သုတ္တံကျမ်း ၁
၁။ နိဒါန်း (၁:၁– ၇)
၁:၁ ဒါဝိဒ်ဘုရင်၏သား ရှောလမုန်မင်းသည် ဣသရေလဘုရင်များအနက် ပညာရှိဆုံး၊ ချမ်းသာဆုံး၊ အကျော်ကြားဆုံးဘုရင် ဖြစ်သည် (၃ရာ ၃:၁၂၊ ၁၃၊ ၄:၃၀၊ ၃၁)။ ရှောလမုန်၏ သုတ္တံစကား သုံးထောင်အနက် တချို့တဝက်ကို ဤကျမ်းတွင် တွေ့ရှိနိုင်သည်။ အခန်း ၁:၁ မှ ၂၉:၂၇ တွင် ဖော်ပြထားသည်။
၁:၂–၃ အပိုဒ်ငယ် ၂-၆ တွင် သုတ္တံကျမ်း ရေးသားရခြင်းအကြောင်း ရှင်းပြထားသည်။ လိုရင်းတိုရှင်းပြောရလျှင် သူ၏ အသိဉာဏ်ပညာများကို လူသားများနှင့် လူသားများဘဝတွင် အသုံးပြု အကျိုးဖြစ်ထွန်းစေရန် ဖြစ်သည်။
မိုက်ရိုင်းခြင်းသဘောကို သိရှိ၍ ယဉ်ပါးအောင် ကိုင်တွယ်ဖြေရှင်းမည့် နည်းလမ်းကောင်းများ သိရှိသွားကြမည်။ ကောင်းမှုကုသိုလ်နှင့် အကုသိုလ်ကိုလည်း ခွဲခြား ထိုးထွင်းနိုင်ကြမည်။ အကျိုးရလဒ်ရှိသော အလုပ်နှင့် အချည်းနှီးအလုပ်၊ သူတပါးအား ကူညီခြင်းနှင့် နှစ်ခြင်းကိုလည်း သဘောပေါက်ကြမည်။ ဉာဏ်ပညာ၊ ဖြောင့်မတ်ခြင်း၊ ချမ်းမြေ့ခြင်းနှင့် ဂုဏ်သိက္ခာရှိအောင် ထိန်းကျောင်းပဲ့ပြင်ပေးပါသည်။
၁:၄ သုတ္တံကျမ်းကို ဖတ်ရခြင်းဖြင့် ပညာသတ္တိ ရှိလာကြမည်။ သုတ္တံစကားကို ခြုံငုံကြမည်။ လူငယ်မောင်မယ်များ စိတ်နှလုံး ပိုမိုယဉ်ပါး ခွန်အားရကြမည်။
၁:၅ ဉာဏ်ပညာ ရှိသူများသည် ပိုမိုလိမ္မာရေးခြားရှိလာကြမည်။ သုတ္တံစကားကို သိရှိသူများသည် မိမိဘဝကို ပိုမိုထိန်းကျောင်းနိုင်သည့်အပြင် အခြားသူများကိုလည်း ပဲ့ပြင်ဝေငှနိုင်ကြမည်။ သုတ္တံစကားများသည် လူငယ်လူရွယ်များအတွက်သာ ရည်ရွယ်ခြင်း မဟုတ်ပါ။ ပညာရှိသောသူသည် နားထောင်သည်ဟု ဆိုထားပါသည်။ ဤကျမ်းတွင် ပါရှိသော ပညာရှိသည် မည်ကဲ့သို့သောသူကို ခေါ်ဝေါ်သနည်း။ သင်အနားယူခြင်းအကျင့်ရှိသောသူကို ခေါ်ပါသည်။ ထိုကဲ့သို့သောလူမျိုးသည် သိသမျှကို အကုန်အစင် ထုတ်ဖော်ပြောလေ့မရှိ။ အပြောထက် နာခံခြင်းကို ပိုမိုနှစ်သက်သည်။ မိမိကိုယ်ကို အကုန်အစင် သိရှိသည်ဟု မခံယူတတ်။
၁:၆ သုတ္တံကျမ်းစကားကို နားလည်ခံယူသူသည် နိဿယဆရာအဖြစ်သို့ ရောက်သည်။ ဥပမာအားဖြင့်အချို့ သုတ္တံဝါကျအဓိပ္ပါယ်သည် စာသား ပေါ်တွင်မမြင်ရ။ စာသားနောက်ကွယ်တွင် အဓိပ္ပါယ်ငုပ်နေသည်။ ထိုမြှုပ်နေသောအနက်ကို ထိုးထွင်းသိမြင်ခြင်းဖြင့် ဉာဏ်ပညာထက်မြက်လာသည်။ ပညာရှိစကားသည် အပေါ်ယံကြောတွင် ပေါ်လေ့မရှိ။
