သုတ္တံကျမ်း ၂
(ခ) ဉာဏ်ပညာအမျိုးမျိုး (အခန်း ၂)
အခန်း(၂)တွင် ရှောလမုန်က သူ့သားအား ဉာဏ်ပညာလမ်း လျှောက်လှမ်းဖို့ တိုက်တွန်းထားသည်။ ပထမပိုင်း အခန်းငယ် (၄)ခုသည် ဘုရားသခင်အား သိကျွမ်းရမည့်အကြောင်း ဖြစ်သည်။ ဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့ဖြင့် ရှာဖွေရမည်။ ဤအခန်း၏ အနှစ်သာရမှာ ဉာဏ်ပညာရှာဖွေသူသည် အမှန်တကယ် ရရှိမည့်အကြောင်း အာမခံချက် ဖြစ်သည်။ အပိုဒ်ငယ်ပေါင်း (၂၂)ခုပါရှိ ဟေဗြဲဗျည်း (၂၂)ခုဖြင့် စီရင်ထားသည်။
၂:၁ ဖခင်၏သွန်သင်ချက်နှင့် မိန့်မှာချက်များကို ရတနာအဖြစ် သိမ်းဆည်းဖို့ ဦးစွာ သားအား ဆုံးမသည်။ စိတ်နှလုံးဘဏ္ဍာသိုက်မှာ ရတနာအဖြစ် သိမ်းဆည်းခိုင်းသည်။ တသက်လုံး မှတ်သားလိုက်နာရမည်။
၂:၂ ကြားနာချင်သော နား၊ ခံယူချင်သော စိတ်နှလုံး ရှိရမည်။ သားသည် စိတ်ဝင်တစား နားထောင်သူ ဖြစ်ရသည်။ မိဘကို ပြန်လည်အာခံခြင်းမပြုရ။ နာခံဖို့ အခက်အခဲရှိကြောင်း၊ ပြဿနာရှာဖို့မဟုတ်။ ပညာရှိစကားနှင့် အခြားစကားအလိမ္မာများကို နာယူရသည်။
၂:၃–၄ စီးပွားရှာသကဲ့သို့ ဉာဏ်ပညာကို ငမ်းငမ်းတက်ရှာဖွေလျှင် သိရှိနားလည်မည်။ အဓိကလိုအပ်ချက်မှာ လိုချင်စိတ်ဖြစ်သည်။ လိုချင်စိတ်ရှိသော သူသည်ရ၏ ဟူသောစကားသည် နိယာမတရား ဖြစ်သည်။
ငွေကို လိုချင်သကဲ့သို့ ဝှက်ထားသောရတနာကို ရှာဖွေလျှင် တွေ့ရှိကြမည်။ လူသည် ဝိညာဉ်ဘဏ္ဍာထက် လောကီဘဏ္ဍာကို ဦးစားပေး လိုချင်ကြသည်။ ထိုကဲ့သို့ လိုချင်ရှာဖွေကြသည့်အတိုင်းဉာဏ်ပညာကိုလည်း ရှာဖွေကြလော့။
၂:၅ ဘုရားသခင်ကို သိသောဉာဏ်ဖြင့် ရှာဖွေလျှင် တွေ့ရှိကြမည်။ ဘုရားသခင်ကို အမှန်တကယ် သိကျွမ်း၍ ခိုလှုံသူများသည် စိတ်ပျက်အားငယ်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ အလျဉ်းမတွေ့ရ။ အသင်းတော်ဖခင်ကြီးများသည် ဘုရားသခင်ကို အမှန်တကယ် ရှာဖွေကြသောကြောင့် တွေ့ရှိခဲ့ကြသည်။ ခမည်းတော်ဘုရားအား ယုံကြည်ကြရန် ယေရှုခရစ်တော် ပေါ်ထွန်းခြင်း ဖြစ်သည်။ ခရစ်တော်ကို သိကျွမ်းကြသည်။
၂:၆ ခရစ်တော်အား ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်း ရရှိပြီးသူများသည် ဘုရားသခင်ထံမှ ဉာဏ်ပညာများ သင်ယူရရှိနိုင်ဖြစ်သည်။ ဖြောင့်မတ်စွာ လျှောက်လှမ်းရမည့်ခရီး၊ ဘဝတိုးတက်ရမည့် လှေကားထစ်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားနိုင်သော အသိပညာနှင့် ဝိညာဉ်ရေးရာနှင့် ရင့်ကျက်မည့်အကြောင်းများ သွန်သင်ပဲ့ပြင် ပေးပါသည်။
၂:၇ ဉာဏ်ပညာသည် ဖြောင့်မတ်သူတို့အား ပညာရတနာကို ကြွယ်ဝစွာ ပေးသည်။ တရားသဖြင့် ကျင့်သောသူများအား ဘေးဒုက္ခမရောက်အောင် ကွယ်ကာပေးသည်။
