သုတ္တံကျမ်း ၁၈
၁၈:၁ ဤသုတ္တံစကားသည် လေးနက်ကျယ်ပြန့်လှသဖြင့် အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကောက်ယူကြသည်။
သူတပါးနှင့်မရောနှောသောသူသည် မိမိစေတနာအလိုရှိသည့်အတိုင်း ရှာဖွေ၍ ပညာရတာနာ အမျိုးမျိုးကို စူးစမ်းမွှေနှောက်တတ်၏။ ထိုသူသည် အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲ၊ တကိုယ်တော်စူးစမ်းရှာဖွေခြင်းကို ဆိုလိုသည်။ နေရာအနှံ့အပြားတွင် နည်းလမ်းအမျိုးမျိုးဖြင့် အားကြိုးမာန်တက် ပညာရှာစားသူများ ဖြစ်သည်။
R S V ကျမ်းမူနှင့် အနည်းငယ်ကွဲလွဲသည်။ “မိမိတကိုယ်တည်း ထူးထူးဆန်းဆန်း ပညာရှာဖွေ လေ့လာသူများသည် အများဆန္ဒနှင့်အညီ မနေတတ်”ဟု ဆိုသည်။ တနည်းအားဖြင့် မိမိဝါသနာပါသည့်အတိုင်း တစိုက်မတ်မတ် ပညာရှာသူများသည် ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်။
Knox ၏ အနက်ဖွင့်ဆိုချက်သည် အခြားကျမ်းမူများနှင့်မတူ ရှင်းလင်း လွယ်ကူသည်။”အပေါင်းအသင်း မိတ်ဆွေမရှိ၊ လျင်မြန်စွာဆုံးဖြတ်သူများသည် အမှားကြုံရကိန်းရှိသည်”ဟု ဆိုသည်။
ယုဒကျမ်းစာပညာရှင်များကမူ အပြစ်ဒုစရိုက်မိုက်မဲခြင်းနှင့် ကင်းဝေးစွာနေရန် သွန်သင်ခြင်းဖြစ်သည်ဟု ဆိုကြသည်။ ပညာအစစ်အမှန် လိုချင်သူသည် ကိုယ်တိုင်ကိုယ်ကျ စူးစမ်းရှာဖွေသည်။ သူတပါးပြောစကားအား တထစ်ချ မှန်ကန်သည်ဟု မယူဆ။ ဤဖွင့်ဆိုချက်သည် မှန်ကန်သည်ဟု မယူဆနိုင်ပါ။
၁၈:၂ ဉာဏ်တိမ်သူများသည် သူများအကြံပေးချက်ကို လက်ခံလေ့မရှိ။ စိတ်နှလုံးမာကြောလျက် မိမိကိုယ်သာ အသိပညာရှင်ဟု ထင်မှတ်ကြသည်။ ခေါင်းမာသူများ ဖြစ်သည်။
၁၈:၃ ကောက်ကျစ်စဉ်းလဲခြင်းနှင့် မထီမဲ့မြင်ပြုခြင်းသည် ယှဉ်တွဲတတ်သည်။ ထို့နောက်တွင် သူတပါးကဲ့ရဲ့တတ်ကြသည်။ အပြင်ပန်းလက္ခဏာ အရှက်ခွဲခြင်းနှင့် စိတ်သဘောထား စဉ်းလဲမှုကို တခုစီခွဲခြားဖော်ပြခြင်း ဖြစ်သည်။
၁၈:၄ နှုတ်ထွက်စကားသည် ပြောသူနှင့် ဝေးလံစွာကွေကွင်းမနေ။ စိမ့်စမ်းရေသကဲ့သို့ ဖြစ်၍ ထိုသူ၏အကြံအစည်၊ သဘောထားများ ထုတ်ဖော်ပြသသည်။
ပညာစိမ့်စမ်းရေသည် ရေကြည်စမ်းချောင်းသဖွယ် တသွင်သွင်စီးလေ့ရှိသည်။ တနည်းအားဖြင့် ပညာရှိစကားသည် ကြည်လင်အေးမြ၍ ထိုးထွင်းသိမြင်စွမ်းပေးသည်။