၁:၇ သုတ္တံကျမ်း၏ သော့ချက်ကျမ်းပိုဒ် ရောက်လာပြီ (ငယ် ၉:၁၀ ကိုလည်း ကြည့်)။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောသည် ပညာ၏ အချုပ်အခြာဖြစ်၏ (သို့) ဉာဏ်ပညာ၏ အထွဋ်အထိပ် ဖြစ်၏။ ပညာရှိဖြစ်ချင်သူသည် ဘုရားသခင်၏ ကြီးမြတ်ခြင်းကို ဦးစွာခံယူရမည်။ နှုတ်ကပတ်တော်ကို ယုံကြည်နာခံရသည်။ ဖန်ဆင်းခံသတ္တဝါများက မိမိကို ဖန်ဆင်းသောသခင်အား ကြည်ညိုကိုးစားခြင်းထက် သာ၍ ကြီးမြတ်သောအရာ အဘယ်မှာ ရှာတွေ့မည်နည်း။ တနည်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆန့်ကျင်ငြင်းပယ်ခြင်းထက် မိုက်ရိုင်းသောအရာ အဘယ်မှာ ရှိမည်နည်း။ ပညာရှိခြင်းဆိုသည်မှာ မိမိအပြစ် ဒုစရိုက်များကို နောင်တရခြင်း၊ သခင်ယေရှုခရစ်တော်အား ယုံကြည်ကိုးစားခြင်း၊ ကိုယ်စိတ်နှလုံး သုံးပါးလုံးဖြင့် ဆည်းကပ်ကိုးကွယ်ခြင်း ဖြစ်သည်။
ဉာဏ်ပညာနှင့် သူတပါးသွန်သင်ချက်များကို လက်မခံ ငြင်းဆန်သူသည် လူမိုက်ဖြစ်သည်။ ဉာဏ်ပညာသင်ယူချင်သူ၊ နာခံခြင်းနှင့် မွေ့လျော်သူသည် ဉာဏ်ပညာရှိသူ ဖြစ်၍ နာခံခြင်းမရှိသူသည် လူမိုက်လူ့ဗာလ ဖြစ်သည်။ လူမိုက်သည် ခေါင်းမာ၍ ဘဝင်မြင့်သည်။ သူတပါးကို ဂရုမစိုက်၊ ဆောင့်ကြွားကြွား ပြုတတ်သည်။
၂။ ဉာဏ်ပညာနှင့်မိုက်မဲခြင်းဆိုင်ရာ သုတ္တံစကား (၁:၈– ၉:၁၈)
(က) ဉာဏ်ပညာဆိုင်ရာဆုံးမစကား(၁:၈–၃၃)
၁:၈ ပထမပိုင်း အခန်းကြီး ၇ ခုတွင် “ငါ့သား“ဟူသော ဝေါဟာရကို (၁၅)ကြိမ်တိုင်တိုင် ရင်းရင်းနှီးနှီး သုံးထားသည်။ ဤအခန်းများတွင် သားသမီးများ အကောင်းဆုံးဘဝ ပိုင်ဆိုင်နိုင်ကြဖို့ မိဘများ၏ မေတ္တာစကား တွေ့ရသည်။ မိဘများ၏ ရင်တွင်းဖြစ်စကားများကို ကြားသိခံယူသော ရင်သွေးငယ်များသည် လူ့ဘဝအကွေ့အကောက် ထောင်ချောက်များကို ရှောင်ရှားနိုင်ပြီး၊ နေ့စဉ်ဘဝအရေးတွင် အောင်မြင်နိုင်ကြပေမည်။
ဘုရားတရားနှင့် တဂိုဏ်းတည်းဖြစ်သော မိဘများ၏ မေတ္တာသည် ကြီးမားလှပါသည်။ အထူးသဖြင့် ဘုရားပေးမိခင်များ၏ သွန်သင်ချက်သည် မွန်မြတ်လှသည်။ ထိုအကြောင်းကို Henry Bosch က ဤသို့ သတိပေးထားသည်။
