ဇာခရိအနာဂတ္တိကျမ်း ၁၁
(ည) မယုံကြည်သူအစိုးရများ အပြစ်ဒဏ်ခံရမည် (၁၁:၁–၃)
အခန်း(၁၁)တွင် မေရှိယအား ငြင်းပယ်ခြင်း၊ ယေရုရှလင်မြို့အား ရောမတို့ဖျက်ဆီးခြင်းနှင့် အန္တိခရစ် ပေါ်ထွန်းလာမည့်အကြောင်းဖြစ်သည်။
ပထမပိုင်း အပိုဒ်ငယ်(၃)ခုသည် ဣသရေလ(လေဗနုန်)တောတောင်၊ ကုန်းမြင့်နှင့် မြေပြန့်ချိုင့်ဝှမ်းအား လုံးပျက်စီးရမည့်အကြောင်း ဖြစ်သည်။ ယော်ဒန်မြစ်ရိုးတလျှောက် စားကျက်မြက်ခင်းများ ပျက်စီးကုန်၍ သိုးအုပ် များကျက်စားစရာမရှိတော့သဖြင့် သိုးထိန်းများ ငိုညည်းမြည်တမ်းကြရသည်။ အချို့က ဤကျမ်းပိုဒ်ကို အေဒီ-၇၀ ပြည့်နှစ်တွင် ရောမတို့က ယုဒပြည်အား အလုံးစုံဖျက်ဆီးမည့်အကြောင်း အတိတ်စိမ်းဟု မှတ်ယူကြသည်။
(ဋ) သိုးထိန်းစစ် မေရှိယသခင် ပေါ်ထွန်းခြင်း (၁၁:၄–၈)
၁၁:၄–၆ ဘုရားရှင်က ဇာခရိအား သိုးအုပ်ကို သတ်စားသော သိုးထိန်းများအကြောင်းသတိပေးသည်။ သိုးထိန်း၏ဝတ္တရားကို ရှင်းပြသည်။ ဇာခရိသည် ခရစ်တော်ကဲ့သို့သော သိုးထိန်းဖြစ်သည်။ သိုး (ရွေးနှုတ်ခံ ဣသရေလ)ကို သိုးထိန်းဆိုး(အုပ်စိုးသူမင်း)က သတ်ဖြတ်ခဲ့ကြသည်။ ထို့ကြောင့် ထိုဆိုးညစ်သူတို့အား သူတို့က မိမိတို့ရှင်ဘုရင်အဖြစ် ကြွေးကြော်သော ရောမဧကရာဇ်လက်ထဲအပ်နှံဖို့ ဘုရားသခင်က ဆုံးဖြတ်လိုက်ခြင်းဖြစ် သည် (ယေ၊ ၁၉:၁၅)။
၁၁:၇–၈(က) သိုးထိန်းကောင်းတစ်ဦးအဖြစ် ဇာခရိသည် တောင်ဝှေးနှစ်ချောင်းကို ကိုင်ဆောင်သည်။ တောင်ဝှေးတစ်ချောင်းမှာ “ကျေးဇူး”(ကောင်းချီးမင်္ဂလာ)ဟု အမည်ရှိ၍၊ အခြားတစ်ချောင်းမှာ “အနှောင်အဖွဲ့” (ပေါင်းစည်းခြင်း)ဟု အမည်ရသည်။ ၎င်းတောင်ဝှေးနှစ်ချောင်းအားဖြင့် လူမျိုးတော်အပေါ် ကောင်းချီးသွန်း လောင်းလိုသော ဘုရားရှင်အလိုဆန္ဒကို ပြသ၍ ယုဒနှင့်ဣသရေလူမျိုးအား ပြန်လည်ပေါင်းစည်းသင့်မြတ်စေမည် ဟု ဖော်ပြသည်။ ဇာခရိက မှားယွင်းသော သိုးထိန်း(၃)ဦးကို ပယ်ရှားသည်။ မှားယွင်းသောသိုးထိန်းဆိုသည်မှာ ဘုရင်၊ ယဇ်ပုရောဟိတ်နှင့် ပရောဖက်အရာဌာနဖြစ်သည်။ (Ungerက သိုးထိန်းသုံးဦးကို ယုဒပြည်၏အာဏာပိုင် သုံးရပ်ဖြစ်သော နိုင်ငံအာဏာ-အုပ်စိုးသူမင်း၊ ဘာသာရေးအာဏာ-ယဇ်ပုရောဟိတ်များနှင့် မြို့ပြအာဏာ-ရောမအရာထမ်း အမှုထမ်းများဟု ပုံဖော်သည်။ တစ်လအတွင်းဆိုသည့်အချိန်ကာလမှာ ဣသရေလခေါင်းဆောင် များ ယုံကြည်ခြင်းရပ်စဲ၍ သခင်ဘုရားကို ကားစင်တင်သတ်ဖြတ်သည့်ကာလဟု ဖွင့်ဆိုသည်။)၁၂
