ဆာလံကျမ်း ၄၂
အပိုင်း ၂ (ဆာ ၄၂–၇၂)
ဆာ ၄၂ ဘုရားသခင်ကို ငတ်မွတ်ခြင်း
တချို့လူများက ဤဆာလံသီချင်းသည် သားတော်အဗရှလုံက ပုန်ကန်ခြားနားစဉ် ဒါဝိဒ်မင်းစပ်ဆိုသည် ဟု ဆိုကြသည်။
တချို့လူများက မေရှိယသခင်၏ အသံတော်ဖြစ်၍ လူတို့၏ငြင်းပယ်ခြင်း၊ ဆင်းရဲဒုက္ခပေးခြင်းခံရခိုက် ခံစားချက်ဖြစ်သည်ဟု ဆိုကြသည်။
ထိုမှမက ဘေးဒဏ်ကြီးကာလတွင် ကြွင်းကျန်သော ဣသရေလလူနည်းစုတို့၏ အော်မြည်သံဖြစ်သည်ဟု ဆိုသူများလည်းရှိသည်။
ယုံကြည်သူဖြစ်လာခါစ၌ ခရစ်တော်နှင့် ဆက်တွေ့ဆုံပြီး၊ ခရစ်တော်နှင့် မိဿဟာယပြုသည့်အချိန်သည် ပထမနေ့ရက်များကို ပြန်လည်လွမ်းဆွတ် သတိရရာတွင်လည်း မျှဝေခံစားနိုင်သည်။
မည်သို့ဖြစ်စေ မိမိလိုရာဆွဲတွေး၍ တယူသန်မဖြစ်စေလိုပါ။ မူရင်းသည် ဆာလံသီချင်းဖြစ်၍ မိမိဘဝနှင့် တိုက်ဆိုင်ထင်ဟပ်သည့်အတိုင်း အကျိုးရှိရှိ သုံးနိုင်ကြပါစေ။
၄၂:၁ ကန္တာရလွင်ပြင်မှ အမြှုပ်တစီစီထွက်၍ ရေဆာလောင်နေသော သမင်အုပ်များသည် ရေသောက်ဖို့ ရေဆိပ်သို့ ဖရောသောပါးပြေးလွှားကြသကဲ့သို့ ဘုရားသခင်အား မိတ်ဖွဲ့လိုစိတ်ရှိရသည်။ ထိုအကြောင်းကို Gamaliel Bradford က ဤကဲ့သို့ သရုပ်ဖော်ထားသည်။
မပြောင်းလဲနိုင်သည့် အာသီသ
ခြေတလှမ်းမရွေ့မမှားနိုင်ရာ
အစဉ်ဆာလောင်ငတ်မွတ်သည်မှာ
ဘုရားရှင်ကို ဆာလောင်ငတ်မွတ်ခြင်းပါ။
၄၂:၂ ဘုရားသခင်မှတပါး ဆာလောင်ငတ်မွတ်စရာမရှိ။ အသက်ရှင်သောဘုရားကိုသာ ခင်မွတ်ရသည်။ အသက်မရှိသော ရုပ်တုဘုရားတုလည်း ကိုးကွယ်စရာမဟုတ်။ ဘုရားသခင်၏ မျက်နှာတော်ကို ကိုယ်တိုင် ကိုယ်ကျ ဖူးမြင်လိုစိတ်ရှိရသည်။
မျက်နှာတော် ဖူးမြင်ပါရစေသား။
ချစ်ခြင်းမေတ္တာတော် ထွန်းပတဲ့အရှိန်အဝါလို
ကိုယ်တော်ထက် ချစ်ခင်စရာမမက်စဘူးပါ။
ကိုယ်တော်၏ မေတ္တာတော်နှင့်ယှဉ်လျှင်
အရှိန်အဝါဟူသမျှသည် မှေးမှိန်ကြပါတယ်၊
ကိုယ်တော်၏ လက်ရာတော်ကမ္ဘာမြေတွင် လှပါဘိ။
ရှေးစာဆိုတဦး
၄၂:၃ ဘုရားသခင်နှင့် ဝေးကွာရခြင်းအရသာသည် မခံသာအောင် ခါးသီးနာကျင်လှပါသည်။ နေ့ညဉ့် မပြတ် မျက်ရည်ကို ဝါးစားရသည်နှယ်ဖြစ်၏။ ထိုမျှသာမက စကားနာလည်းထိုးကြသေးသည်။ “မင်းဘုရားက ဘယ်မှာလဲ၊ ပြစမ်း“ဟု မိုက်မိုက်ရိုင်းရိုင်း ဆိုကြသည်။ ထိုစကားမျိုးကို ဂေရသားရှိမိက ဒါဝိဒ်အား ဆိုခဲ့သည်။ “သင်သည် လူ့အသက်ကို သတ်သောကြောင့် အမှုကြီးရောက်လေပြီ” (၄ရာ ၁၆:၈)။ ယဇ်ပုရောဟိတ်ကြီးကလည်း မေရှိယသခင်အား ထိုစကားမျိုးဆိုခဲ့သည်။ “သူသည် ဘုရားသခင်ကို ကိုးစားပြီ။ ငါသည် ဘုရားသခင်၏သား ဖြစ်သည်ဟု ဆိုပြီ။ ဘုရားသခင်သည် အလိုတော်ရှိလျှင် ယခုပင် ကယ်တင်တော်မူပါစေဟု ပြက်ရယ်ပြုကြ၏” (မ ၂၇:၄၃)။