အောင်မြင်ကျော်ကြားသော လူပုဂ္ဂိုလ်များသည် ငယ်ရွယ်နုပျိုစဉ်တွင် မိခင်ခြေရင်း၌ ပျပ်ဝပ်သူများ ဖြစ်သည်။ မောရှေ၊ ရှမွေလနှင့် တိမောသေ တို့၏ ငယ်စဉ်တောင်ကျေးဘဝကို ကြည့်ပါ။ မိခင်၏ စောင့်ရှောက်မှုအပေါ် ဘုရားသခင်က ကောင်းကြီးမင်္ဂလာ ထပ်ဆောင်းပေးသဖြင့် ကြွယ်ဝသော အသက်တာ ရရှိကြသည်။ Augustine,John Newton နှင့် Wesley ညီအစ်ကိုတို့ကိုလည်း ကြည့်ပါ။ ဘုရားတရားသိသော မိခင်များ၏ သားများ မဟုတ်ခဲ့လျှင် သမိုင်းစာမျက်နှာများပေါ်တွင် သူတို့နာမည် တွေ့ရှိကြမည် မဟုတ်။ ထိုမိခင်များ၏ ချစ်ခြင်းမေတ္တာတရား၊ ခရစ်ယာန်အသက်တာ သက်သေပြခြင်းတို့ကြောင့် သားများအား လမ်းပြနိုင်သည်။ ဩဇာလွှမ်းမိုးနိုင်သည်။၃
၁:၉ မိဘစကားသည် တင့်တယ်သော ဦးရစ်သရဖူ၊ လည်ပင်း၌ ရစ်ပတ်သော အဖိုးတန်လည်ဆွဲရတနာ ဖြစ်သည်။ လိမ္မာရေးခြားရှိသော သားသမီးသည် မိဘစကားကို မြေဝယ်မကျ နားထောင်သည်။ မိဘစကားနားထောင်ခြင်းသည် သားသမီးတို့၏ အလှရတနာ ဖြစ်သည်။
၁:၁၀ လူငယ်လူရွယများသည် နားယောင်လွယ်သောကြောင့် မကြာခဏ လမ်းမှားလိုက်တတ်ကြသည်။ ထိုအကြောင်းကို အပိုဒ်ငယ် ၁၀-၁၉ တွင် ရှင်းပြထားသည်။
ပထမဦးစွာ သတိပေးဖို့ မိဘတွင် တာဝန်ရှိသည်။ လူ့ဘဝတွင် မကောင်းမှု များပြားနေသည်။ ထိုမကောင်းမှုများကို နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရကား သီတင်းတပတ်တွင် အကြိမ်ပေါင်းတထောင် “မလုပ်ဘူး” ဟု ခေါင်းခါနိုင်ရသည်။
၁:၁၁ လမ်းဆုံ၊ လမ်းခွ၊ လမ်းဘေးများက လူငယ်လူရွယ်များအား မဟုတ်မဟတ်လုပ်ဖို့ အမြဲဖိတ်ခေါ်လေ့ရှိသည်။ အကယ်၍များ လက်ခံလိုက်လျှင် ဒုက္ခရောက်မည်သာမှတ်။ အပေါင်းအသင်းမိတ်ဆွေများက “လာပါကွာ၊ ဘာမှမဟုတ်ပါဘူး“ဟု မြူဆွယ်ခေါ်တတ်သည်။ တကြိမ်တခါ ပေါင်းဖက်စည်းဖောက်မိ၍ ပြဿနာမှ လွတ်မြောက်လျှင် လက်ရဲဇက်ရဲ ဖြစ်လာသည်။
၁:၁၂–၁၄ မှီခိုနေထိုင်စရာ မရှိသောကြောင့် တခုခုလုပ်ကြံဖို့ ဖြစ်ချင်ဖြစ်မည်။ ထိုသို့ တစ်ခုခု ကျူးလွန်ခြင်းကြောင့် ဒုစရိုက်ပြစ်မှုသမား လုံးလုံးလျားလျား ဖြစ်သွားပြီ။ ထပ်ဆင့်၍ မတော်တဆ လူသေမှု၊ လူသတ်မှု ကျူးလွန်ကောင်း ကျူးလွန်လာမည်။ မည်သူမှ မသိသောကြောင့် လွတ်မြောက်နေသေးသည်။ ပျော်လိုက်သည်ဖြစ်ခြင်း၊ ထိုတနေ့ညအတွက်မူ လူချမ်းသာဖြစ်သည်။ လုယူသောပစ္စည်းဖြင့် မိသားစု ပျော်ရွှင်စေကြသည်။ သို့ဖြင့် “ငါတို့နှင့် ပေါင်းဖော်ပါ။ ရသောဥစ္စာကို အညီအမျှ ပိုင်ကြစို့ ဆိုတတ်ကြသည်။”
