ဆာလံကျမ်း ၁၀
ဆာ ၁၀၊ ပြည်သူ့နံပါတ်တစ်ရန်သူ
ဆာလံ ဆရာက ဗီလိန် အားညွှန်းဖွဲ့ရာတွင်အက္ခရာဒုတိယပိုင်းကို အစဉ်လိုက်တည်မှီစာဖွဲ့ထားသည်။ ပြည်သူ့နံပါတ်တစ်ရန်သူဟု ဆိုထားသည့်အတိုင်း ဘေးဒဏ်ကြီး(၇)နှစ် အစပြုသည်နှင့်ခေါင်းထောင်သောင်းကျန်းလာမည့် အပြစ်လူသားကြီးသည် ဇာတိရုပ်ပြပါမည်။ ဘုရားတဆူသဖွယ် ရှိခိုးကန်တော့ခံမည်။ ယေရုရှလင်ရှိ ဘုရားသခင်ဗိမာန်တော်တွင် စိုးစံ၍ သူ့ကိုသူ ဘုရားသခင်အဖြစ်ကျေညာမည် (၂သက် ၂း၃-၄)။ သူ့ကိုရှိခိုးရန်ငြင်းဆန်သူများသည် စီးပွါးရေးကပ်ဆိုက်ကြမည်။ ညှင်းပန်းနှိပ်စက်ခြင်းခံရမည်။ အသေသတ်ခြင်းလည်းခံရနိုင်သည်။
ဘုရားရှင်တော် တိတ်ဆိတ်ခြင်း (၁၀း၁)
ကျမ်းစာမျက်နှာဖွင့်လျှင်ဖွင့်ခြင်းမေးခွန်းဖြင့်အစပြုသည်။ အပြစ်မဲ့လူသားများဆင်းရဲဒုက္ခရောက်အောင် လူဆိုးလူသွမ်းများက စိမ်ခေါ်နေချိန်တွင်ဘုရားရှင်သည် အဘယ့်ကြောင့်တိတ်ဆိတ်ငြိမ်သက်နေသနည်း။ ထိုသို့ ဘုရားရှင်ငြိမ်သက်ခြင်းသည် ယုံကြည်သူများ၏ ယုံကြည်ချက် အား လက်တွေ့ ဘဝသို့ခေါ်ထုတ်ခြင်းဖြစ်သည်။ ထိုအချက်ကို မသိနားမလည်လျှင် စိမ်ခေါ်ချက်များကို ဆုံးခန်းတိုင်စေနိုင်မည်မဟုတ်။
ဖိစီးနှိပ်စက်စံရသူများ၏ ရာဇတောင်းစကား(၁၀း၂)မတရားသောသူများသည် ကိုယ်ချင်းစာနာစိတ်ကင်းမဲ့၍ လူ့စိတ်ပျောက်ကြသည့်အတိုင်း ခိုကိုးရာမဲ့သန့်ရှင်းသူများကို အမဲဖျက်ချင်ကြသည်။ ကိုယ့်ထိုက်နှင့်ကိုယ့်ကံဟုဆိုရမည်လား သို့မဟုတ် ဖြောင့်မတ်သူများသို့ မည်သို့အဖြေပေးရမည်နည်း။
၁၀း၃-၄ ဘုရားတရားမသိသောသူများသည်မိမိတို့စိတ်ကူးပေါ်၌ ဝါကြွားကြသည်။ မတွေ့မမြင်ရသေးသော စည်းစိမ်ဥစ္စာ၌ ရူးသွပ်၍ဘုရားရှင်ကိုမထီမဲ့မြင်ပြုကြသည်။ ဘုရားရှင်အား ဝတ်ပြုကိုးကွယ်ခြင်းကို ပြောင်လှောင်ကြသည်။ ငါ့လှေငါထိုး ပဲခူးရောက်ရောက်၊ ငါ့မြင်းငါစိုင်း မြင်းစိုင်းရောက်ရောက်ကိုယ်ထင်ရာလုပ်ကြသည်။ သူတို့ဘဝမှာ ဘုရားသခင်မလို။ ဘုရားသခင်မရှိ။ ကိုယ့်ကိုယ်ကိုအားကိုးသည်။