၄၂:၄ သာလွန်သောနေ့ရက်များသည် အောက်မေ့သတိရစရာနေ့ရက်များဖြစ်သည်။ ဘုရားသခင်နှင့် အဆက်အသွယ်မပြတ် နေ့ရက်စဉ် ဆက်လျှောက်လှမ်းခြင်းသည် နှစ်လိုဘွယ်ရာဖြစ်သည်။ ဘုရားသခင်နှင့် ဝေးကွာသည့်နေ့ရက်များတွင် ထိုနေ့ရက်များကို လွမ်းဆွတ်သတိရလှသည်။ ဤအပိုဒ်ငယ်ကို Knox က ဤသို့ ပြန်ဆိုထားသည်-
ဘုရားသခင်၏ အိမ်တော်သွားရာလမ်းတလျှောက်တွင် ပျော်ရွှင်ဝမ်းမြောက်စွာ ချီးမွမ်းသီဆိုခဲ့ကြသည့် နေ့ရက်ဟောင်းများကို ပြန်လည်စဉ်းစားတိုင်း လွမ်းတသ သနှောင်းတမြေ့မြေ့ရှိလေပြီ။
၄၂:၅ အတိတ်က ပျော်ရွှင်မူကို ပြန်လည်စဉ်းစားသောအခါ အသိစိတ်ဓါတ်သည် နှဲသမားပါးသို့နှယ် ဖောင်းလိုက်ပိန်လိုက်ဖြစ်နေသည်။ အဆိုးမြင်ဝါဒနှင့် ယုံကြည်ခြင်းအကြားတွင် ဗျာများသည်။ အသိစိတ်ဓါတ်က စိတ်ဓါတ်ကျစရာဖြစ်သော်လည်း ယုံကြည်ခြင်းက ဝန်ထုပ်ဝန်ပိုးများကို ချထားဖို့ စိမ်ခေါ်နေသည်။
ဘုရားသခင်ကို မျှော်လင့်လော့။ ကိုယ်တော်၏ ကယ်တင်တော်မူခြင်းကို ရေတွက်လျှင် ချီးမွမ်းထောမနာ ဆိုနေမည်။
အကောင်းမြင်ဝါဒဖြင့်ကြည့်လျှင် အဖြစ်ဆိုးများကို အားလုံးအကောင်းဘက်သို့ ပြောင်းလဲကြည့်မြင်နိုင် ရသည်။ မည်သို့ ဘေးဆိုးအခြေအနေဆိုး ကြုံတွေ့နေရလျှင်လည်း ငေးမောလက်မှိုင်ကျမနေဘဲ၊ ဘုရားသခင်၏ စကားတော်ကို ၁၀၀% ယုံကြည်စိတ်ချရသည်။ ဘုရားသခင်၏ လူများသည် မျက်နှာတော်ဖူးမြင်ရမည့်အကြောင်း အကောင်းမြင်ဝါဒ ရှိကြရသည်။ (ဆာ ၁၇:၁၅၊ ဗျာ ၂၂:၄)။
၄၂:၆ စိတ်ပျက်အားငယ်ခြင်းသို့ တပတ်ရောက်လာပြန်ပြီ၊ ယုံကြည်ခြင်းကတလှည့် ထပ်ရောက်လာပြန် သည်။ ဘုရားသခင်၏ ယော်ဒန်မြစ်၊ ဟေရမုန်တော၊ မိဇရတောင်များကို အောက်မေ့သတိရပါ။ ဤနေရာ သုံးခုသည် ဝိညာဉ်ရေးရာ သင်ခန်းစာ အဓိပ္ပါယ်ကိုယ်စီရှိကြပေမည်။ အသေအချာ နားမလည်နိုင်၍သာဖြစ်သည်။ ဘုရားသခင်၏အိမ်တော်တည်ရာ ယေရုရှလင်မှ ဝေးလံခြင်းအကြောင်း ဆိုလိုခြင်းဖြစ်နိုင်သည်။ ကိုယ်တိုင် ကိုယ်ကျ မရောက်နိုင်သော်လည်း စိတ်ဖြင့်ရည်မှန်း၍ ဖူးဖို့အကြောင်းဖြစ်သည်။
၄၂:၇ အပိုဒ်ငယ် (၇)သို့ ရောက်သောအခါ ကရာနီကုန်းပေါ်မှ ခရစ်တော်ဘုရား၏အော်သံ ကြားရသည်။ ရေဘွေဝဲအသံနှင့် ဝဲသြဃလှိုင်းတံပိုး လွှမ်းမိုးသံများ ကြားနေရသည်။ ဘုရားသခင်၏ အပြစ်တရားစီရင်ခြင်း ခံနေရသည်။ လူတို့အပြစ်များကို ခန္ဓာကိုယ်ပေါ်တွင် သယ်ပို့နေသောကြောင့် ဘုရားရှင်က ပြင်းထန်စွာ အရေးယူ တော်မူသည်။ ကားတိုင်ပေါ်မှာ မရှုမလှခံနေရပြီ။