၁:၁၅–၁၆ သို့သော် ပညာရှိသုခမိန်ကမူ “ငါ့သား ထိုသို့မလုပ်နှင့်ဟု တားမြစ်သည်။ ထိုလူဆိုးများနှင့် ဝေးသထက်ဝေးအောင်နေပါ။ သူတို့အကြံအစည်ထဲတွင် မပါဝင်နှင့်။ ဘဝလမ်းပျောက်မည်“ဟု ဆိုသည်။
“ထိုသူများသည် ရာဇဝတ်သားကောင်များ ဖြစ်သည်။ မကြာခင်မှာ ထောင်ချောက်မှာ အမိခံကြရတော့မည်။ လူသတ်မှု ကျူးလွန်ပြီးလျှင် နောက်တစ်ခုထပ်မံ ကြံစည်သူများ ဖြစ်သည်။”
၁:၁၇–၁၈ ငှက်ရှေ့မှာ ထောင်ချောက် ထောင်လျှင် မဖမ်းမိနိုင်။ ထောင်ချောက်မှန်း သိသောကြောင့် ရှောင်ကွင်းသွားကြသည်။ လူမိုက် မူကား ထိုသို့မဟုတ်။ တဇွတ်ထိုး တိုးဝင်သွားလျက် အသေခံ၏။
၁:၁၉ အကျင့်စာရိတ္တပုံပြင်ဖြစ်သည်။ အချို့သည် ဖြတ်လမ်းနည်းဖြင့် စီးပွားဥစ္စာရှာကြသည်။ လောဘကြီးစွာ ရှာဖွေ၍ အသက်မွေးကြသည်။ ထိုသူအပေါင်းအသင်းသည် ထိုသို့သော အကျိုးစီးပွားကိုခံရ၍၊ ထိုစီးပွားသည် မိမိအရှင်၏ အသက်ကို သတ်တတ်၏။
အကြမ်းဖက်၍ မဖြစ်ဖြစ်သည့်နည်းဖြင့် စီးပွားရှာစားသူများအကြောင်း ဖြစ်သည်။ သို့သော် ထို့ထက် အဓိပ္ပါယ်ကျယ်ပြန့်သည်။ ဖြတ်လမ်းနည်းဖြင့် စီးပွားရှာစားခြင်းတွင် လောင်းကစားခြင်း၊ မြင်းပွဲ၊ အောင်ဘာလီ၊ စတော့ရှယ်ယာအရောင်းအဝယ်များ အစရှိသည့် အလောင်းစားကြေးများလည်း အကြုံးဝင်သည်။
စကားခေါ်သံနှစ်မျိုးလည်း တွေ့ရသည်။ တခွန်းသည် ပညာရှိထံမှဖြစ်၍ အခြားတခွန်းသည် ထူးခြားသော မိန်းမစကား ဖြစ်သည်။ ပညာရှိဆိုသည်မှာ သခင်ယေရှုကို ပုံပြု၍ ထူးခြားသော မိန်းမခေါ်သံသည် ဘုရားတရားမသိသော လောကထံမှ အပြစ်ဒုစရိုက်ပြုရန် ဖိတ်ခေါ်သံ ဖြစ်သည်။
ငယ် ၂၀-၃၃ တွင် ထိုလူမိုက် ဒုစရိုက်ခေါ်သံကို သံယောင်မှားမထိုးမိဖို့ ပညာရှိသုခမိန်က သွန်သင်ထားပါသည်။
၁:၂၀ ပညာရှိသည် သူ့စကားအား လူအများနားကြားအောင် ကြွေးကြော်အသံလွှင့်လေ့ရှိသည်။ မြို့လယ်လမ်းဆုံနှင့် ရင်ပြင်တော်များတွင် အော်ပြေးတတ်သည်။
၁:၂၁ ဉာဏ်ပညာသည် လူစည်ကား စုဝေးရာအရပ်၊ မြို့တံခါးဝနှင့် မြို့လည်ခေါင်များ၌ စကားပြောလေ့ရှိသည်။ သခင်ယေရှုဘုရားသည် ထိုကဲ့သို့ပင် လူအများအား အသံလွှင့်အော်ဟစ်ခေါ်နေပါသည်။
လူအများ ဥဒဟို ဖြတ်သန်းသွားလာရာ
လူအပေါင်းကြားစိမ့်နိုင်သောငှါ
လူ့စကားထက်ကျယ်လောင်စွာ
လူသားတော်စကား၊ ကြားရပါစေလား။
Frank Mason North.