၁၀း၅-၆ အရာခပ်သိမ်းသည် သူ့အကြောင်းနှင့်သူ အထာနှင့်သူရှိကြသည်။ ခွေးရန်မှ လွတ်ကင်းအောင်လူအပေါ်၌တည်သည်။ ဘုရားသခင်က သူ့လူများသို့ဘဝလမ်းညွှန်ပေးထားသည်မူကား လူဆိုးလူယုတ်မတရားသောသူများနှင့် ဝေးဝေးနေဖို့တည်း။ မတရားသောသူသည် သမ္မာသစ္စာနားမလည်သကဲ့သို့ နိယာမကိုလည်းမသိ။ ဘဝလုံခြုံရေးလည်း နတ္ထိ။ ရန်သူများကိုခေါင်းကိုက်ခေါင်းစား အမြီးကျက်အမြီးစားဖို့သာလုံးပမ်းသည်။ အသက်ရှင်နေသရွေ့ သူများကိုဒုက္ခပေးဖို့ရာ၌ ပျော်ရွှင်သည်။
၁၀း၇-၈ ပတ်ဝန်းကျင်တွင် ဘုရားရှင်အားမထီမဲ့မြင်ပြုနေကြသည့် သူများကို လိမ်လည်လှည့်ဖျားပြီး စားဖို့လှည့်ကြံနေသည်။ ဘယ်သောအခါမှဆောက်တည်ဘွယ်ရာ၊ ခွန်အားယူစရာ စကားမပြော။အပြစ်နှင့် ဖျက်ဆီးခြင်း အကြောင်းများသာဆိုသည်။အခြားသူများကဲ့သို့ ထင်ပေါ်မနေ၊ အပြစ်ကင်းစင်သူများကို ဖျက်ဆီးဖို့ ခြုံ ခိုစောင့်နေသည်။ ဖြတ်သန်းလာသူများကို ကိုက်စားသည်။ အဖေါ်မဲ့သူ ကူဖေါ်လောင်ဖက်မရှိသူများကို အမှတ်မထင်သောနေရာများအစဉ်ချောင်းမြောင်း သည်။
၁၀:၉-၁ဝ ခြုံကွယ်ထဲမှ ခြင်္သေ့ကဲ့သို့ သားကောင်ကို စောင့်နေပါသည်။ တောလိုက်မုဆိုးကဲ့သို့ သားကောင်များကို ပိုက်ကွန်ထဲသို့ ချော့မြူးသည်။ ဖျားယောင်းသွေးဆောင်မြူဆွယ်၍၊ အတင်းအဓ္ဓမပြုသည်။လုယက်သည်။ အသေသတ်သည်။ ကံအကြောင်းမလှသောသားကောင်မှာ ထိုသူယုတ်လက်ထဲသို့ ကျရောက်သည်။ ထိုအချိန်အခါမျိုးတွင် ဘုရားသခင်ကသူ့ကိုမေ့လေရော့သလားဟု ထင်မှားရသည်။ ဘုရားသခင်၏ သားသမီးများအဖြစ်ကို မတွေ့လေရော့လားဟုမေးသည်။
ယုံကြည်သူများ၏ အော်မြည်သံ (၁၀း၁၂-၁၈)
၁၀း၁၂-၁၃ ယခုအချိန်တွင်မူ ဘုရားရှင် ကလက်တော်ဖြင့် စီရင်သည့်အချိန်ကျရောက်လေပြီ။ဖိစီးနှိပ်စက်သူများအပေါ် တရားစီရင်၍ ဆင်းရဲဒုက္ခသည်များအပေါ်သို့ ဂရုဏာတော်သက်ရောက်တော်မူပြီ။ မကောင်းဆိုးဝါးဒုစရိုက်သမားများသည် အဘယ့်ကြောင့် ဘုရားတရားမဲ့၍ ကိုးကွယ်ရာဘာသာမရှိကြသနည်း။ ဘုရားသခင်က သူတို့ဆိုးသွမ်းမှောက်မှားမှုများကို မသိရှိဘူးဟု မှတ်ကြလေသလား။
