ဟောရှေအနာဂတ္တိကျမ်း ၁၂
၁၂:၁–၂ ဧဖရိမ်အမျိုးသည် လျှာနှစ်ခွဖြင့် ပြောတတ်သူများ၊ ဗလောင်ဗလဲလုပ်တတ်သူများဖြစ်သည်။ နှုတ်ပေါင်းကိုယ်ခွာ ချစ်ဟန်ဆောင်သောမိတ်ဆွေများ ဖြစ်သည်။ အာရှုရိတို့နှင့် မဟာမိတ်ပြုလျက် အဲဂုတ္တုပြည်သို့ ဆီပို့သူများဖြစ်သည်။ ဘုရားသခင်သည် ဧဖရိမ်မြို့နှင့် အပေးအယူ၊ အမြီးအမောက်မတည့်သော်လည်း ယုဒလူမျိုးနှင့် ပနာမစား။ ယာကုပ်ကို အရေးယူသကဲ့သို့ အပြစ်ပေးဒဏ်ခတ်ဦးမည်။
၁၂:၃ ယုဒဘိုးဘေးကြီး ယာကုပ်နာမည်ကို တဖန်တွေ့ရသည်။ အချို့ကျမ်းပိုဒ်များတွင် နှစ်လိုဖွယ်ရာမကောင်းသော ကျက်သရေတုံးအဖြစ် ပြောလေ့ရှိသော်လည်း ဤနေရာတွင် ဘုရားသခင်ကို ပြိုင်ဆိုင်သူဘုရားကို နပမ်းလုံး အောင်မြင်သူအဖြစ် သရုပ်ဖော်သည်။ ဘုရားသခင်ထံတော်ပါးသို့ ချဉ်းကပ်ဆက်သသူ ဖြစ်သည်။
၁၂:၄–၆ အပိုဒ်ငယ် ၄နှင့် ၅ မှ ကောင်းကင်တမန်သည် ထာဝရဘုရားသခင်က မိမိကိုယ်တိုင်ကို ရည်ညွှန်းသည်။ ဘုရားသခင်သည် ကောင်းကင်တမန်အဖြစ် ဟာဂရ(က၊ ၁၆:၇-၁၁) နှင့် အာဗြဟံထံသို့ (က၊၁၈:၁-၃၃၊ ၂၂:၁၁၊၁၅၊၁၆)၊ ယာကုပ် သို့ (က၊ ၃၁:၁၁-၁၃၊၄၈:၁၆)တို့တွင် အတွေ့ခံခဲ့ဘူးသည်။ ထွ၊၃:၂၊၆-၁၅ နှင့် တော၊၂၂:၂၂-၃၅ ကိုလည်းကြည့်ပါ။ ဧဝံဂေလိဆရာများမူ သုံးပါးတစ်ဆူ၌ ပါဝင်တော်မူသောသူ ပတ္တမြားရွှေကြုတ်မငုံခင် ကာလဖြစ်မည်ဟုဆိုကြသည်။
ဧဖရိမ်တို့၏ ဘိုးအေ ယာကုပ်သည် မိမိစွမ်းအားထက် ဘုရားသခင်၏ ဘုန်းတန်ခိုးကို အားကိုးသည် (က၊၃၂:၂၈ကိုကြည့်)။
၁၂:၇–၈ သို့သော် ဧဖရိမ်သည် ကောက်ကျစ်စဉ်းလဲသော ခါနနိ၁၀(ကုန်သည်ပွဲစား) လူဖြစ်သည်။ စဉ်းလဲသောချိန်ခွင်၊ ကလိန်ကကျစ်၊ မိမိကိုယ်ကျိုးကို ရှာစားသော ဝိသမလောဘသမား ဖြစ်သည်။
၁၂:၉ ထာဝရဘုရားသခင်က သူသည်သင်တို့အား အဲဂုတ္တုပြည်မှ ကယ်ထုတ်သောဘုရား ရှင်ဖြစ်ကြောင်း ပြန်လည်သတိပေးထားသည်။ အဲဂုတ္တုပြည်မှကယ်ထုတ်စဉ် အဝတ်တထည်ကိုယ်တစ်ခုဖြင့်ခေါ်လာခဲ့သည်။ အကယ်၍ နာခံခြင်းရှိကြလျှင် တဲတော်ပွဲတော်ကျင်းပကြသကဲ့သို့ ပုံမှန်အနေအထား ရောက်အောင် ကြွယ်ဝချမ်းသာစေမည်ဟု ဆိုသည်။ ဓမ္မပွဲခံသည့် နေ့ရက်ကဲ့သို့ ဝမ်းမြောက်မှုပေးမည်။
၁၂:၁၀–၁၂ ယေဟောဝါဘုရားသခင်က ပရောဖက်များကိုလည်း ထပ်မံသတိပေးသည်။ အရေးမပါ အရာမထင်ခဲ့။ မြောက်ပိုင်းနိုင်ငံသည် ရုပ်တုဆင်းတုကိုးကွယ်သည့် အပြစ်ဒုစရိုက်ဆိုးကြောင့် ရန်သူတို့က ဝင်ရောက်တိုက်ခိုက်ရာ ဂိလတ်နှင့်ဂိလဂါလပြည်ဟူ၍ နှစ်နိုင်ငံကွဲပြားခဲ့ကြသည်။ လူမျိုးတော်ဘိုးအေကြီး ယာကုပ်သည် ရှုရိပြည်သို့ ဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ မယားရဖို့ မက်ဆိုပို တေးမီးယားဒေသ၌ ဆယ်နှစ်ဆယ်မိုးအောက်ကျို့စွာဖြင့် သိုးထိန်းခဲ့ရသည်။
၁၂:၁၃ သို့သော် ဘုရားသခင်သည် လူမျိုးတော်ကို ကရုဏာတော်ရှိသောကြောင့် မောရှေခေါင်းဆောင်စေ၍ အဲဂုတ္တုပြည်မှကယ်ထုတ်ခဲ့သည်။ မောရှေကိုလည်း ပရောဖက်အရာခန့်ခဲ့သည်။
၁၂:၁၄ သို့သော်ငြားလည်း ဧဖရိမ်သည် ကျေးဇူးသစ္စာမရှိဘဲ၊ ရုပ်တု၊ ဆင်းတုကိုးကွယ်ခြင်းဖြင့် ကယ်တင်ရှ်ဘုရားသခင်ကို အမျက်ဒေါသ ဖြစ်စေကြသည်။ ဘုရားရှင်ကိုယ်တိုင်အား သွေးချောင်းစီးစေသည်။ လူ့အသတ်ကို သတ်သော လက်များသည် သူတို့အပေါ်၌ တဖန် ပြန်လည်ကျရောက်မည်။