သြဗဒိအနာဂတ္တိကျမ်း ၁

၁။ ဧဒုံပြည်၏မာနထောင်လွှားမှု (ငယ် )

ဧဒုံပြည်သည် မာနထောင်လွှားသောကြောင့် ရန်ပြုတိုက်ခိုက် သိမ်းပိုက်ခြင်းခံရမည်ဟု ကျမ်းစာက ကြိုပြောထားသည်။ တိုင်းနိုင်ငံများသည် ဧဒုံပြည်ကိုစစ်တိုက်ရန် ပြင်ဆင်ကြပြီ။ သေလသို့မဟုတ် ပေတရမြို့တော်သည် ပင်လယ်သေ၏တောင်ဘက် ကျောက်ဆောင်ထိပ်တွင် နှင်းဆီနီပမာ ငွေးငွေးစွင့်စွင့် တည်ရှိသည်။ အဘယ်သူမှ မတိုက်ခိုက်မကျူးကျော်နိုင်ဟု အထင်ရောက်ကြသည်။ သို့သော် ရွှေလင်းယုန်ကဲ့သို့ မိမိကိုယ်ကို ချီးမြောက်သူ၊ ကြယ်သာယာပေါ်တွင်သိုက်မြုံယံ ဆောက်ချင်သူတို့အား ဘုရားသခင်ကမြေကြီးပေါ်သို့ ပစ်ချတော်မူသည်။

၂။ ဧဒုံပြည် ပျက်သုဉ်းခြင်း (ငယ်၅)

(က) ကျူးကျော်သူများ အင်အားတောင့်တင့်ပုံ (ငယ်၅)

သူခိုး၊ဓါးပြများသည် အိမ်ထဲဝင်၍ မိမိနိုင်သရွေ့သာ ခိုးယူကြသကဲ့သို့ စပျစ်ခြံသူခိုးများကလည်း မမှည့်သေးသော အသီးအကင်းမျိုးကို ချန်တတ်သေးသည် ။ ဧဒုံပျက်စီးပြိုလဲသည့်အခါတွင်မူ ဧသောဝှက်ထားခဲ့သော ရတနာများကကိုလည်း စစ်စစ်ပေါက်ပေါက် ရှာဖွေလုယူသွားကြမည်။

(ခ) မဟာမိတ်များက သစ္စာဖောက်ခြင်း(ငယ်၇)

ဧဒုံနှင့် ပေါင်းဖက်ကြသော ချစ်ဟန်ဆောင်မိတ်ဆွေအပေါင်းအဖော်တို့သည် သစ္စာယိုယွင်းဖောက်ဖျက်ကြ၍ အရေးကြုံသည့်အခါ တချိုးတည်းကိုယ်လွတ်ရုန်းလစ်ပြေးကုန်ကြသဖြင့် ဧဒုံပြည်သည် မိတ်ဆွေများ၏ ထောင်ချောက်၌ ဖမ်းခံရသကဲ့သို့ ဖြစ်သွားပြီ။

(ဂ) ဧဒုံခေါင်းဆောင်များပျက်စီးခြင်း(ငယ် ၈-၉)

ဧဒုံပညာရှိများနှင့် အစွားအစရှိသော သူများ၊ ချီးမြောက်ထားသူများသည်လည်း မျိုးဆက်ပြတ်ကုန်ကြသဖြင့် မျက်စိသူငယ်နားသူငယ်များဖြင့် အထီးကျန်ရစ်ကြမည်။

၃။ ဧဒုံပြည်ပြိုလဲရခြင်းအကြောင်း (ငယ်၁၀၁၄)