၁၀း၁၄-၁၅ ဘုရားသခင်က အကုန်အစင်မြင်ပါသည်။ မတရားမှုနှင့် အမှားအယွင်းယွင်းပြုမူချက်များကို ဂရုစိုက်မှတ်ထားပါသည်။ လာမည့်တနေ့တွင် ပေးဆပ်ကြရမှာပါ။ တို့ကြောင့် ဘုရား သခင်ကိုသာ မျှော်လင့်တကြီး သီးခံခြင်းသည် အချည်းနှီးမဟုတ်။ဘုရားသခင်သည် အမိမဲ့သား ရေနည်းငါးများ၏မိတ်ဆွေ တော်ဖြစ် ပါသည်။ မတရားသူ များ၏မတရားပြုကျင့်ခြင်းကို ငုံ့ခံသူများ၏အော်မြည်သံကိုဘုရားရှင်ကြားသိပါသည်။ ဆိုးသောသူများ၏လက်များကို ချိုးဖဲ့ပေးပါသည်။
၁၀း၁၆ ဤကမ္ဘာမြေကို ခရစ်တော်၏နိုင်ငံအဖြစ် ပြဒါန်းသောနေ့ရက်ရောက်သောအခါ ထိုမတရားသောသူများစီရင်ခြင်းခံရပါမည်။ ထိုအခါမတရားသောသူများနှင့် သူတပါးကိုညှင်းပန်းနှိပ်စက်သောသူများသည် ပျက်စီးကြမည်။သင်၌ အမျက်ထွက်သောသူတို့သည် ရှက်ကြောက်ခြင်းနှင့် မျက်နှာပျက်ခြင်းရှိကြလိမ့်မည်။ သင်ကိုရန်ပြုသောသူတို့သည် အဘယ်မျှမဟုတ်သကဲ့သို့ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ သင့်အား စစ်တိုက်သောသူတို့သည်အဘယ်မျှမဟုတ်သကဲ့သို့၎င်း၊ အနတ္တသက်သက်သို့၎င်းဖြစ်ကြကုန်၏။ အကြောင်းမူကားသင်၏ဘုရားသခင်ထာဝရဘုရားက မစိုးရိမ်နှင့်။ ငါမစမည်ဟုဆိုလျှက် သင်၏လက်ယာလက်ကိုကိုင်မြောက်မည်။(ဟေရှာ ၄၁း၁၁-၁၃)
၁၀း၁၇-၁၈ အောက်ကျို့ရိုကျိုးသူများ ၏နှလုံးသည်းပွတ်ကြားမှ ဆုတောင်းသံများကို ဘုရားရှင်က စေ့စေ့နားထောင်နေပါသည်။ နားထောင်သည့်အတိုင်း အဖြေပေးပါသည်။ စုံစမ်းမှုကြုံတွေ့သည့်အခါတိုင်း၌ ကျေးဇူးတော်ပြသထင်ရှားလျှက် မိဘမဲ့နှင့်ဖိနှိပ်ခံသူတန်းစားများအပေါ်၌ တရားမျှတသဖြင့်စီရင်ပါသည်။ ထိုနေ့ရက်သည် နီးသထက်နီးပါပြီ။လောကသားများက မရှိဆင်းရဲသားမြေစာပင်များဖိစီးနှိပ်ဆက်သည့် အချိန်ကုန်ဆုံးတော့မည်။ ကျေးဇူးတော်ချီးမွမ်းကြပါစို့။