၁:၂၂ လူမိုက်များ၊ အရိပ်သုံးပါးနားမလည်သော လူနု့များ၊ သူတပါးကို ဂရုမစိုက်သော ဘဝင်ရူးများသည် မိမိစကားကို အဆိုးအကောင်း မဆင်ခြင်ဘဲ အချိန်အခါမရွေး ကြုံရာလူအား ပြောပြတတ်ကြသည်။ ထိုသို့ဖြင့် တပါးသူကို သေရွာလမ်းညွှန်ပြတတ်ကြသည်။ ဘဝင်ရူးများသည် ပညာရှိများ၏ အကြံဉာဏ်ပေးချက်ကို လက်မခံ။ သူတပါးကိုလည်း အားနာလေးစားရမှန်းမသိ၊ ငါတကောကောတတ်ကြသည်။ လူမိုက်များသည် သူတပါးသွန်သင်ချက်များကို အလျဉ်းငြင်းပယ်ကြသည်။ မိမိကိုယ်ကို မှားမှန်းလည်းမသိကြ။ မိမိကိုယ်ကို လိမ်ညာလှည့်စားသူများဖြစ်သည်။
၁:၂၃ ဤကျမ်းချက်ကို အဓိပ္ပါယ်(၂)မျိုး ကောက်ယူနိုင်သည်။ ပထမအချက်မှာ
“ငါ့ ဖိတ်ခေါ်သံကို လက်ခံလျှင် ငါဆုံးမဩဝါဒစကားကို နာခံပါ။ ထိုဩဝါဒစကားထဲမှာ ဝိညာဉ်သွန်းလောင်းထားသောကြောင့် သင့်အတွက် ကောင်းကျိုးပြုမည်“ဟု နားလည်ရသည်။
ဒုတိယ အနက်ကောက်မှာ –
“သင့်ကို ငါပြောပြသည့်အတိုင်း နောင်တရ၍ ပြန်လာကြလော့” ထိုသို့ဖြစ်လာလျှင် ငါ့ဝိညာဉ်သွန်းလောင်းထားသော ကောင်းကြီးမင်္ဂလာ ခံစားကြမည်။ ငါ့ဩဝါဒစကားဖြင့် ဉာဏ်ပညာကို တိုးပွားကြမည်ဟူ၍ နားလည် ခံယူနိုင်သည်။
“ဝိညာဉ်” ဟူသော ဝေါဟာရသည် ဤနေရာတွင် “အတွေးအမြင်””အသိဉာဏ်”ဟု အနက်ရသည်။ ဘုရားရှင်၏ ခေါ်သံကို ပြန်ထူးသူတိုင်း ခရစ်တော်ဘုရား၏ သန့်ရှင်းသော ဝိညာဉ်တော် သွန်းလောင်းခြင်း ခံရမည်ဟု ယူဆလျှင် ဓမ္မဟောင်းကာလနှင့် ဓမ္မသစ်ကာလ သမ္မာတရား နားရှုပ်နိုင်သည်။
၁:၂၄ ဉာဏ်ပညာစကားကို ငြင်းငယ်ခြင်းသည် လူ့ဘဝအသက်တာတွင် အန္တရာယ်အကြီးမားဆုံး ဖြစ်သည်။ သံလွင်တောင်ထိပ်ပေါ်မှ ကိုယ်တော်ဘုရား၏ခေါ်သံ များကို ငြင်းပယ်ကြသောကြောင့် အခွင့်အရေးဆုံးရှုံးခဲ့ကြသည်။ “ငါခေါ်သည်……ငါ့လက်ကိုဆန့်သော်လည်း ဘယ်သူမှမဟုတ်”ဟု ဆိုသည်။
၁:၂၅ ဉာဏ်ပညာက လူတိုင်းအား ဖိတ်ခေါ်၍ အကြံကောင်းဉာဏ်ကောင်း ပေးသော်လည်း လူမိုက်များက လက်မခံ။ အဖက်မလုပ်ကြ။ အပြုသဘောဖြင့် ဝေဖန်ခြင်းမပြုကြ။