Moffatt ကမူ “ပညာရှိစကားသည် အနက်မသိနိုင်သောရေအိုင်သို့ တသွင်သွင် စီးဆင်းသောစမ်းချောင်း၊ အသက်စမ်းရေ ဖြစ်သည်”ဟုဆိုသည်။ အနက်မမြင်ရသော်လည်း ရေမနစ်၊ ပိတ်ဆို့မနေ တသွင်သွင်စီးဆင်းသည်။ မငြီးငွေ့ အားသစ်ခွန်သစ် ဖြစ်စေသည်။
၁၈:၅ မျက်နှာလိုက်၍ တရားစီရင်ခြင်းကို ဘုရားသခင်က ပြစ်တင်ရှုတ်ချသည်။ မျက်နှာလိုက်ခြင်းသည် ဆိုးယုတ်သောအကျင့်၊ မိုက်မှားသော ကိုယ်ကျင့်တရား ဖြစ်သည်။ အပြစ်မရှိသူအား အရေးယူခြင်းနှင့် အပြစ်ရှိသူအား အပြစ်ကင်းလွတ်စေခြင်းသူသည် ကိုယ်ကျင့်သိက္ခာ ပျက်ပြားသူ ဖြစ်သည်။
၁၈:၆ ပါးစပ်သရမ်းငြင်းခုံသူများသည် မကြာခဏ ရန်တွေ့တတ်သည်။ အချင်းပွားတတ်သည်။ ငမူးငရူးများသည်လည်း ထိုအတိုင်းဖြစ်သည်။ အောင်မြင်သမျှကို သဲထဲရေသွန်သူ ဖြစ်သည်။ မိမိဘဝ ပျက်စီးရာပျက်စီးကြောင်း မီးခွက်ထွန်း ပြဿနာရှာသူ ဖြစ်သည်။
၁၈:၇ လူမိုက်သည် မိမိစကားဖြင့် မိမိအကျိုးယုတ်စေသည်။ အဓိပ္ပါယ်မရှိ၊ အကျိုးမဖြစ်ထွန်းသောစကားများက မိမိကိုယ်ကို ပေါ့ပျက်စေသည်။
၁၈:၈ ကုန်းချောသောစကားများသည် ချိုမြိန်သောအစာကဲ့သို့ ဝါးမြိုချရန် လွယ်ကူသည်။ ကြားနာသူက စိတ်ဝင်စား နားထောင်တတ်ကြသည်။ ပြောလို့ကုန်လျှင်လည်း “ထပ်ပြောပါဦး၊ အသေအချာပြောပြပါဦး”ဟု စပ်စုတတ်ကြသည်။
၁၈:၉ ပျင်းရိသောသူသည် ဥစ္စာဖြုန်းတီးသူဖြစ်သည်။ ထိုသူနှစ်ယောက်စလုံးသည် မျိုးဖျက်ပိုးကောင်များ ဖြစ်သည်။ Griffith က ဤသို့ သတိပေးထားသည်။
ယနေ့ကား ကုမ္ပဏီများ၊ လေယာဉ်တည်ဆောက်ခြင်း၊ အဆောက်အဦးဆောက်လုပ်ခြင်း၊ လုပ်ငန်းခွင်များ ပျင်းရိမှု၊ နမော်နမဲ့မှုများကြောင့် မတော်တဆ ထိခိုက်မှု မကြာခဏကြုံတွေ့ရသည်။ ထိုကဲ့သို့မင် အသင်းတော်များတွင်လည်း ဝတ်ပြုလာသူများ နောက်တခါမလာကြကြောင်း တွေ့ရသည်။ ထိုသို့ ဖြစ်ရခြင်းသည် ခေါင်းဆောင်များ၏ ပျင်းရိခြင်းနှင့် ညံ့ဖျင်းခြင်း ဖြစ်သည်။ စာတန်၏ တိုက်ခိုက်မှု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အဓိကမှာ သင်းအုပ်များ၏ ပျင်းရိခြင်း၊ ဝတ္တရား မကျေပွန်ခြင်းဖြစ်သည်။၃၀
၁၈:၁၀ ဘုရားသခင်၏ နာမတော်တည်ရာ၌ ဘုရားသခင်ကိုယ်တော်တိုင် စိုးစံသည်။ ဘုရားသခင်သည် ယုံကြည်သူများ၏ ခိုလှုံကိုးစားရာ ဖြစ်သည်။ အကွယ်အကာ အစောင့်အရှောက် ဖြစ်သည်။ ထို့ကြောင့် စုံစမ်းနှောင့်ယှက်ခြင်း၊ ဆင်းရဲဒုက္ခကြုံတွေ့သည့်အခါ နာမတော်ခေါ်ပါ။ ဘုရားသခင်ထိုးတော်မူ၏။ အပြစ်ဒုစရိုက်မှ လွတ်မြောက်ရာ လမ်းပြတော်မူမည်။
