အာမုတ်အနာဂတ္တိကျမ်း ၅
(ဂ) တတိယအကြိမ်ဆင့်ခေါ်ခြင်း(၅:၁–၁၇)
ဣသရေလတို့၏ မထုံတက်တေးခေါင်းမာမှုကြောင့် ပရောဖက်အာမုတ်ခမျာ မျက်ရည်ကျရသည်။ ထောင်ပြုမြို့မှတစ်ရာ၊ ရာပြုမြို့မှတစ်ဆယ် လိုအပ်သော စစ်မှုထမ်း၏ဆယ်ပုံတစ်ပုံကိုသာ ပေးနိုင်ကြတော့မည်။ ထိုသို့ဖြစ်နေသည့်တိုင် ဣသရေလတို့သည် ဘုရားရှင်ကို မရှာဖွေကြ။ ဘုရားရှင်ကိုရှာလျှင် အသက်ချမ်းသာရကြလိမ့်မည်။ ဗေသလ၊ ဂိလဂါလ၊ ဗေရရှေဘ အစရှိသော မြို့ကြီးပြကြီးတို့သည် ဘုရားသခင်ကိုတွေ့ရှိနိုင်သော နေရာမဟုတ်။ (ထိုမြို့များကား ရုပ်တုဆင်းတုများ၏ နေရာဖြစ်သည်)။
၅:၁–၁၃ တစ်နည်းအားဖြင့် ခိမကြယ်စုနှင့် ခသိလကြယ်စုတို့ကို ဖန်ဆင်း၍ စကြဝဠာမိုးမြေကို ပိုင်သတော်မူသော ထာဝရဘုရားသခင်၏ အမျက်ဒေါသသည် မတရားသူများ၊ မဖြောင့်မတ်သောသူများပေါ်သို့ လောင်းချတော်မူမည်။ အပြစ်ဒုစရိုက်၌ ပျော်မွေ့နေကြသော ဣသရေလတို့သည် သူတို့အပြစ်ကို ထောက်ပြသော အရှင်အား မုန်းတီးခြင်းမှာ လူ့စရိုက်သဘာဝဖြစ်သည်။ မရိုးမသားပြုမူ လုပ်ဆောင်ခြင်းဖြင့် ကြွယ်ဝချမ်းသာကြသည်။ စည်းစိမ်ဥစ္စာအား ဘဝချမ်းသာခြင်းအဖြစ် အသုံးမပြုတတ်ကြ။
၅:၁၄–၁၇ ဖြောင့်မတ်ခြင်းရှိကြဖို့ တရားမျှတစွာပြုကျင့်ဖို့ ဖိတ်ခေါ်သည်။ “ဒုစရိုက်ကိုရှောင်လျက် သုစရိုက်ကိုရှာ၊ ဘုရားသခင်နှင့် အတူရှိကြဖို့” သတိပေးသည်။ လမ်းမပေါ်၌ သွားလာနေသူများ၏ စကားသံများကို ပြောင်းလဲစေကြရမည်။ ထိုသို့လိုက်နာလုပ်ဆောင်ခြင်းမရှိလျှင် ထိုသူများ၏ရှေ့တွင် တရားစီရင်ခြင်းက အဆင်သင့်စောင့်ကြို နေလိမ့်မည်။
(ဃ) ပထမဆုံးအမင်္ဂလာ (၅:၁၈–၂၇)
၅:၁၈–၂၀ လူများသည် ဘုရားသခင်၏နေ့ရက် ရောက်ရှိလာမည်ကို မလိုချင်ကြ။ ထိုနေ့ရက်သည် ထိုသူများအတွက် မှောင်မိုက်နေ့၊ အတိဒုက္ခရောက်သည့်နေ့၊ တစ်ယောက်ပေါ်တစ်ယောက် အပြစ်ပုံချသည့် ကာလဖြစ်သည်။
၅:၂၁–၂၇ ထိုနေ့ရက်တွင် ဣသရေလများသည် ပွဲတော်နေ့ရက်များသို့ ပူဇော်တကာများ ယူဆောင်လာကြသည်။ သူတို့၏ဘဝအသက်တာသည် စင်ကြယ်ခြင်းမရှိ။ ပုပ်ပျက်နေသဖြင့် ထိုပူဇော်တကာများကို ဘုရားရှင်လက်မခံ။ ဘုရားသခင်သည် ဘာသာရေးထုံးတမ်းစဉ်လာထက် ဖြောင့်မတ်ခြင်းပူဇော်တကာကို သာ၍ နှစ်သက်သည်။ ကန္တာရခရီးကြမ်း၌ အနှစ်လေးဆယ်ပတ်လုံး ထာဝရဘုရားကို ပူဇော်ခဲ့ကြသည်မဟုတ်။ ယခုမူကားဣသရေလတို့သည် ထာဝရဘုရားကို ဝတ်မပြုသည့်အပြင် ခိအုန် ကြယ်ရုပ်တု၊ မောလုပ်တဲတို့ကို ကိုးကွယ်နေကြပြီ။