ဆာလံကျမ်း ၉၃

ဆာ ၉၃ ထာ၀ရဘုရင် ထာ၀ရပလ္လင်တော်

၉၃: သခင်ယေရှုသည် ရာဇပလ္လင်တော်ပေါ်တွင် စိုးစံတော်မူသောအခါ ဘိသိက်ရတုပုဒ်စုံ အမျိုးမျိုးဖြင့် ပူဇော်ကန်တော့ကြမည်။ ထိုသီချင်းများအနက် ဆာ၉၃သည်လည်း တပုဒ်အပါအ၀င်ဖြစ်သည်။ သခင်ယေရှုကိုယ်တိုင်ကလည်း သူသည် ဣသရေလဘုရင်မှန်ကြောင်း ထုတ်ဖော်ကျေညာမည်။ လူ့လောကသို့ ပထမအကြိမ်ကြွလာစဉ်ကဲ့သို့ ရိုကျိုးအောက်ကျို့သော ဟန်ပန်ရှိမည်မဟုတ်။ ရှင်ဘုရင်ဖြစ်တော်မူသည့် အတိုင်း တိုင်းခန်းပြည်ဝါ တင့်တယ်စွာကြွလာမည်။ တကမ္ဘာလုံးကို အုပ်စိုးမည့်အကြောင်း အတိအလင်း ထုတ်ပြန်ကျေညာမည်။ ကမ္ဘာသူကမ္ဘာသားများကလည်း ခေါင်းညိမ့်၀န်ခံကြမည်။ အကျင့်စာရိတ္တ ဖောက်ပြား ယိုယွင်းမှုနှင့် နိုင်ငံရေးပရိယာယ် ငြင်းဆန်မှုများပပျောက်သွားမည်။

​ယေဟောဝါဘုရားရှင်၏ပလ္လင်တော်သည် နိစ္စထာ၀ရရှိနေသော်လည်း အနှစ်တထောင်တိုင်းပြည် အာရုဏ်ကျင်းမှသာပီပြင်စွာ တွေ့မြင်ကြမည်။ ဘုရှင်ကြီးကိုယ်တိုင်သည်နိစ္စထာ၀ရတည်တော်မူသည့်အတိုင်း အမိန့်အာဏာတော်သည်လည်း ရာသက်ပန်ရှိနေမည်။

၉၃: ဆာလံဆရာက ရေလွှမ်းမိုး၍ လှိုင်းလုံးကြီးများခက်ထန်မည်ဟုဆိုသည်။ ခေတ်အဆက်ဆက်တွင် ဘုရားသခင်၏လူများကို ဖိစီးနှိပ်စက်ကြသည့်တပါးအမျိုးသားကိုဘုရားရှင်က နှိပ်ကွပ်မည့်အကြောင်းဖြစ်သည်။ ထိုတပါးအမျိုးသားတို့၏ကြိုးပမ်းမှုသည် အချိန်ကုန်လူပန်းခဲ့လေသမျှ သဲရေကျဖြစ်မည်။ တခဏသာခံမည်။ အသံကုန်လွှင့်၍ မာနထောင်လွှားဝါကြွားကြသော်လည်း ထိုသူတို့ဘုရားထက် ယေဟောဝါဘုရားသခင်အားကြီးတော်မူကြောင်းတွေ့ရှိလာကြမည်။

၉၃: ဘုရားသခင်၏ စကားတော်များသည် ပရမတ္တသစ္စာဖြစ်ကြောင်းသိရှိလာကြမည်။ ဖြောင့်မတ်သူများက မတော်မတရားသူများအပေါ်သို့ အဆုံးတွင် အနိုင်ယူမည့်ပရောဖက်ပြုချက် မှန်ကန် ကြောင်းတွေ့မြင်လာကြမည်။ ယေရုရှလင်ဗိမာန်တော်မှ မကောင်းဆိုးဝါးများ ရှင်းထုတ်ကြမည်။ ဘုရားသခင်၏ အိမ်တော်ကို သန့်ရှင်းစင်ကြယ်စေကြမည်။

ဟေရှာ ၂၃:၂၈၊ ဇာ ၁၄:၂၁၊ဗျာ ၄:၈တို့တွင် ဗျာဒိတ်ပေးသည့်အတိုင်း ကိုယ်တော်အုပ်စိုး မင်းမူသည့်အခါ ပတ်၀န်းကျင်အရာခပ်သိမ်းသည်လည်း စင်ကြယ်သန့်စင်သွားမည်။

Previous Article
Next Article