၂:၈ မိဘစကားနာခံသူသည် ဘဝလမ်းခရီးဖြောင့်ဖြူး၍ စိတ်နှလုံးချမ်းမြေ့သည်။ သန့်ရှင်းသူများသည် ဆင်းရဲဝေဒနာနှင့် အပြစ်ဒုစရိုက်၏ စုံစမ်းနှောင့်ယှက်ခြင်းမှ ကင်းဝေးကြမည်။”ဘုရားသခင်၏ ချစ်မိတ်ဆွေများသည် ဘဝလုံခြုံကြသဖြင့် ကြံတိုင်းအာင်၊ ဆောင်တိုင်းမြောက်ကြသည်”(Knox) ။
၂:၉ အပိုဒ်ငယ်(၅)နှင့် ကျမ်းပြိုင်ဖြစ်သည်။ ကျမ်းပိုဒ်နှစ်ခုစလုံးတွင် ထို့ကြောင့် ဟုဆိုထားသည်။ ထိုစကားမှာ ဘုရားသခင်၌ ဉာဏ်ပညာရှာဖွေ သိရှိပြီးနောက်ဟု ဆိုလိုသည်။
ဘုရားသခင်ကို မနေမနားရှာဖွေ၍ အလိုတော်သိရှိသူများသည် ဖြောင့်မတ်မှန်ကန်စွာ ပြုကြသည်။ သင့်တင့်လျောက်ပတ်စွာ နေထိုင်ကြသည်။ မိမိကိုယ်ကို ထိန်းကျောင်းကြသည်။ ခပ်တိုတိုပြောရလျှင် လမ်းမှန်ကို ရွေးချယ်၍ ထိုလမ်းအတိုင်းလျှောက်လှမ်းကြသည်။
၂:၁၀ ထိုသို့ ကောင်းသောလမ်း လျှောက်လှမ်းရခြင်းမှာ ဉာဏ်ပညာကို စိတ်နှလုံးတွင် စွဲမှတ် ကြသောကြောင့် ဉာဏ်ပညာက ပဲ့ပြင်စောင့်ထိန်းသည်။ မကောင်းသော အမူအရာထက် ကောင်းသောအမှုကိစ္စကို ဉာဏ်ပညာက ရွေးချယ်ပေးသည်။ အမှန်တကယ် ယုံကြည်သူများသည် ဘုရားသခင်၏ ပညတ်တရားများ၌ ငြိုငြင်ခြင်းမရှိကြ။ ခရစ်တော်၏ထမ်းပိုးသည် ရိုးစင်းသဖြင့် ပေါ့ပါးသည်။ ပေါ့ပါးသဖြင့် ထမ်းလွယ်သည်။
၂:၁၁ ထိုင်းထွင်းဉာဏ် သို့မဟုတ် ပါးနပ်မှုက လူအား ပြဿဒါးလမ်းမှ အကြိမ်ကြိမ်ကယ်မပေးသည်။ မှန်ကန်သော ဆုံးဖြတ်ချက်က မတရားသောသူများ ဘေးအန္တရာယ်မှ ကွယ်ကာပေးသည်။ နေ့စဉ်အသက်တာတွင် ကိုယ်၊ စိတ်၊ ဝိညာဉ်တို့အား အနှောင့်အယှက်ပေး ထိပါးသော ပယောဂများကို ပျက်စီးခြင်းမှ လုံခြုံစေ၍ ခရစ်ယာန်အသက်တာကို ကွယ်ကာစောင့်ရှောက်ပေးသည်။
၂:၁၂ ဆိုးယုတ်သော အပေါင်းအသင်းများ ဘေးရန်မှလည်း လုံခြုံစေသည် (ငယ် ၁၂-၁၅)။ အမျိုးပျက်သော မိန်းမ၏ မြူဆွယ်ဖြားယောင်းခြင်းမှလည်း လုံခြုံစေသည်(ငယ်၁၆-၁၉)။
ပထမဦးစွာ သမ္မာလမ်းကို စွန့်၍ မိုက်မဲသောအမှောင်ထဲသို့ ခုန်ချသူများအကြောင်း ဖြစ်သည်။
သမ္မာတရားအလင်းကို စွန့်လွတ်၍ အမှောင်ထဲတွင် ပျော်မွေ့သူများ ဖြစ်သည်။ စဉ်းလဲကောက်ကျစ်သည်။ ယုတ်ညံ့သိမ်ဖျင်းသည်။ အောက်တန်းကျသည်။
၂:၁၆ ဉာဏ်ပညာက မတရားသောသူများ ဘေးရန်မှသာ ကယ်နှုတ်သည်မဟုတ်။ အကျင့်ပျက်သော မိန်းမများ အန္တရာယ်ဆိုးမှလည်း လွတ်မြောက်စေသည်။ အရပ်စကားအားဖြင့် မိန်းမရွှင်ဟု ခေါ်သည်။ ဘာသာရေးအယူမှားသူ၊ တရားတော်နှင့်အညီ အသက်မရှင်သူများလည်း ပါဝင်သည်။
