ဓမ္မရာဇဝင် ဒုတိယစောင် ၂၃
(ဂ) ဒါဝိဒ်၏လက်ရုံးများ (အခန်း ၂၃)
၂၃: ၁–၇ ပထမပိုင်းအပိုဒ်ငယ် (၇)ခုသည် ဒါဝိဒ်၏ ရင်တွင်းဖြစ် တေးကဗျာနောက်ဆုံး အလင်္ကာဖြစ်သည်။ မိုးညဉ့်မှောင်မိုက် မုန်တိုင်းညရှည်လွန်မြောက်၍ တိမ်သလ္လာကင်းစင်သော မင်္ဂလာနံနက်ခင်းတွင် ဘုန်းတော်တန်ခိုး ကြွယ်ဝစွာ ပေါ်ထွန်းလာမည့် မေရှိယသခင်၏ အုပ်စိုးမှု ဖေါ်ကျူးထားသည်။ ဒါဝိဒ်ကသူသည် ဘုရားသခင်၏ မေတ္တာတော်နှင့် မထိုက်မတန်သော်လည်း နိစ္စထာဝရ ပဋိညာဉ်ဖွဲ့နှောင် လေပြီဟု ဝန်ခံသည်။ အပိုဒ်ငယ် ၆ နှင့် ၇ သည် ခရစ်တော်နိုင်ငံတော် တည်ထောင်သောအခါ ပုန်ကန်သောင်းကျန်းသော သားသမီးများကို ခရစ်တော်က အပြစ်စီရင်မည့် အကြောင်းဖြစ်သည်။
၂၃:၈–၁၂ ဒါဝိဒ်၏ ညာလက်ရုံးများကို အငယ် ၈-၃၉ တွင် ကမ္ဗည်းမော်ကွန်းတင်ထားသည်။ စစ်သူကြီးယွာဘ၏ နာမည်စာရင်းကို မတွေ့ရှိရပါ။ ဒါဝိဒ်၏သားတော် အဗရှလုံကို ကိုယ်ထိလက်ရောက် သတ်ဖြတ်သောကြောင့် ဖြစ်ဟန်တူသည်။ အာဗနာ နှင့် အမာသာလည်း မတွေ့ရ။ ၅ရာ ၁၁:၁၁-၄၇ နှင့် ယှဉ်ဖတ်သောအခါ ဒါဝိဒ်မင်းခေတ် နေဝင်ခါနီးတွင် ခန့်အပ်ခြင်းဖြစ်နိုင်သည်။ အသေအချာအတိအကျ မဟုတ်သော်လည်း ရာဇဝင်ချုပ်တွင် ပါရှိသည့် စာရင်းနှင့် ဆင်တူယိုးမှားဖြစ်သည်။ ထိုသူများအကြောင်းကို ၅ ရာ ၁၁ တွင် ပိုမိုပြည့်စုံစွာ ဖတ်ရှုနိုင်သည်။
ပထမဦးစားပေး ညာလက်ရုံး (၃)ဦးမှာ အောက်ပါ ပုဂ္ဂိုလ်များဖြစ်သည်။
၁။ ဟပ္ပေါနိအမျိုး ယာရှောဘံ။ အဒိနို ဟုလည်း ခေါ်သည်။ တိုက်ပွဲတပွဲတည်းတွင် လူရှစ်ရာချေမှုန်း သုတ်သင်နိုင်သည်။ (၅ရာ တွင် လူသုံးရာဟုဆို သော်လည်း ကိန်းဂဏန်းကူးယူရာတွင် မှားယွင်းတတ်ပါသည်)။
၂။ ဧလျာဇာ ။ ဒါဝိဒ်၏ လက်စွဲတော် စစ်သူကြီးဖြစ်သည်။ တပွဲတည်းနှင့် ဖိလိတ္တိလူမျိုးတို့ တချိုးတည်း လန့်ပြေးကြအောင် တိုက်ခိုက်နိုင်စွမ်းရှိသည်။ တိုက်ပွဲပြီးဆုံးသောအခါ လက်နှင့်ဓါးသွေးကပ်၍ လက်အံသေသွား သဖြင့် ခွာမရအောင် စေးကပ်ခဲ့သည်။