ကိုယ်တော်၏ဝေဒနာကို လှည့်ကြည့်စမ်းပါ၊
ရေဘွေတော်အသံဗလံနှင့် ဝဲသြဃ
လှိုင်းတံပိုးတွေလွှမ်းမိုးလျက်
မွှန်းကြပ်နေရှာပြီ။
လူတို့ဝိညာဉ်ကယ်တင်ဖို့အရေး
အနှိုင်းမဲ့မေတ္တာတော်၊ ကြီးမားပေစွ၊ ကြီးပေစွ၊
ငါအတွက် ယေရှဒအသက်စွန့်တော်မူပြီ။
J.J. Hopkins
၄၂:၈ ဆရာကြီး George Miller က “စုံစမ်းခြင်းနှင့် ယုံကြည်ခြင်း ထမင်းဟင်းတို့စားနေရသည်”ဟု ဆိုသည်။ ထိုစကားအတိုင်းပင် ယုံကြည်သူများသည် အောက်ပါအတိုင်း ခံယူချက်ထားရှိရသည်-
ထာဝရဘုရားသည် နေ့အခါ သနားခြင်းကျေးဇူးတော်ပေး၏။
ညဉ့်အခါ၌ ဂုဏ်တော်သီချင်းဆိုလျက်
ငါ၏အသက်သခင်ကို ပဌနာပြု၏။
ဤကျမ်းပိုဒ်သည် အပိုဒ်ငယ် ၃ အသက် အမေးအဖြေဖြစ်သည်။ ဆာလံဆရာက “မျက်ရည်ကို နံနက်စာ၊ ညစာအဖြစ် အသုံးချသည်”ဟု ဆိုခဲ့သည်။ ယခုအခါတွင်မူ နေ့အချိန်တွင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော် ခံစား၍၊ ညဉ့်အချိန်တွင် ချီးမွမ်းသီချင်းသီဆိုရသည်။ နေ့ရောညဉ့်ပါ ဘုရားသခင်၏ကောင်းမြတ်ခြင်း၊ ချီးမွမ်းရသည်။
၄၂:၉–၁၀ ယခုတဖန် စိတ်ပျက်အားငယ်ခြင်းရောက်လာပြန်ပြီ။ ရန်သူများ၏ဖိစီးနှိပ်စက်မှု ခံနေရသည်။ ဘုရားသခင်က လူသားကို သတိမေ့ဟန်ရှိသည်။ အထီးကျန်အဖော်မဲ့ ယုံကြည်သူသည် လွမ်းနေဟန်ရှိသည်။ “မျက်ရည်ဥများက ငါ့အသဲနှလုံးကို လှိုက်စားသည်။ ရန်သူများက ငါ့ကို နာကျင်စေပြီ” (Gelineau)။ ပတ်ဝန်းကျင်အခြေအနေ ရင်ဆိုင်သမျှသည် စိတ်ပျက်အားငယ်ဘွယ်ရာချည်းဖြစ်သည်။ ဘုရားသခင်က မေ့ပစ် စွန့်ပစ်သလားဟု ထင်ရသည်။ ထိုအခါမျိုးတွင် ရန်သူများက “သင့်ဘုရား အဘယ်မှာလဲ“ဟု သရော်ကြသည်။
၄၂:၁၁ မည်သို့ပင်ဖြစ်စေ၊ ယုံကြည်ခြင်းသည် စိတ်ပျက်လက်လျှော့ခြင်းမရှိ။ နောက်ဆုံးအချိန်တိုင်အောင် တည်တံ့သည်။ စိတ်ပျက်ခြင်းမရှိ၊ တည်ငြိမ်သည်။ ဘုရားသခင်ကို မျှော်လင့်သည်။ ရန်သူဘေးရန်များနှင့် စိတ်ပျက်အားငယ်ခြင်း တွင်းနက်မှ ကယ်ထုတ်မည်ဟု ယုံကြည်သည်။ ထိုအခါ ယေရှုသခင်သည် ဘုရားသခင် မှန်ကန်ကြောင်း တဖန်ချီးမွမ်းမည်။ ထိုအကြောင်းကို ဆရာကြီးတပါးက ဤသို့ဆိုသည်-
စိတ်ပျက်အားငယ်ခြင်းကို မျှော်လင့်ခြင်းဖြင့် ကုစားပါ။
ခရစ်ယာန်အသက်တာသည် ရှင်သန်လှုပ်ရှားခြင်း မိုင်ရှည်ပြေးပွဲ
ဘယ်သောအခါမှ မညှိုးလက်မှိုင်မချ၊ အရှုံးမပေး။