၁၈:၁၁ လူချမ်းသာသည် သူ့စည်းစိမ်ဥစ္စာက သူ့ဘဝကို ကွယ်ကာစောင့်ရှောက်မည်ဟု ထင်မှတ်သည်။ မြို့ရိုးပြကြီးများက မြို့ကို ဝိုင်းရံထားသကဲ့သို့ ဘဝစည်းစိမ်ကို လုံခြုံမှုပေးမည်ဟု ယူဆသည်။ သို့သော် ထိုအယူအဆသည် သူ၏မိုက်မဲဉာဏ်တိမ်ခြင်း ဖြစ်သည်။
အပိုဒ်ငယ် ၁၀ သည် အကြောင်းတရားဖြစ်၍ အပိုဒ်ငယ် ၁၁ သည် အကျိုးတရားဖြစ်သည်။ အပိုဒ်ငယ် ၁၀ တွင်ပါရှိသည့် ယုံကြည်သူသည် အကြောင်းတရားဖြင့် အကျိုးခံစား၍ အပိုဒ်ငယ် ၁၁ တွင်ပါရှိသည့် လူချမ်းသာသည် အကျိုးတရားခံစားချက်ကို ရှင်းပြသည်။
၁၈:၁၂ မာနထောင်လွှားသူသည် ခြေထောက်တဖက် သင်္ချိုင်းကုန်းသို့ လှမ်း၍ အခြားတဘက်ဖြင့် ငှက်ပျောသီးခွံနင်းသူ ဖြစ်သည်။ အောက်ကျို့နှိမ့်ချသူသည် ဖြေးညှင်းညင်သာစွာ လျှောက်လှမ်းလေ့ရှိသည်။ “မာနခဲကဲ့သို့ အမျက်ဒေါသကို ရှေ့မထား၊ စိမ်ပြေနပြေလုပ်သည်။ မာနခဲဒုက္ခ ရောက်စဉ်တွင် အောက်ကျို့နှိမ့်ချသူသည် နိဗ္ဗာန် ရောက်နေသည်”။
၁၈:၁၃ အကြံဉာဏ်မထုတ်မီ လိုအပ်သောအချက်အလက်များ လုံလောက်အောင် စုဆောင်းရသည်။ တနည်းအားဖြင့် အသေးစိတ်အချက်အလက် ပြည့်စုံမှသာလျှင် လုပ်ငန်းပြီးမြောက်နိုင်သည်။ အမှုအရာတိုင်းတွင် မေးခွန်းနှစ်ခု ရှိတတ်ပါသည်။
လင်မယားကွာရှင်းခြင်း၊ ရန်ဖြစ်ချင်တိုင်းတွင် နှစ်ဦးနှစ်ဖက် အပြည့်အစုံမသိရှိကြသောကြောင့် အခင်းဖြစ်ကြသည်။ မှတ်ထားပါ။ တဘက်မှအကြောင်းစုံမသိသေးခင်၊ သဘောတူညီချက် မပေးနှင့်။
၁၈:၁၄ စိတ်ဓါတ်ကြံ့ခိုင်ခြင်းက လူ့ကျန်းမာရေးနှင့် ခန္ဓာကိုယ်ချို့ယွင်းချက်များကို နလံထူစေသည်။ စိတ်ဓါတ်ကျခြင်းမူကား ကျန်းမာရေး ပိုမိုဆိုးရွားစေသည်။ စိတ်ဓါတ်ချို့ယွင်းခြင်းသည် ရုပ်ခန္ဓာကိုယ် အားနည်းခြင်းထက် ပိုဆိုးသည်။
တင်ပါးဆုံရိုးကျိုး၍ ဆေးရုံတွင် ရက်လရှည်ကြာကုသနေသြော အဖွားကြီးလူနာအား ဒေါက်တာပေါလုအဒေါ်က လူအိုရုံသို့ ပို့လိုက်သည်။ ထိုလူနာသည် လမ်းမလျှောက်နိုင်ခြင်းမှလွဲ၍ ကျန်းမာရေးကောင်းမွန်သူ ဖြစ်သည်။ သို့သော် တရက်ပင်မခံ။ လူအိုရုံတွင် သေဆုံးသည်။ “အမှန်မှာ တင်ပါးဆုံရိုးကျိုးခြင်းကြောင့် သေဆုံးခြင်းမဟုတ်။ စိတ်ဓါတ်ကျရောဂါဖြင့် သေဆုံးခြင်း ဖြစ်သည်“။၃၁
၁၈:၁၅ ပညာရှင်များသည် လေ့လာသင်ယူခြင်းအား ဘယ်သောအခါမှ ရပ်နားခြင်းမရှိကြ။ အမြဲတန်းသင်ယူချင်သည်။ အသိပညာအတတ်ပညာဟူသမျှကို နားစွင့်သည်။