၃။ ရှမ္မ။ ဣသရေလ စစ်သားများဆုတ်ခွာသွားကြသော်လည်း ဖိလိတ္တိရန်သူများကို တဦးတည်း သူရသတ္တိနှင့် ပြည့်စုံစွာ ခုခံတိုက်ခိုက်သည်။ ကျားနှင့် ဆင် လယ်ပြင်မှာ ဆုံတွေ့သကဲ့သို့ ဖိလိတ္တိလူတို့ကို လယ်ကွင်းပြင်မှာ အပြောင်အစင် ချေမှုန်းသုတ်သင် အောင်ပွဲဆင်သော သူရဲကောင်းကြီးဖြစ်သည်။
၂၃:၁၃–၁၇ အမည်နာမနှင့် မဖေါ်ပြသော အခြား (၃)ဦးမှာ ဖိလိတ္တိတို့ လက်ထဲတွင် ဗက်သလင်မြို့ ရှိနေစဉ်၊ ဒါဝိဒ်မင်း အဒုလံ ကျောက်ဂူ၌ နားနေခိုက် ပေါ်လွင်ထင်ရှားသော သူရိယသတ္တိရှိသူများဖြစ်သည်။ ထိုကာလ၌ ဒါဝိဒ်မင်းသည် အလွန်ရေ ငတ်သဖြင့် ဗက်သလင်ရေတွင်းမှ ရေသောက်ချင်သည်။ ကုန်းပေါ်မှလမ်းကြည့်၍ ရေတွင်းကို လှမ်းမြင်သောအခါ သွားရည်တမြမြကျချင်လာသည်။ ထိုအခိုက် အမည်နာမ မဖော်ပြေသော သူရဲကောင်းသုံးဦးသည် သခင့်အတွက် မိမိအသက်ကို မနှမြောဘဲ၊ ဖိလိတ္တိစစ်တပ်ကို ထိုးဖေါက်ကာ၊ ဗက်သလင်ရေတွင်းမှ မရမက ခပ်ယူလာကြသည်။ ဒါဝိဒ်သည် ထိုရေကို ရရှိသောအခါ မသောက်ရက်။ ဘုရားသခင်ကို ပူဇော်သည့် အနေဖြင့် မြေသို့လောင်းချ၍ ဆုတောင်းသည်။ ထိုအကြောင်းကို Willian က ဤသို့ဆိုသည်။
ယေရှု၏ငတ်မွတ်ခြင်းကြားသော သုံးဦးမှာ အာဖရိက၊ အိန္ဒိယနှင့် တရုတ်တို့ ဖြစ်သည်။ ထိုသူများသည် ဖိလိတ္တိလက်အောက်ရှိ ရေတွင်းမှ ရေတည်းဟူသော စာတန်နယ်မြေ မှောင်မိုက်ပြည်မှ ထာဝရဘုရားသခင်ကို မသိရှိသေးသူများအား ခရစ်တော်ထံသို့ အရဲစွန့်ယူ ဆောင်ယူလာသူများဖြစ်သည်။၂၂
၂၂:၁၈–၂၃ အခြားသူရဲကောင်းနှစ်ဦးလည်း မှတ်တမ်းတင်ထားသည်။
၁။ အဘိရှဲ။ ရန်သူသုံးရာကို တပွဲတည်းတွင် သတ်ဖြတ်နိုင်သည်။ အပိုဒ်ငယ် ၁၆ မပါသော သူရဲကောင်းကြီး တစ်ဦးဖြစ်သည်။
၂။ ဗေနာယ ။ ခြင်္သေ့ကဲ့သို့ ရဲဝံ့သောသူရဲကောင်းနှစ်ဦးကို တိုက်ခိုက်အောင်မြင်သည်။ နှင်းကျနေစဉ် ခြင်္သေ့ဂူမှ ခြင်္သေ့ကိုလည်း ဆွဲထုတ်သတ်ဖြတ်ခဲ့သည်။ အဲဂုတ္တုလှံစစ်သူကြီး လှံကိုလည်း လုယူပြီး ထိုလှံဖြင့် သတ်ဖြတ်ခဲ့သည်။
