြင်း၊ ဘာသာရေးအစဉ်အလာ အရသန့်ရှင်းစေခြင်း ဖြစ်သည်။ ထုံးစံအရ လူများအားစင်ကြယ်စေခြင်းဖြစ်၍ ဘုရားသခင်ရှေ့တော်သို့ ဝင်ရောက်ရခွင့် အသိမှတ်ပြုခြင်းဖြစ်သည်။ အပြစ်ဖြေပူဇော်သက္ကာပြုရန် တိရစ္ဆာန်များကိုယဇ်ကောင်အဖြစ် ယဇ်ပလ္လင်ပေါ်တွင် တင်လှူပူဇော်ရသည်(ထွ၊၂၉:၃၇)။ ထိုသို့ပူဇော်လျှင် အပြစ်ဒုစရိုက် စင်ကြယ်သွားသည်ဟု လူများကခံယူ၍ လိပ်ပြာသန့်ကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် ယဇ်ပလ္လင်ဖြင့် စင်ကြယ်ခြင်း နည်းလမ်းဖြစ်၍ ဘုရားသခင်၏ အမှုတော်တွင် ပါဝင်ခွင့်ဖြစ်သည်။
တမင်တကာရည်ရွယ်ချက်မရှိဘဲ ပြုလုပ်ခဲ့မိသော အမှုမဲ့အမှတ်မဲ့ အပြစ်များအတွက်ကိုလည်း အပြစ်ဖြေယဇ်ပူဇော်သက္ကာပြုရသည် (ဝတ်၊၄:၂၀)။ ထိုသို့ပြုလုပ်မှသာလျှင် ထုံးတမ်းဓလေ့အရ စင်ကြယ်သွားပြီး၊ ဘုရားသခင်ထံတိုးဝင် ကိုးကွယ်ခွင့်ရပါမည်။
ယနေ့ခေတ်ကာလတွင် အပြစ်ဖြေခြင်းသည် ပိုမိုကျယ်ပြန့်၍ အဓိပ္ပါယ်လေးနက်သထက်နက်ရှိုင်းသည်။ သခင်ယေရှုက လူသားအားလုံးအတွက် အပြစ်ဖြေလွှတ်ခြင်းပြုပေးပြီ ဖြစ်သောကြောင့်လူတိုင်း ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ကြပြီး။ လူတိုင်းမျက်မှောက်တော်သို့ တိုးဝင်ချဉ်းကပ် ကိုးကွယ်နိုင်လေပြီ။ NKJVနှင့် KJV ကျမ်း ရောမ ၅:၁၁၌ အပြစ်ဖြေခြင်းကို ပြန်လည် သင့်မြတ်ခြင်း၄၀ ဟုဆိုထားသည်။ အခြားကျမ်းမူအများအပြားကလည်း ထိုသို့ပြန်ဆိုကြသည်။
ဣသရေလသမိုင်းကြောင်းတွင် ကျင်းပသည့် ယဇ်ပူဇော်ခြင်းများသဘောသည် ခရစ်တော်၏ ပြီးပြည့်စုံသော ယဇ်ပူဇော်ခြင်းသို့ ဦးတည်ညွှန်ပြသည်။ မိလေနိ(အနှစ်တထောင်ခေတ်) ယဇ်ပူဇော်ခြင်းက ကရာနီကုန်းယဇ်ကို အမှတ်တရစေလိမ့်မည်။ ကိုယ်တော်၏ပွဲတော် မင်္ဂလာသည် ကျွန်ုပ်တို့အတွက် အမှတ်တရဖြစ်လိမ့်မည်။
ဟေဗြဲသြဝါဒ ကျမ်းကအနာဂတ်တွင် အပြစ်ဖြေရာ ယဇ်ပူဖော်ခြင်းအမှု မလိုအပ်တော့ကြောင်း ဖော်ပြထားသည်။ အနာဂတ်၌ ယဇ်ပူဇော်ခြင်းသည် အတိတ်က အပြစ်ဒုစရိုက်များကို သက်ရောက်နိုင်ခြင်း မရှိနိုင်တော့ကြောင့် အခိုင်အမာ ပြောထားသည်။