ရာဇဝင်ချုပ်ဒုတိယစောင် ၂၄
(ဇ) ယောရှမင်း (အခန်း ၂၄)
၂၄:၁–၃ ယောရှမင်းသည်အသက်(၇)နှစ်တွင် နန်းတက်၍ နှစ်ပေါင်း(၄၀)ယုဒဘုရင်အဖြစ် နန်းစံသည်။ ယဇ်ပုရောဟိတ်ယောယဒရှိနေသရွေ့ ယောရှမင်းသည် ဖြောင့်မတ်တည်ကြည်စွာနန်းစံသည်။ ယောယဒ၏ အခါတော်ပေးမှုဖြင့် မိဖုရား(၂)ပါးနှင့် လက်ဆက်သည်။
၂၄:၄–၁၄ ယောရှမင်းသည် ဗိမာန်တော်ပြုပြင်မွမ်းမံလိုသောစိတ်ရရှိသဖြင့် ယဇ်ပုရောဟိတ်များအား ဣသရေလပြည်သူများထံမှ ဗိမာန်တော်ရန်ပုံငွေ လိုက်ကောက်ခိုင်းသည်။ လေဝိအမျိုးသားများက နှေးတုံနှေးတုံလုပ်ကြသဖြင့် ယောယဒကို တိုင်ပင်သည်။ ယောယဒ၏တိုက်တွန်းချက်ဖြင့် သွက်လက်မြန်ဆန်စွာ လှုပ်ရှားကြသည်။ ဗိမာန်တော်အလှူခံသေတ္တာ၂၂တွင် အလှူငွေများနေ့တိုင်းပြည့်လာသည်။ အလုပ်သမားများက စေတနာရှိရှိ အားကြိုးမာန်တက်လုပ်ကြသဖြင့် အာသလိဘုရင်မလက်ထက်တွင် ယိုယွင်းပျက်စီးနေခဲ့သော ဗိမာန်တော်သည် ပကတိအတိုင်း ခိုင်ခံလှပလာသည်။ လုပ်ငန်း လက်စသက်၍ ကျန်ကြွင်းသော အလှူငွေများကို ဗိမာန်တော်၌ အသုံးပြု၍ တန်ဆာပလာများ ပြုလုပ်ကြသည်။၂၃
၂၄:၁၅–၁၉ ယောယဒသည် လူ့ဘဝကို ပီပြင်စွာ အသက်ရှင်ပြီးနောက် ကွယ်လွန်သောအခါ ယုဒဘုရင်များ အသုဘအခမ်းအနားကဲ့သို့ ဂုဏ်ပြုသဂြိုဟ်ကြသည်။ တော်ဝင်မိသားစုဝင် မဟုတ်သူများ ထိုကဲ့သို့ သဂြိုဟ်ရိုးမရှိခဲ့။ ယောယဒ၏အရိပ် လွှမ်းမိုးသရွေ့ ကာလပတ်လုံး ယောရှမင်းသည် တရားတော်နှင့်အညီ နန်းစံသော်လည်း ဝိညာဉ် ရေးရာအထနမ်းအကွပ်မဲ့သွားသောအခါ ဘုရားတု နောက်သို့ယိမ်းယိုင်သွားသည်။ ဘုရားသခင်၏ ပရောဖက်များက အလီလီသတိပေးကြသော်လည်း နားမဝင်။ ယုဒလူကြီးများကလည်း ယောရှမင်းအား အာခံပုန်ခံလာကြသည်။
၂၄:၂၀-၂၇ ပရောဖက်ဇာခရိက ယောရှမင်းအား သွားရောက်သတိပေးသောအခါ ဟုတ်တိုင်းမှန်ရာနာလိုခံခက်၍ ကျောက်ခဲဖြင့် ပေါက်သတ်ခိုင်းသည်။ (ဇာခရိ၏အဖေ ၊ အဖိုးလည်း ဖြစ်နိုင်သည်)၂၄ စောင့်ရှောက်ခဲ့မှုတွေကို မထောက်မထားမိုက်ကမ်းသည်။ ဇာခရိ၏ဆုတောင်းချက်ကို ဘုရားသခင်ကြားသိသောကြောင့် ဘုရားသခင်က ရှုရိစစ်တပ်ကို စေလွှတ်၍ ယုဒမှူးကြီးမတ်ရာများကို တိုက်ခိုက်သတ်ဖြတ်ခြင်းဖြစ်ဟန်သည်။ မတော်မတရားသူနှင့် ပုလင်းတူဗူးစို့လုပ်သောကြောင့် ယောရှမင်း၏ လက်ရုံးတော်များတိမ်းပါးကြ၍ ယောရှမင်းကိုယ်တိုင်လည်း သေလုမြောပါးဒဏ်ရာရရှိခဲ့သည်။ သို့ဖြင့် မိမိကျွန်လက်ချက်ဖြင့် ဘဝအဆုံးသတ်ရသည်။ သူ့ရှေ့မှသွားသော ယေရောဗောင်မင်းကဲ့သို့ပင် ယုဒဘုရင်များ သုဿန်တွင် သဂြိုဟ်ခွင့်မရ။
ယောရှမင်း၏ဘဝနောက်ပိုင်း ဖောက်ပြန်မှုသည် ငယ်ရွယ်စဉ်အခါက လုပ်ဆောင်ခဲ့သမျှကို သင်ပုန်းချေပစ်သည်။ တသက်လုံးကျွေးမွေးလာသမျှသောကြက် တမနက်တည်းနှင့် ရိုက်ချက်စားသည်။ ဗိမာန်တော်ပြုပြင်၍ ဘဏ္ဍငွေများ ဆက်ကပ်သမျှကိုလည်း ပြန်ခွာ၍ ရှုရိဘုရင်ဟာ ဇေလလက်ထဲသို့ အပ်နှံရသည် (၄ရာ ၁၂:၁၇ – ၁၈) ။ အစကောင်းရန်လိုအပ်သော်လည်း ပွဲသိမ်းလှရန် ပိုမိုအရေးကြီးပါသည်။ တပည့်တော်ယောဟန်က ယုံကြည်သူများကို ” ငါတို့သည် ကိုယ်ပြုစုသောအရာမပျောက်မပျက် ၊ စုံလင်သောအကျိုးကိုရမည့်အကြောင်း ၊သင်တို့သည် ကိုယ့်ကိုကိုယ် သတိပြု၍ စောင့်ရှောက်ကြလော့” (၂ယော ၈) ဟုနှိုးဆော်ထားပါသည်။
ယောရှမင်းအကြောင်းကို ရာဇဝင်ချုပ်ထက် ၄ရာ ၁၂ တွင် ပိုမိုပြည့်စုံစွာရေးထားသည်။ Joash သို့မဟုတ် jehoash ဟုလည်းခေါ်ကြသည်။