တပါးအမျိုးသားများက ယေရုရှလင်မြို့အား ဝိုင်းဝန်းတိုက်ခိုက်ကြစဉ်အခါ ဧဒုံပြည်သည် လက်ပိုက်ကြည့်၍ ဝမ်းသာနေခဲ့သည်။ ကြိတ်ကြိတ်ပြုံးပြုံးကြသည်။ မှတ်ပါလေစေ၊ မှတ်ပါစေဟု ဆိုရက်ကြသည်။ အားပေးကူပံ့ခြင်းမပြုသည့်အပြင် အဆက်အသွယ်ဖြတ်တောက်ကြသည်။ မိတ်ကောင်းဆွေမျိုးမပီသကြ။သူခိုးဓါးရိုး ကမ်းကြသည်။ ရန်သူများကိုအားပေး အားမြှောက်လုပ်ကြသည်။

ဤနေရာတွင်ဘုရားသခင်၏လူများအပေါ် ဧဒုံပြည်၏သွေးအေးမှု၊ စိတ်ကောင်းနှလုံးကောင်းမရှိမှု၊ ဥပေက္ခာပြုမှု၊ ဝန်တိုမှုတို့ကို တွေ့ရသည်။ ဧဒုံပြည်သည် ကိုယ်ချင်းစာ ကရုဏာတရားအလျဉ်းမရှိ။ မိမိညီယာကုပ်အမျိုးအား အလျဉ်းမကြည့်ရှု။ မျက်မုန်းကျိုးသည်။ ထိုသို့မိမိသွေးသား ဆွေမျိုးသားရင်းအပေါ် သစ္စာဖောက်ခြင်းက ကြမ္မာဆိုးဖန်တီးပေးခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

၄။ ဧဒုံပြည်တရားစီရင် ခံရခြင်း(ငယ်၁၅၁၆)

ယုဒတို့အပေါ် ဧဒုံပြည်၏ဆက်ဆံရေးမဖြောင့်မှန်မှုကြောင့် ဘုရားသခင်၏တရားစီရင်မည့် နေ့ရက်နီးကပ်လာပြီ။ ပြုခဲ့သောဆိုးပြစ်များသည် မိမိခေါင်းပေါ်သို့ပြန်ကျလာပြီ။ ဝဋ်လည်လာပြီ။ ထိုအကြောင်းနှ့ပတ်သက်၍ G. Herbert Livingston က ဤသို့ဥပမာပေးရှင်းပြထားသည်။

ပရောဖက်များသည်ဝမ်းနည်းဖွယ် အပြစ်ဒဏ်ခတ်ခံခြင်းကို စားသောက်ပွဲပါဝင်မူဖြင့် ပုံဖော်တတ်ကြသည်။ အရက်ပြင်းပြင်းကြောင့် ယစ်မူးလွန်ခြင်းကို အမျက်တော်ခွက်ဖလားခံယူခြင်းဟု ဆိုတတ်ကြသည်။ ယေ၊၂၅:၁၅၂၈ နှင့် နှိုင်းယှဉ်ဖတ် ဆင်ခြင်ကြည့်ပါ။ ဘုရားရှင်သည် ဧဒုံလူမျိုးတပါးတည်းကို သာရွေး၍ ပြစ်ဒဏ်စီရင်ခြင်းမဟုတ်။ စံနမူနာပြအဖြစ် ဧဒုံကဲ့သို့ပင် လောကီတိုင်းနိုင်ငံလူမျိုးတို့အား သူတို့အပြစ်ဒုစရိုက်အလျောက် တရားစီရင်မည်သာဖြစ်သည်။

၅။ ဣသရေလနှင့်ယုဒတို့ပြန်သင့်မြတ်ခြင်းနှင့် ဧဒုံပြည်ချုပ်ငြိမ်းခြင်း (ငယ်၁၇၂၁)

အငယ်၁၇၊ ၁၈။ နောက်ဆုံးကျမ်းပိုဒ်များတွင် ဣသရေလတို့ ကယ်နှုတ်ခြင်း ခံရမည့်အကြောင်း ပြောသည်။ ဣသရေလနှင့်ယုဒလူများသည် မီးတောက်မီးလျှံဖြစ်၍ ဧသောအနွယ်ဝင် အမှိုက်သရိုက်များကို ပြောင်သလင်းခါအောင် လောင်ကျွမ်းစေလိမ့်မည်။ ဧဒုံ၏သမိုင်းနိဂုံးအကြောင်းကို Tatford  က ဤသို့အကျဉ်းချုံးထားသည်။