(ဋ္ဌ) လူမျိုးတော်ကမေရှိယအား ငြင်းပယ်ကြခြင်း (၁၁:၈ခ–၁၄)
၁၁:၈–၁၁ သိုးများက သိုးထိန်းကို လက်မခံ ငြင်းပယ်ကြသောအခါ သိုးထိန်းက ကိုယ့်ထိုက်ကိုယ်ကံ နေရစ်ကြတော့ဟု စွန့်ခွာခဲ့သည်။ သို့နှင့် ဇာခရိသည် ပထမတောင်ဝှေးတည်းဟူသော ကျေးဇူးကိုနှစ်ပိုင်း ချိုးပစ် လိုက်သည်။ လူမျိုးတော်အပေါ် ကျေးဇူးတော်ရုပ်သိမ်း၍ တပါးအမျိုးသားများက ဖိစီးနှိပ်စက်ခြင်းအား အခွင့်ပြုခဲ့သည်။ ဆင်းရဲဒုက္ခရောက်သောအခါကျမှသာ သိုးတို့သည် ဘုရားသခင်လုပ်ဆောင်ချက်အား ဆင်ခြင် နားလည် သဘောပေါက်ကြမည်။
၁၁:၁၂–၁၃ ဇာခရိက ရသင့်ရထိုက်သော လုပ်အားခတောင်းဆိုသောအခါ ငွေဒင်္ဂါးအစ(၃၀)ပေးကြသည်။ ထိုခေတ်ကာလ ကျွန်တယောက်၏တန်ဖိုးဖြစ်သည်။ နွားထီးတစ်ကောင်နှင့် ညီမျှသည်။ ထိုဒင်္ဂါးသုံးဆယ်သည် နောင်အခါ ယုဒရှကာရုတ်က သခင်ယေရှုအား၊ ထိုငွေကြေးပမာဏဖြင့် သစ္စာဖောက်မည့်အကြောင်း နိမိတ်ပုံ ဆောင်သည်။
၁၁:၁၄ ထို့နောက် ဇာခရိကတဖန် ဒုတိယတောင်ဝှေးအား နှစ်ပိုင်းဖြစ်အောင် ထပ်ချိုးပစ်လိုက်သည်။ ၎င်းမှာ ယုဒနှင့်ဣသရေလလူမျိုးတို့၏ ညီအစ်ကိုချစ်ခြင်း (စည်းလုံးမှု)ပြိုကွဲ ပြတ်တောက်ခြင်း၊ စိတ်ဝမ်းကွဲ ပြားခြင်းဖြစ်သည်။
(ဍ) အငှါးသိုးထိန်းထံမှ ကယ်နှုတ်မည် (၁၁:၁၅–၁၇)
Feinbergက အပိုဒ်ငယ် ၁၄နှင့်၁၅ အကြားတွင် အသင်းတော်ခေတ်ကာလ ထိန်ဝှက်ထားသည်ဟု ထောက်ပြသည်။၁၃
ဣသရေလတို့သည် ကောင်းသောသိုးထိန်းကို လက်မခံ၊ ငြင်းပယ်ကြသောကြောင့် သိုးထိန်းဆိုးရရှိကြ သည်။ သိုးသိန်းဆိုး၏အမူအကျင့်နှင့် ကြန်အင်လက္ခဏာကို ဇာခရိက ရှင်းပြသည်။ သိုးထိန်းဆိုးသည် သိုးများ ကို ကျွေးမွေးစောင့်ရှောက်ခြင်းမပြု။ သတိဖြတ်မည့်သူဖြစ်၏။ ပေါ်ထွန်းလာမည့်အန္တိခရစ်ဖြစ်၏။ မျက်စိနှင့် လက်ရုံးသည် ဓါးဘေးသင့်မည်။ စစ်ပွဲတွင်…ညာဖက်မျက်စိကန်းမည်။