ဘုရားသခင်၏ ပညတ်ချက်နှင့် သတိပေးချက်များသည် လူသားများ ကောင်းစားဖို့ဖြစ်သည်။ ဘုရားသခင်အတွက်မဟုတ်။ သို့သော် လူများသည် စဉ်းစားဆင်ခြင်တုံတရား ကင်းမဲစွာ ခေါင်းမာငြင်းပယ်ကြသည်။ ထိုအကြောင်းကို D.G Barnhouse က ဤသို့ ပုံတိုပတ်စဖြင့် ပုံဖော်ထားသည်။ တစ်ခါက ဝါရှင်တန် တိရစ္ဆာန်ဥယျာဉ်တွင် မြေးအဖိုး သွားလည်သည်။ ကလေးငယ်သည် ခြင်္သေ့ရုံ သံဇကာနားသို့ သွားကပ်သည်။ အဖိုးက ထိုသို့သံဇကာနားမကပ်ရန် တားမြစ်သော်လည်း ကလေးငယ်က ဂရုမစိုက်။ အစာငတ်နေသောခြင်္သေ့က လှောင်ချိုင့်ထဲမှ လှမ်းဆွဲလိုက်ရာ ထိုကလေးသည် ခြင်္သေ့လက်ထဲသို့ ပါသွားသည်။ ခြင်္သေ့စာ ဖြစ်သွားသည်။ လူမိုက်သည် ထိုပုံပြင်အတိုင်း ဖြစ်ကြသည်။
လူသားများအား ပြေလွင်သော ဘဝခရီးလျှောက်လှမ်းနိုင်ဖို့ ဘုရားသခင်က ပညတ်တော်နှင့် လမ်းညွှန်ချက်များ ပေးထားသည်။ ဘုရားသခင်သည် လူသားများအား ဘယ်သောအခါမှ အတင်းအဓမ္မ အမိန့်မပေး။ စစ်သားများကဲ့သို့မခိုင်း။ လိမ္မာပါးနပ်စွာ သွန်သင်သည်။ သဘောပေါက်နားလည်စေချင်သည်။ “ဘုရားသခင်သည် သူဖန်ဆင်းထားသော လူများကို ချစ်သည်။ ထိုဖန်ဆင်းခံလူများက ဘုရားရှင်ကို ပြန်လည်ချစ်တုန့်ပြန်စေချင်သည်။ သို့ကြောင့် “ငါမှလွဲ၍ အခြားဘုရားမရှိ“ဟု ဆိုထားသည်။ ထိုသို့သိရှိကြပါလျက်နှင့် ဘုရားသခင်ရှေ့တွင် အခြားသောအရုပ်ဘုရားများ ကိုးကွယ်ကြသောအခါ ဘုရားသခင် စိတ်မရွှင်။ ဤမေတ္တာတရားကို သိရှိနားလည်လျှင် ဘုရားသခင်က လူသားများ လိမ္မာရေးခြားရှိအောင် တဖွဖွ ဆုံးမပဲ့ပြင်သည့်အကြောင်းကို သဘောပေါက်ကြပေမည်။ “ထာဝရဘုရား ချစ်တော်မူသောသူကို ဆုံးမ၏“( ဟေဗြဲ ၁၂:၆)။ ခြင်္သေ့လက်ထဲသို့ ပါမသွားစေချင်။ ဒုစရိုက်ခြင်္သေ့ကြီးသည် ကိုက်စားဖို့ အမြဲတန်း ချောင်းမြောင်းနေသည်ကို သတိပြုပါ။၅
၁:၂၆ နာခံခြင်းမရှိသူသည် ပျက်စီးလေလွင့်ခြင်း၊ မလွဲမသွေ ကြုံတွေ့ရပေမည်။ ထိုအခါမျိုးတွင် ပညာရှိရယ်မောဟားတိုက်သည့်အလှည့် ရောက်လာမည်။ “ကြောက်မက်ဖွယ်သောအမှု ရောက်သောအခါ ငါပြယ်ယက်ပြုမည်“။
