ဝတ်ပြုရာကျမ်း ၂၀
(ဂ) အပြစ်ဒုစရိုက်သမားများသို့အပြစ်ဒဏ် (အခန်း၂၀)
အခန်း ၂၀သည် အခန်း ၁၈၊၁၉တွင် တားမြစ်ပြဌာန်းချက်များ လိုက်နာခြင်းမရှိ၊ ဖောက်ပြန်သူများအား အရေးယူအပြစ်ဒဏ်ပေးမည့်အကြောင်း ဖြစ်သည်။ မိမိသားသမီးကို မောလုတ်ဘုရားထံသို့ ပို့ဆောင်သူသည် ခဲပါက်သတ်ခြင်းခံရမည် (ငယ်၁-၃)။ သူတပါးအသက်သတ်သူသည် ထိုသူကိုဖြစ်စေ၊ သူ့မိသားစုကိုဖြစ်စေ ဘုရားသခင်က ဖျက်ဆီးမည်(ငယ်၄၊၅)။ စုန်း၊ ကဝေ၊ ဝိညာဉ်ဆိုး၊ အောက်လမ်းဆရာ ကိုးကွယ်သူများသည်လည်း ဘုရားသခင်၏ သန့်ရှင်းခြင်းကို ပုန်ကန်ကြသောကြောင့် သေဒဏ်အပြစ်သင့်ကြရမည် (ငယ်၆)။ မိဘကို ကျိန်ဆဲသူ(ငယ်၉) အိမ်ထောင်မှားယွင်းဖောက်ပြန်သူများ (ငယ်၁၀) အဘနှင့်ဆိုင်သော မိန်းမနှင့် ဖောက်ပြန်သူ (ငယ်၁၁)၊ ချွေးမနှင့်ဖောက်ပြန်သူ(ငယ်၁၂)၊ လိင်တူခြင်း ဆက်ဆံသူ(ငယ်၁၃)များသည်လည်း သေဒဏ်သင့်ကြသည်။ သားအမိနှစ်ယောက်လုံးကို မိန်းမအဖြစ်ယူလျှင် (၃)ယောက်စလုံး မီးရှို့ပစ်ရသည်။(ငယ် ၁၄)။ တိရစ္ဆာန်နှင့် ကာမစပ်ယှက်ခြင်းကို ပြင်းထန်စွာ ရှုတ်ချသည်။ နှစ်ကောင်စလုံး သတ်ပစ်ရသည်(ငယ်၁၅၊၁၆)။ နှမ တစ်ဝမ်းကွဲ နှမနှင့်အတူနေသူများကိုလည်း သေဒဏ်(ငယ်၁၇)ထိုက်သည်။ ဓမ္မတာလာနေသော မိန်းမကိုလည်း မချဉ်းရ(ငယ်၁၈)။ အဒေါ်များနှင့်အတူနေခြင်းကိုလည်း တားမြစ်သည်။ သို့သော် မည်သည့်အပြစ်ဒဏ်ဟု အသေးစိတ်ပြဌာန်းခြင်းမရှိ(ငယ်၁၉)။ အချို့က ဤအချက် သားသမီးမကောင်းစား၊ လူဆင်မမှီဟု အပိုဒ်ငယ် ၂၀နှင့် နှီးနွှယ်၍ ယူဆကြသည်။ အပိုဒ်ငယ်(၂၀)တွင် ဦးလေး၏ဇနီး၊ အပိုဒ်ငယ်(၂၁)တွင် ခယ်မ ပြစ်မှားခြင်းများကို တားမြစ်သည်။
အပိုဒ်ငယ်(၂၀)သည် မိမိအကို အသက်ရှင်ပေါင်းဖက်နေခြင်းနှင့်သာ အကြုံးဝင်သည်။ အကယ်၍ သားသမီးမထွန်းကားဘဲ ကွယ်လွန်လျှင် သူ၏နာမည်ကို ထန်းသိမ်းဖို့ ကျန်ရစ်ခဲ့သော မယားကို သူ့ညီအစ်ကိုက တာဝန်ယူရမည်(တရား ၂၅:၅)။ ထိုသို့ အိမ်ထောင်ပြုခြင်းကို လေဝိနည်းနာအိမ်ထောင်ဟု ခေါ်စမှတ်ပြုသည်။
ဘုရားသခင်သည် သန့်ရှင်းသော ဘုရားဖြစ်တော်မူသည့်အတိုင်း သူ့လူများသည်လည်း ဒေသခံခါနန်ပြည်သားများ၏ အကျင့်ဆိုးကို မယူဘဲ၊ သီးသန့်နေစေချင်သည်။ သန့်ရှင်းစင်ကြယ်စွာ ရှိနေစေချင်သည်။ ကတိတော်မြေ၌ ကောင်းကြီးမင်္ဂလာကြွယ်ဝစွာ ခံစားစေချင်သည် (ငယ် ၂၂-၂၆)။ စုန်း၊ ကဝေ၊ မှင်စာ၊ ဗေဒင်၊ ကိန်းဂဏန်းအစရှိသော အောက်လမ်းဆရာ၊ ဝိညာဉ်ဆိုး ကိုးကွယ်ခြင်းကို ကြပ်တည်းစွာ တားမြစ်ပြဌာန်းထားသည်။ ထိုသူများသည် ခဲဖြင့် ပေါက်သတ်ခြင်း ခံရမည်(ငယ် ၂၇)။