ထိုမိန်းမ၏ လက်သုံးစကားမှာ”သင်ဟာ သိပ်လှပါတယ်။ သူများနှင့်မတူ၊ ပီယဆေးကြွယ်ဝတယ်။ ဆွဲဆောင်မှုကောင်းတယ်။ လာပါ၊ သင့်မှာ အချစ်နှင့်မေတ္တာ ငတ်နေတယ်။ သင့်လိုအပ်ချက်ဟာ ကျွန်မဖြစ်မှန်းသိပါတယ်။ သင့်လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ပါတယ်”ဟု ဆိုသည်။
၂:၁၇ ထိုသူမသည် ငယ်ချစ်လင်သားအပေါ်မှာလည်း သစ္စာမရှိ၊ ဘုရားသခင်ရှေ့၌ ပြုထားသောကတိကိုလည်း မစောင့်။ ဘုရားရှေ့၌ တိုင်တည်သစ္စာဆိုထားသော ချစ်သစ္စာကိုလည်း မစောင့်ထိန်း။ ဘုရားသခင်၏ ပဋိညာဉ်တရား ဆိုသည်မှာ ပညတ်တော် ဆယ်ပါးမှ သတ္တမမြောက်ဖြစ်သော သူများအိမ်ယာနှင့်ပြစ်မှားခြင်း တားမြစ်ချက်လည်း ဖြစ်နိုင်သည်။
၂:၁၈ ပထမစာစုကို “သူ့မိသားစုအား မရဏာနိုင်ငံသို့ ဦးဆောင်ခေါ်သွားသည်“ဟု ဆိုလျှင် ပိုမိုသဘောပေါက်ကြမည်။ သို့မဟုတ် “မိသားစုနှင့်အတူ သေရွာသွားကြမည်”(RO) ဟုဆိုရမည်။ ဒုတိယစာစုကို NKJV ကျမ်းမူက “သူ့အိမ်သည် မရဏာသေရွာသွားလမ်း ဖြစ်သည်”ဟု ဆိုသည်။ ထို့ကြောင့် ထိုလမ်းလိုက်သူများသည် သေရွာလားကြသည်။ မရဏာသေရွာလမ်း ဖြစ်သည့်အတိုင်း ဝိညာဉ်လောကနှင့် ကင်းဝေးကြသည်။ လူတိုင်းတနေ့သေကြရမည် မှန်ပါသည်။ သို့သော် ဤနေရာတွင် သေခြင်းသည် ထာဝရသေခြင်း ဖြစ်သည်။
၂:၁၉ ထိုမိန်းမပျက်၏ မာယာကျော့ကွင်းတွင် ဖမ်းမိခြင်းခံရသော ယောက်ျားသားများသည် ရုန်းထွက်နိုင်ရိုး မရှိကြ။ ပြန်လမ်းမဲ့ခရီး ဖြစ်သည်။ သို့သော် ကျမ်းချက်ပါ အကြောင်းအရာများသည် ယေဘူယျသဘောဖြင့် ခြုံယူဆင်ခြင်ခြင်း ဖြစ်သည်။ ချို့ယွင်းချက် အနည်းအကျဉ်း ရှိနိုင်ပါသည်။ ထိုမိန်းမ၏ လျှို့ဝှက်မှုသိလျက်နှင့် ဆင်ကန်းတောတိုးသူများသည် လမ်းမှန် ပြန်ရောက်ဖို့ ခက်ခဲသည်။
၂:၂၀ အပိုဒ်ငယ်(၁၀)နှင့် ဆက်စပ်သည်။ ဉာဏ်ပညာသည် ဒုစရိုက်သမားများနှင့် မိန်းမပျက်များ ဘေးအန္တရာယ်မှလူကို ကွယ်ကာပေးသည်သာမက မိတ်ကောင်းဆွေကောင်း၊ ဖြောင့်မတ်ခြင်းနှင့် သူတော်ကောင်းလမ်းစဉ်ကိုလည်း ပြသသည်။
၂:၂၁–၂၂ မောရှေ၏ ပညတ်ကျမ်းလာအရ ဖြောင့်မတ်သူများနှင့် အပြစ်ကင်းစင်သူများသည် ကတိတော်မြေ ခါနန်ပြည်သို့ ဝင်ရောက်ခွင့်ရကြသည်။ ထိုနယ်သစ်ပယ်သစ်က ကတိတော်မြေသည် ဓမ္မသစ်ကျမ်းနှင့် ယှဉ်ကြည့်လျှင် မြေကြီးနှင့်ဆိုင်သော ကောင်းကြီးမင်္ဂလာဖြစ်သည်။ ကောင်းကင်ကောင်းကြီးမင်္ဂလာ ခံစားရာလမ်းစ ဖြစ်သည်။ ဖြောင့်မတ်စင်ကြယ်သူများသည် မျက်မှောက်ကာလတွင် သုခချမ်းသာ ခံစားရသကဲ့သို့ နောင်အနာဂတ်တွင်လည်း ဝိညာဉ်ဆုလက်ဆောင် ရရှိမည့်သူများ ဖြစ်သည်။
သို့သော် မတရားသောသူများသည် ကောင်းကြီးမင်္ဂလာနှင့် မထိုက်တန်ကြ။ သစ္စာဖောက်၊ လိမ်လည်လှည့်ဖျားသူများအတွက် အမွေဥစ္စာမရှိ။