ဧဒုံလူတို့ကို သူတို့နေရပ်တိုင့်းပြည်မှ Nabateans များက မောင်းထုတ်ကြသည်။ သို့သော် Negev ဒေသကို အခြေပြု၍ ဧဒုံပြည် Idumea ကို ထူထောင်ကာ ယုဒနယ်မြေအချို့ကို သိမ်းပိုက်ခဲ့၏။ ဘီစီ၁၈၅ ယုဒက္ကာဘီ Judas Maccabeus စစ်ချီ၍ ပြန်လည်ရယူခဲ့သည်။ ရှိမုန်(ဂေရသ) မင်း Simon of Gerasa လက်ထက်၌ ဧဒုံကို ဖုန်းဆိုး လွင်တီးခေါင်မြေဖြစ်စေခဲ့သည်။ အေဒီ ရာစု၌ ဧဒုံ သည် လုံးဝတိမ်ုပ်ပျောက်ကွယ်သွားခဲ့သည်။ အေဒီ ရာစုတွင် မဟာမေဒီတို့ သိမ်းပိုက်သည့်အချိန်ထိ ပေတရ Petra မြို့သည် ရှေ့ရိုးခရစ်ယာန် သာသနာပိုင်ရုံးစိုက်ရာမြို့ဖြစ်ကြောင့် သမိုင်းအထောက်အထားရှိသည်။ ယနေ့ခေတ်ကာလတွင် ဧဒုံလူမျိုးအစအနားမတွေ့တော့ပါ။ဧသောအမျိုးသားမကျန်ကြွင်းရဟူသောသြဗဒိ ပရောဖက်ပြုချက်လည်း ပြည့်စုံခဲ့သည်။

ငယ်၁၉-၂၁ ဧဒုံပြည်ကိုလည်း ဣသရေလလက်ထက်သို့ ဝကွက်အပ်နှံရမည်။ တောင်ပိုင်း Negev ၌အခြေစိုက်သည်။ မြေနိမ့်လွင်ပြင် ကမ်းမြောက်ဒေသ (Shephelah) ကို ဖိလိတ္တိတို့က ရရှိသွားကြမည်။ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော ဣသရေလလူမျိုးတဖန်ပြန်လည်ကောင်းစားလာပြီး၊ ခါနာန်မြေကိုသိမ်းပိုက်ကြမည်။ ကယ်တင်ရှင်များ(လွတ်မြောက်စေသူများ)က ဧသောတောင်ပေါ်မှာ စိုးစံမည်။ သခင်ဘုရားက နိုင်ငံတော်ကို အုပ်စိုးမည်။

မှတ်စု

၁။ (နိဒါန်း) အငယ် ၂၀ တွင် Captives ဟု ဘာသာပြန်ထားသည့် ဟေဗြဲဝေါဟာရများကဲ့သို့ ဖြစ်သည်။

၂။ (နိဒါန်း) Matthew Henry, “Obadiah,” Matthew Henry’s Commentary on the Whole Bible, IV:1271.

၃။ (ငယ်-၁၅၊၁၆) G. Herbert Livingston, “Obadiah” The Wycliffe Bible Commentary, p. 841.

၄။ (ငယ်-၁၇၊၁၈) Frederick A. Tatford, Prophet of Edom’s Doom, p. 55.

၅။ (ငယ်၁၉-၂၁) ၂၁၌ပြထားသည့် ကယ်တင်ရှင်များဆိုသည်မှာ ခရစ်တော်နှင့်အတူ စိုးစံရမည့် သန့်ရှင်းသူများဖြစ်သည်။

Next Article