၁၈:၁၆ လူကြီးသူမထံသို့ ခစားလျှင် လက်ဆောင်ဖြင့် ဂါရဝပြုသည်။ လူကြီးများသည် လိုချင်တပ်မက်၍မဟုတ်။ ငယ်သားများ၏ ဂါရဝပြုခြင်း၊ လေးစားခြင်းကို အသိအမှတ် တုံ့ပြန်ခြင်း ဖြစ်သည်။
ထိုကဲ့သို့ပင် ဝိညာဉ်ဆိုကျေးဇူးများကိုလည်း အခြားသူများသို့ ဝေငှပေးကမ်းရသည်။ အကယ်၍ နှုတ်ကပတ်တော်သွန်သင်ဟောပြောခြင်းသော်၎င်း၊ အမှုတော်တခုခုသော်၎င်း ပြုလုပ်နိုင်လျှင် အမှုတော် ပြန့်ပွားစေသည်။ မျက်စိနားစွင့်ခြင်းတမျိုး ဖြစ်သည်။ (ဤကျမ်းချက်၏ ဆိုလိုရင်းမဟုတ်ပါ။ စာရေးသူက အတွေးကွန့်ခြင်း ဖြစ်သည်)။
၁၈:၁၇ လူသည် မိမိအကြောင်းကို ပြောသောအခါ ကြားနာသူများက အဟုတ်အမှန်ဟု ယုံကြည်ကြသည်။ သို့သော် အကြောင်းသိသူက မေးခွန်းထုတ်ထောက်ပြသောအခါ ကဗြောင်းကဗြန် ဖြစ်ကုန်သည်။ သူပြောခဲ့သမျှသည် ဟုတ်တိုင်းမှန်ရာ မဟုတ်တော့ချေ။
၁၈:၁၈ ဓမ္မဟောင်းကာလမှ သန့်ရှင်းသူများသည် စာရေးတံချ၍ ဘုရားသခင်၏ အဆုံးအဖြတ်ဟု နာခံလေ့ရှိကြသည်။ လေးစားကြည်ညိုကြသည်။ စာရေးတံမဲသည် ဝေခွဲဆုံးဖြတ်ရခက်သော ပြဿနာ၏ တရားသူကြီး ဖြစ်နိုင်သည်။
ယနေ့ ယုံကြည်သူများသည် အခြားသူများအား စီရင်ရာတွင် မဲခွဲဆုံးဖြတ်ခြင်း မပြုအပ်။ သမ္မာကျမ်းစာ ဖတ်ရှုလိုက်နာ၊ မိမ်အပြစ်ကို ဝန်ချတောင်းပန်၍ ဘုရားသခင်၏ အလိုတော်အတိုင်း ဆုံးဖြတ်သင့်သည်။ ဆုတောင်းခြင်းဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ခံယူသင့်သည်။
၁၈:၁၉ အနီးကပ်ဆုံးသောသူနှစ်ဦး အချင်းများအငြင်းပွားခြင်းကို ပြန်ဖြေရန် ခက်ခဲသည်။ ထိုညီအစ်ကိုနှစ်ဦး စေ့စပ်ဖြန်ဖြေခြင်းထက် မြို့ရိုးပျက်ဆီးခြင်းက ပိုလွယ်သည်။ အငြိုထားရန်မုန်းခြင်းသည် ခိုင်ခံ့သော မြို့ရိုးနှင့်တူသည်။ အေးစက်သည်၊ မာကြောသည် ပြုပြင်ပြောင်းလဲရန်မလွယ်။ ထိုသဘောအတိုင်းပင် ပြည်တွင်းစစ် မီးငြိမ်းရန်မလွယ်။
၁၈:၂၀ လူသည် လျှာ၏အသီးကို ဝအောင်စားရသည်ဟု ဆိုလေ့ရှိကြသည်။ အကယ်၍ မင်္ဂလာစကားပြောဆိုလျှင် မင်္ဂလာတရားနှင့် ပြည့်စုံမည်။ သူပြောသည့်စကားအတိုင်း ခံစားရမည်။ အကုသိုလ်စကားပြောလျှင် အကုသိုလ်၊ မင်္ဂလာစကားပြောလျှင် ကျက်သရေမင်္ဂလာ ပြည့်စုံမည်။