ဘုရားတပါးမရှိသူများ ဘေးအန္တရာယ်ကြုံတွေ့သည့်အခါ ဘုရားသခင်က အမှန်တကယ် ဟားတိုက်ရယ်မောမည်လား။ ဤကျမ်းပိုဒ်နှင့် ဆာ ၂:၄ တွင် ထိုစကားတွေ့ရသည်။ သူတပါးဘေးဒုက္ခရောက်သည့်ခါ နာစေလိုသောသဘော၊ ပြောင်လှောင်သည့်စိတ်ထား၊ မှတ်ကရောဟူသည့် သေးသိမ်သည့် အမြင်ဖြင့် ဆိုလိုခြင်း မဟုတ်ပါ။ နေရာတိုင်းမှာ ဘုရားသခင်ရှိ၍ အရာခပ်သိမ်းကို ဘုရားသခင်က စီရင်ကြောင်း မထီမဲ့မြင်ပြုသူ လူမိုက်များအား သတိပေးခြင်းဖြစ်သည်။ ကရုဏာဒေါသောစကား ဖြစ်သည်။ ပညာရှိစကားကို မလိုက်နာသူများသည် ဆင်းရဲဒုက္ခ ကြုံတွေ့သော်လည်း ပညာရှိစကားသည် မတုန်မလှုပ် မှန်ကန်နေကြောင်း ဆိုလိုခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် သူတပါးဒုက္ခရောက်ခြင်းကို ပြောင်လှောင်ဟားတိုက် ရယ်မောခြင်းဖြစ်သည်ဟု နားလည်ရပေမည်။
၁:၂၇ လစာထုတ်ရက် ရောက်လာမည်မှာ သေချာပါသည်။ လူမှန်များသည် ထိုနေ့ရက်တွင် လေမုန်တိုင်း ကျရောက်မည်ကို စိုးရိမ်ပူပန်ကြသည်။ဘေးဥပဒ်သည် လေမုန်တိုင်းသဖွယ် ကြောက်လန့်ဖွယ်ရာအသံဖြင့် ရောက်လာသောအခါ စိတ်ပျက်အားငယ်ခြင်း၊ ပူပန်ခြင်း၊ ကြောက်လန့်ခြင်း ကြုံတွေ့ကြမည်။
၁:၂၈ ထိုအခါ ဒုက္ခသည်များက ဉာဏ်ပညာကို အော်မြည်တမ်းတကြမည်။ သို့သော်လည်း ပြန်ထူးမည်မဟုတ်။ အသဲအသန်ရှာဖွေကြသော်လည်း တွေ့မည်မဟုတ်။ အလင်းကို ငြင်းပယ်ခဲ့ကြသောကြောင့် ယခုအချိန်တွင် နောင်တရခြင်းသည် နောက်ကျနေပြီ။ ရှာတွေ့ကြတော့မည်မဟုတ်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူတို့တွင် အစဉ်မဆုံး (က ၆:၃)။ ထို့ကြောင့် ဧဝံဂေလိ သတင်းကောင်းအား အရေးပေါ် စေလွှတ်ခြင်းဖြစ်သည်။
ချိန်မီပါ၊ ချိန်မီပါ၊
ယေရှုသင့်ကို ခေါ်သံကြားစဉ်၊
ချိန်မီပါ၊
အပြစ်နွံ၌ ခင်တွယ်လျှင်၊
တံခါးဖွင့်စဉ် သင်မဝင်
သင်ငိုကြွေးခြင်း နောက်ကျပြီ၊
ချိန်မီပါ။
၁၉ ရာစု စာဆိုတစ်ဦး
