ဆာလံကျမ်း ၁၄၄
ဆာ ၁၄၄၊ လူပျော်မင်းသား
ဤဆာလံကျမ်းသည် အခြားဆာလံကျမ်းမှ ကောက်သင်းကောက်ခြင်းဖြစ်သော်လည်း ကဘောက်တိ ကဘောက်ချာ တစစီမဟုတ်။ စနစ်တကျ သီကုံးထားသည်။
၁၄၄:၁–၂ ဘဝတိုက်ပွဲတခုလုံးကို အောင်မြင်အောင်စီမံဖြည့်ဆည်းပေးသော ဘုရားသခင်အား ဒါဝိဒ်မင်းက ဦးစွာကျေးဇူးစကားဆိုသည်။ ရန်သူများနှင့်ထိပ်တိုက်ရင်ဆိုင်ကြရာတွင် ဘုရားသခင်က ဒါဝိဒ်သို့ စစ်နည်းဗျူဟာ နည်းပရိယာယ်များပေးခဲ့သည်။ ဘုရားသခင်သည် ဒါဝိဒ်၏ကျောက်ဆောင်၊ မေတ္တာရှင်၊ ခံတပ်၊ ကယ်နှုတ်သူ၊ မျှော်စင်၊ ဒိုင်းလွှား၊ ခိုလှုံရာနှင့် အောင်ပွဲဖြစ်သည်။ ထို့ထက် ဘာများ လိုအပ်သေးသည်။
၁၄၄:၃–၄ ဘုရားသခင်၏ အလင်းတော်ထဲတွင် လူသည် ထည့်တွက်ရေတွက်စရာမဟုတ်။ သို့သော်လည်း ထိုမျှသောလူကို ဘုရားသခင်က ဂရုစိုက်သည်မှာ ကောင်းမြတ်ပေစွ။ လူသည် လူ့ပါးစပ်မှ ရှုထုတ်လိုက်သော အာငွေ့မျှသာ၊ ပြေးလွှားပျောက်ကွယ်တတ်သော အရိပ်မျှသာဖြစ်သည်။ လူတိုင်းထိုသို့သော ဘဝပိုင်ကြသည်။ ဒါဝိဒ်သည် ထူးခြားလေးနက်စွာ တွေးတောခံယူသည်။
၁၄၄:၅–၈ ဘုရားသခင်သည် လူ့မျက်စိဖြင့် မမြင်ရသော်လည်း ကြီးမြတ်တော်မူခြင်းသိရှိ၍ ဆာလံဆရာက ချီးမွမ်းသည်။ ဘုရားသခင်၏ ကြီးမြတ်ခြင်းကို တွေးဆလျှင် လူ့ရန်သူများသည် ဖြစ်ညစ် ကျယ် မပြောစလောက်မျှသာရှိသည်။ မျက်စိဖြင့် မမြင်ရသောဘုရားသခင်ကို မည်သို့ခံယူပါလဲ။ အံ့သြ ဘွယ်ရာ လက်ရာတော်များဖြင့် သိမြင်နိုင်သည်။ လောကတခွင်လုံးလှုပ်ကြသည်။ ကောင်းကင်တန်ဆာများက ဦးညွှတ်ကြသည်။ တောင်ကုန်းတောင်ကြီးများကို လက်တော်နှင့်ကိုင်တွယ်သောအခါ မီးတောင်များအဖြစ် ချော်ရည်များထွက်ကျသည်။ မြှားပစ်သည့်နှယ် လျှပ်ပန်းလျှပ်နွယ်များ ပြေးစေသည်။ ရန်သူများကို ကစဉ့်ကလျား ထွက်ပြေးစေပြီ။ ဒါဝိဒ်မင်းကို ကယ်နှုတ်သည်။ ကျူးကျော်ရေးသမားများလက်ထဲမှ ကယ်ထုတ်သည်။
၁၄၄:၉–၁၁ ထိုသို့ဘုရားသခင်က ကယ်ထုတ်သောကြောင့် ဒါဝိဒ်မင်းသည် သီချင်းသစ်ဖွဲ့၍ ဘုရားရှင်ကို ချီးမွမ်းသည်။ မတော်မတရားသူများ၏ ဓါးဘေးရန်မှ ရွေးထုတ်သောကြောင့် ကြိုးဆယ်ပင် တပ် စောင်းကိုတီးခတ်၍ ဘုရားရှင်အား ထောမနာပြုသည်။ ထိုရန်သူများသည် ကတိသစ္စာများကို လွယ်လင့်တကူ နှုတ်ဖျားမှ မြွက်ဆို၍ တလွဲတချော်ပြောဆိုလုပ်ကိုင်ကြသည်။
၁၄၄:၁၂ မတော်မတရားသူများ၏ လက်ထဲမှ လွတ်မြောက်သောကြောင့် တိုင်းသူပြည်သား များလည်း ဝမ်းမြောက်ပျော်ရွှင်ကြသည်။ စင်စစ်တွင် ထိုပျော်ရွှင်ခြင်းဖြစ်သည်။ အနှစ်တထောင်နိုင်ငံ ထူထောင်သည့်အခါမှ သာလျှင် ပျော်ရွှင်ခြင်းအစစ်အမှန်ခံစားရမည်။
မိသားစုများ ကောင်းချီးမင်္ဂလာခံစားရသည်။ သားသမီးများ ကျန်းမာပျော်ရွှင်ကြသည်။ သန်မာထွား ကျိုင်းကြသည်။ မျှစ်စို့သို့နှယ် တောင့်တင်းကြသည်။ သမီးပျိုများသည်လည်း နန်းထိုက်တော်ဝင်ကြေးရှုပ် များသို့ လှပကြော့ရှင်းကြသည်။
၁၄၄:၁၃–၁၅ မိုးမှန်လေမှန်ရာသီဥတုမှန်လာသဖြင့် လယ်ယာမြေက အဆင်သင့်ဖြစ်နေသည်။ ထွန်ယက်စိုက်ပျိုး၍ စည်ပင်ဝပြောကြမည်။ စပါးကျီနှင့်ပုတ်ထဲတွင် ကောက်ပဲသီးနှံဂျုံစပါးများ ပြည့်လျှံကြ မည်။ အလှူရေစက်လက်နှင့်မကွာ ပေး၍မကုန်လှူ၍မခမ်း လှူဒါန်းကြမည်။ အိမ်မွေးတိရစ္ဆာန်များ ထွန်းကားကြ၍ မြစိမ်းတောင်တခွင်တွင် သိုးအုပ်များ ရွစိတက်ကြမည်။ နွားတို့သည် ကြီးပွားကြမည်ဆိုသည် မှာ ဘေးဘယကင်းဝေး၍ ဆူဖြိုးဝပြဲကြမည်ဟု ဆိုလိုသည်။ အနိုင်အထက်ဝင်ခြင်းမရှိ၊ သိမ်းသွားခြင်းမရှိ။ လမ်းများပေါ်၌ အော်တမ်းခြင်းမရှိဆိုသည်မှာ သူတပါးကျူးကျော်ခြင်း၊ နိုင်ထက်စီးနင်းခြင်းမရှိ၊ ပေါ်တာ ဆွဲခြင်းမရှိ အတင်းလုပ်အားပေးခိုင်းခြင်းမရှိ။ လမ်းမပေါ်တွင် အလှူခံ၊ သူတောင်းစားများမရှိ။ ထမင်းငတ်၍ ရန်ဖြစ်ခြင်း၊ ခွက်စောင်းခုတ်ခြင်းကင်းသည်ဟု ဆိုလိုသည်။