၁၈:၂၁ လျှာသည်ဆိုးမွေနှင့် ကောင်းကျိုးပေးသောအရင်းအမြစ် ဖြစ်သည်။ ချစ်ဖွယ်သော စကားဆိုလျှင် လူတွေကချစ်ကြမည်။ နှစ်လိုဖွယ်ရာမိန့်ဆိုလျှင် အခြားသူများက လိုလားကြမည်။ ထို့ကြောင့် အပြောအဆိုဆင်ခြင်ပါ။
၁၈:၂၂ “ကောင်းသော“ဟူသော စကားလုံးသည် ယောက်ျားများက မယားအား ပြောဆိုရန် ဘုရားသခင်ပေးသော ဝေါဟာရ ဖြစ်သည်။ မယားကောင်းရသူသည် ရတနာရရှိသူ ဖြစ်သည်။ ဘုရားတရားကြည်ညိုသော ဇနီးမယားရရှိသူသည် ဘုရားပေးလက်ဆောင် ရရှိသူ ဖြစ်သည်။
၁၈:၂၃ မရှိဆင်းရဲသားများသည် အောက်ကျို့နှိမ့်ချစွာ လေသံတိုးတိုးဖြင့် တောင်းပန်လေ့ရှိသည်။ တခြားတဘက်တွင်မူ လူချမ်းသာများသည် မောက်မာပြောဆိုလေ့ရှိသည်။ သို့သော် လူချမ်းသာတိုင်း မဟုတ်ပါ။ ယေဘူယျပြောခြင်း ဖြစ်သည်။
၁၈:၂၄ ဤကျမ်းပိုဒ်သည်လည်း အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုနိုင်သော သုတ္တံစကား ဖြစ်သည်။
အပေါင်းအဖော်များသူသည် အကျိုးနည်းရှိတတ်၏။ မိတ်ဆွေမူကား၊ ညီအစ်ကို စွဲကပ်သည်ထက်သာ၍ စွဲကပ်၏။ KJV နှင့် NKJV ကျမ်းမူအရ ခင်မင်ခြင်းသည် မိတ်ပေါင်းဆွေသဟာ ရရှိသည်။ အချို့မိတ်ဆွေများသည် သာမန်မိတ်ဆွေများထက် စီးကပ်သည်ဟု ဆိုသည်။
NASB, ASV, NKJV မှတ်ချက်နှင့် JND ကျမ်းမူတွင် အပေါင်းအသင်းများသူသည် ပျက်စီးတတ်သည်။ သို့သော် မိတ်ဆွေကောင်းသည် ညီအစ်ကိုထက် ပိုမိုအားကိုးရတတ်သည်ဟု ဆိုကြသည်။ ထိုစကားအရ ပျက်စီးရာပျက်စီးကြောင်း ဖြူဆွတ်သော အပေါင်းအသင်းတရာထက် မိတ်ကောင်းဆွေမွန်တယောက်က အဖိုးတန်သည်ဟု နားလည်ရသည်။
RSV ကျမ်းမူတွင် “လောကတွင် ချစ်ဟန်ဆောင်သော မိတ်ဆွေအများအပြား ရှိပါသည်။ သို့သော် မိတ်ဆွေကောင်းသည် ညီအစ်ကိုထက် ပိုမိုသွေးစည်းခိုင်မာသည်”ဟုဆိုသည်။ ဤစကားက သာမန်ခင်မင် သိရှိသူနှင့် မိတ်ကောင်းဆွေကောင်းကို ခွဲခြားကြသည်။ မိမိအပေါ် သစ္စာရှိမှု၊ ယုံကြည်မှုမတူညီကြပုံကို ထောက်ပြသည်။
မည်သို့ဖြစ်စေ မိတ်ကောင်းဆွေကောင်းသည် ညီအစ်ကိုထက် အားကိုးရသည် ဟူသော ဒုတိယပိုင်း ကျမ်းချက်ကို ခွန်အားယူကြပါစို့။ ထိုအကြောင်းကို G Campbell Morgan က ဤသို့ဆိုသည်။
ဤကျမ်းပိုဒ်၏ အနက်အဓိပ္ပါယ်သည် နောက်ဆုံးတွင် တနေရာတည်းသို့ သွားဆုံကြသည်။ တစုံတဦးသို့ ဆုံစည်းကြသည်။ ထိုသူသည် လောကအပြစ်သားများ၏ မိတ်ဆွေကောင်း ဖြစ်သည်။ စိတ်နှလုံးဖွင့်ဟ၍ ကိုးကွယ်ကြပါစို့။ ထိုမိတ်ဆွေမှာ သခင်ယေရှုခရစ်တော် ဖြစ်သည်။၃၂