ဆာလံကျမ်း ၉၂
ဆာ ၉၂ ဝိညာဉ်ကိုယ်အတွက်သင်ခန်းစာ
၉၂:၁–၅ ထာ၀ရဘုရားသခင်ကိုချီးမွမ်းခြင်းသည် ကောင်းသောအမှုလက္ခဏာဖြစ်သည်။ ထိုသို့ ချီးမွမ်းသင့်ကြောင်းကို အခြားလူများအား ကြားသိစေသူများသည် မင်္ဂလာရှိကြသည်။ ဘုရားသခင်၏ နာမတော်အား အထွဋ်အထိပ်ထား၍ လူတိုင်းရှိခိုးကိုးကွယ်အပ်သည်။ ထိုသို့ချီးမွမ်းကိုးကွယ်သောကြောင့် အရှုံးတပြားမှမရှိ။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်သည် ရပ်နားကုန်ဆုံးခြင်းမရှိ။ နံနက်မိုးသောက်ယံ မှသည် ညဉ့်နက်သန်းခေါင်ယံတိုင်အောင်ချီးမွမ်းထောမနာပြုဘွယ်ရာဖြစ်သည်။ သို့ကြောင့် ရှေးယုံကြည်သူ များသည် ကြိုးဆယ်ပင်တပ်တူရိယာ၊ ပတ်သာ၊ စောင်း၊ ပလွေများကို မြိုင်မြိုင်တီးခတ်၍ ဂုဏ်တော်ချီးမွမ်းကြသည်။ ဘုရားသခင်၏ဖန်ဆင်းသောလက်ရာတော်များသည် ချီးမွမ်း၍မကုန်နိုင်ပါ။ ကျွေးမွေးထောက်ပံ့မှုများသည်လည်း အံ့သြဘွယ်ရာဖြစ်သည်။ အဘယ်မျှပင် ချီးမွမ်းကြစေကာမူ လုံလောက် ခြင်းမရှိသေး။ အံ့သြဘွယ်ရာအစီအမံ၊ လေးနက်သောပုံစံဇယားနှင့် စီမံချက်များသည် ပညာရဲရင့် ပွဲလယ်တင့်ပါ ပေသည်။ ဟုန်းဟုန်းတောက် ချီးမွမ်းစရာတည်း။
၉၂:၆–၉ ထိုမျှကြီးကျယ်ခန်းနားသော်လည်း၊ သာမန်အညတြလူများက ဘုရားရှင်၏တန်ခိုးကို မသိ နားမလည်ကြ။ အဘယ့်ကြောင့်ဆိုသော် ဇာတိလူများသည် ဘုရားသခင်၏ဝိညာဉ်တော်အရာကို မသိမခံနိုင် (၁ကော ၂:၁၄)။ လောကီအမှုအရာ၌သာ ကျင်လည်နေသောကြောင့် ဘုရားသခင်၏ အမှုရေးရာ၌ မျက်စိမပွင့် နားထိုင်းကြသည်။ လောကီပညတ်ချက်တရားကိုပါ တွေးမြင်ကြသောကြောင့် ဆိုးသွမ်းရမ်းဟော့ကြသည်။ ကောင်းစားလျှင်လည်း တမွန်းတည်းသာခံသည်။ တောမြက်ပန်းပမာ နံနက်ခင်းသာ စိမ်းစိုသည်။ ကိုယ်တော် သည် ကြီးမြတ်တော်မူသည်အတိုင်း ကိုယ်တော်ကို ယုံကြည်ကိုးစားသူများသည်လည်း အစဉ်မြဲမြံကြသည်။ ကိုယ်တော်၏ရန်သူတော်များမှာ ပျက်စီးလွင့်ပါးသွားကြသည်။
၉၂:၁၀–၁၁ ဘုရားသခင်က ဖြောင့်မတ်သူများကို ချိုကြွစေသည်။ ကြံ့ချိုကဲ့သို့ ခွန်းအား သန်မာစေသည်။ ဂုဏ်၀င့်ထယ်စေသည်။ ဆီလူးဘိသိက်ပေးသည်။ ဆိုလိုသည်မှာ သန့်ရှင်းဝိညာဉ်တော်နှင့် အတူ အမှုတော်မြတ်၌ ပါ၀င်သည်။ ဤကျမ်းချက်ကို စီရင်ရေးသားပြီးချိန်တွင် ဘုရားသခင်၏ သန့်ရှင်းသော သူများက သက်သေခံကြမည်။ ရန်သူများကျရှုံးခြင်းကို မျက်ဝါးထင်ထင် တွေ့မြင်ကြရမည်။
၉၂:၁၂–၁၅ ဖြောင့်မတ်သူများ၏ဓနဥစ္စာသည် သံလွင်ပင်၊ လေဗနုန်တောင်မှ အာရဇ်ပင်များကဲ့သို့ ငွါးငွါးစွင့်စွင့် ကျက်သရေတင့်ကြမည်။ သံလွင်ပင်သည် သီးပွင့်ဝေဆာခြင်၊ ကျက်သရေတင့်တယ်ခြင်းကို သရုပ်ဆောင်၍ အာရဇ်ပင်သည် စိမ်းလန်းစိုပြေခြင်းကို ပုံဖော်သည်။ ထိုကဲ့သို့ ပင်ယုံကြည်သူများသည် ဘုရားသခင်၏အိမ်တော်တွင် စိုးစံသူများဖြစ်ကြသောကြောင့် ဘုရားသခင်၏တံတိုင်းတော်တွင် ပွင့်လန်းကြ မည်။ တနည်းဆိုသော် နေ့စဉ်နှင့်အမျှ ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့သောကြောင့် ဘုရားရှင်ထံမှ ခွန်အားရရှိ ကြသည်။ အသီးအပွင့် သီးပွင့်ဝေဆာခြင်းသည် အသက်အရွယ်နှင့်မဆိုင်။ ဝိညာဉ်ရေးရာ မြေသြဇာ ကောင်းမွန်ခြင်းတွင် မူတည်သည်။ သက်သေခံကြသောကြောင့် အစဉ်စိမ်းလန်းစိုပြေကြသည်။ ဘုရားပေး ကတိတော်အတိုင်း တည်ကြည်ကြသဖြင့် ဥစ္စာဓနများခိုင်မာကြသည်။ ကိုယ်တော်သည်မှီခိုအပ်သော ကျောက်ဆောင်ဖြစ်သည်။ စိတ်ချယုံကြည်ရသော အရှင်ဖြစ်သည်။
ဘုရားတရားမသိသူများကို တောမြက်ပန်း (ငယ် ၇)နှင့် နှိုင်းယှဉ်၍ ဖြောင့်မတ်သူများကို အမြဲစိမ်း သစ်ပင်အဖြစ် ပုံနှိုင်း (ငယ် ၁၄)သည် မတော်မတရားသူများသည် လေတိုက်ရာ လွှင့်ပါတတ်ကြ၍ ဖြောင့်မတ်သူများသည် တည်ကြည်ခိုင်ခံ့ကြသည်။ ဝိညာဉ်ကိုယ်လုံးအတွက် သင်ခန်းစာတည်း။