၂၃:၂၄–၃၉ အခြားအားကိုးအားထားရသော သူရဲကောင်းသုံးဆယ် (သို့မဟုတ်) သုံးဆယ့်ခုနှစ် ၏ အမည်စာရင်းကို အငယ် ၂၄-၃၉ တွင် မော်ကွန်းထိုးထားသည်။
ဤအခန်းမှ အချို့ကိန်းဂဏန်းများသည် ထပ်မံရှင်းပြဖို့လိုသည်။ ဥပမာအားဖြင့် (အငယ် ၁၃၊ ၁၄)တွင် သုံးဆယ် ဟုဆို၍ အငယ်(၉)တွင် သုံးဆယ်ခုနှစ် ဟု ရေးသည်။ သုံးဆယ်သည် တိုက်ပွဲဝင် သူရဲကောင်းချည်း သက်သက်ဖြစ်၍ အထောက်အကူပြုသော စစ်မှုပညာရှင် ခုနှစ်ယောက်နှင့် ပေါင်းစပ်လျှင် စုစုပေါင်း ၃၇ ဦး ဖြစ်သည်။ ပထမတန်းစား သူရဲကောင်း သုံးဦးမှာ (အငယ် ၈-၁၂)တွင် တွေ့ရှိခဲ့ကြပြီး၊ ယာရှောဘံ (အန်နိုဟုလည်း ခေါ်သည်)။ ဧလျဇာနှင့် ရှမ္မတို့ ဖြစ်သည်။ သူတို့နောက်မှ အဘိရှဲနှင့် ဗေနာယ (ငယ် ၁၈-၂၃)၊ တတိယအဆင့်တွင် (ငယ် ၂၄-၃၉)တွင် မှတ်တမ်းတင်ထားသည့် သူရဲကောင်းသုံးဆယ်ဖြစ်သည်။ တပည့်တော် ဆယ့်နှစ်ပါးကဲ့သို့ ရေတွက်ခြင်းဖြစ်သည်။ လူသုံးဆယ်သည် အမာခံ အဓိကလူများဖြစ်၍ ငါဝင်ပံ့ပိုးသူများရှိသည်။ တိုက်ပွဲတွင် ကျဆုံးလျှင်လည်း အစားထိုးသည်။ ဥပမာအားဖြင့် ဗေသရှေဘက်ယောကုန်း၊ ဟိတ္တိလူ ဥရိယ သည် တိုက်ပွဲတွင် ကျဆုံးရာ သူ့အစားထပ်မံခန့်အံ့ရသည်။
သခင်ယေရှုတွင်လည်း ညာလက်ရုံးများရှိသည်။ ဒါဝိဒ်က သူ့သစ္စာခံ သူရဲကောင်းကြီးများ မှတ်တမ်း ထင်ထားသကဲ့သို့ ခရစ်တော်ကလည်း မှတ်သားထားသည်။ မည်သည့်ရာထူးဌာနတွင် ရှိနေကြစေကာမူ၊ ပေးအပ်သော တာဝန်နှင့် ဝတ္တရားကို ဦးလည်မသုန် ခရစ်တော်အတွက် ယုံကြည်ခြင်းဖြင့် တိုက်ပွဲဝင်ကြရမည်။
ခရစ်တော် စစ်သည်တော်များ ထကြ
စစ်ချပ်တန်ဆာ ဝတ်ဆင်ကြ
ဘုရားပေးခွန်အားရယူ၍
ရှေ့တန်းမှ ပါဝင်တိုက်ခိုက်ကြလော့။
ကိုယ်တော်၏ ခွန်အားနှင့် ရဲရင့်ကြလော့
သူရသတ္တိပြည့်စုံကြလော့
လက်နက်စွဲကိုင်ချီတက်ကြ
ခရစ်ယာန်စစ်သည်တော်အပေါင်းတို့။
Charles Wesley