၁:၂၉ ဉာဏ်ပညာ၏ သွန်သင်ချက်နှင့် ယေဟောဝါဘုရား မုန်းတီးသူများသည် အရေးယူတရားစီရင်ခြင်း ခံကြရမည်။ ဧဝံဂေလိသတင်းစကားသည် လူမိုက်မိသားစုများအတွက် အသုံးတည့်ချင်တည့်မည်။ သို့သော် သူတို့အတွက် မဟုတ်ဟု အယူမှားကြသည်။ “ပညာရှိယောင်ဆောင်လျက် လူမိုက်၌ တည်ကြသည်”(ရော၁:၂၂)ဟု ကျမ်းစာက ဆိုထားပါသည်။ ဉာဏ်ပညာ မုန်းတီးခြင်း၏ ရလဒ်ကို (ယော၃:၁၉-၂၁)တွင်လည်း ရှင်းပြထားသည်။
၁:၃၀ လူမိုက်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နာခံရကောင်းမှန်းမသိကြ။ ထိန်းသိမ်းရမှန်းနားမလည်ကြ။ သူတို့ ဘဝကောင်းစားရေးအတွက် ဖြစ်သည်ကို သဘောမပေါက်ကြ။သမ္မာကျမ်းစာပါ စကားနှင့်အမှုတော်ကို မိုက်မဲစွာပြစ်တင် ပြောင်လှောင်ကြသည်။ ဘုရားသခင်ကိုလည်း မကြောက်။ ကြောက်ရကောင်းမှန်းလည်း မသိကြ။ ဘုရားသခင်၏ အပြစ်ပေးခြင်း ခံရမှာကိုလည်း မစိုးရိမ်။ မျက်ကန်းတစ္ဆေ မကြောက်ကြရပြီတကား။
၁:၃၁ ယခု ငါ့လှေငါထိုး ပဲခူးရောက်ရောက်၊ ငါ့မြင်းငါစိုင်းစစ်ကိုင်းရောက်ရောက် လုပ်နေကြပြီ။ ထင်ရာမြင်ရာ စွတ်လုပ်ကြ၍ တစောက်ကန်းလုပ်ခြင်း၏အကျိုး ပြန်လည်ခံစားကြရမည်။ ထိုအပြစ်သည် မည်သူမပြု မိမိမှုဖြစ်သည်။ နာခံခြင်းပျက်ကွက်မှု၏ တန်ပြန်အကျိုးဖြစ်သည်။
၁:၃၂ “အရေးမပါအရာမရောက် စကားများကြောင့် ကိုယ့်အကြောင်းနှင့်ကိုယ် အသီးသီးခံစားကြရမည်“(Moffatt)။ လူတိုင်းသည် မိမိဘဝခရီးလမ်းကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိသည်။ သို့သော် အကျိုးရလဒ်ကိုမူ ရွေးချယ်ပိုင်ခွင့် မရှိ။ လူတိုင်းသည် မိမိလုပ်ဆောင်မှု၏ အကျိုးဆက် ခံစားကြရမည်ဟု ဘုရားသခင်က ပြဌာန်းထားပါသည်။ ရှောင်လွဲ၍မရပါ။ အခြားရွေးချယ်စရာ မရှိပါ။ မိမိခင်းသောလမ်းအတိုင်း အသီးသီးလျှောက်ကြရမည်။
၁:၃၃ ဉာဏ်ပညာ သမ္မာလမ်းကို ရွေးချယ်လျှောက်လှမ်းသူများသည် စိုးရိမ်ပူပန်ခြင်းမရှိရ။ လုံခြုံစွာ နေနိုင်သည်။ လွတ်လပ်စွာ လှုပ်ရှားနိုင်သည်။ ပူပန်သောက မရောက်ရ။ဉာဏ်ပညာရှိ၍ ကောင်းသောအကျင့်၌ ပျော်မွေ့သူများသည် ဆင်းရဲဒုက္ခ၊ ပူပင်သောကမှ ကင်းလွတ်ကြမည်။ ဘေးဆိုး၊ ကံကြမ္မာဆိုးတည်းဟူသော ခွေးကိုက်ခြင်း မခံရကြ။