ဓမ္မရာဇဝင်ဒုတိယစောင် ၁၃
၃။ ဒါဝိဒ်ဘေးဒုက္ခများ (အခန်း ၁–၂၀)
(က) အာမနုန်က တာမာအား လင်မယားပြုကျင့်ခြင်း (၁၃:၁၁–၁၉)
၁၃:၁–၁၄ အဗရှလုံသည် မာခနှင့် ရသော ဒါဝိဒ်၏သားဖြစ်၍ အာမနုန်သည် အဟိနောင်နှင့် ရသောသားဖြစ်သည်။ ဖအေတူမအေလွဲ ညီအစ်ကိုများဖြစ်သည်။ အာမနုန်သည် အဗရှလုံ၏ နှမတာမာ အား စွဲလမ်းနှစ်သက်နေသည်။ သူနှင့်လည်း ဖအေတူမအေလွဲ တော်သည်။ ထိုနှမအား မတွေ့ရလျှင်မနေနိုင်သဖြင့် စားမဝင် အိပ်မပျော် အချစ်နာကျသည်။ ဒါဝိဒ်၏တူ ယောနဒပ် (အငယ် ၃) က အကြံပေးလိုက်သည်။ ဖျားချင်အယောင်ဆောင်ပြီး တာမာ အားတမ်းတပါ။ အခန်းထဲဝင်လာ၍ ပြုစုသောအခါ စိတ်ကြိုက်ဆက်ဆံပါဟုဆိုသည်။
၁၃:၁၅–၁၉ အာမနုန်သည် တာမာအား မရလိုက်ခင် သေလုမတတ်ချစ်သလောက် အနိုင်အထက်ပြုဆက်ဆံပြီးသောအခါ အမုန်းကြီးမုန်း ပြန်သည်။ ချစ်ခြင်းနှင့် မုန်းခြင်းသည် ခေါင်းနှင့် ပန်း ကဲ့သို့ ကျော်ချင်းကပ်နေသည်။ အခန်းထဲမှ မောင်းထုတ်သော်လည်း မခွာ။ ထို့ကြောင့် အစေခံခေါ်၍ ဆွဲထုတ်ခိုင်းသည်။ အပြင်ရောက်လျှင် တမျိုးတဖုံပြောင်းလဲ တန်ရာရသည်ဟု ယူဆပုံရသည်။ တာမာသည် အရှက်တကွဲအကျိုးနဲခြင်း သင်္ကေတ အဝတ်များဝတ်ဆင်၍ အစ်ကို အဗရှလုံ ထံ တိုင်တန်းသည်။
(ခ) အဗရှလုံက အာမနုန်အား လက်စားချေပြီး ထွက်ပြေးခြင်း (၁၃:၂၀–၃၉)
၁၃:၂၀ အဗရှလုံက နှမတာမာအား အလွန်အမင်း ဝမ်းနည်းကြွေကွဲမနေဖို့ နှစ်သိမ့်သည်။ သို့သော် သူ့ရင်ထဲတွင်မူ နှမအတွက် အာမနုန်အား ကလဲစားချေဖို့ ဆုံးဖြတ်ပြီးဖြစ်သည်။
သဘောမတူ။ မကျေနပ်။ ထိုကိစ္စအတွက် တာမာတွင် အပြစ်မရှိသော်လည်း စိတ်နာဖွယ်ရာ ဖြစ်သည်။ တာမာသည် အလွန်ရှက်သဖြင့် ပတ်ဝန်းကျင်နှင့် မဆက်ဆံ။ မောင်တော် အဗရှလုံအိမ်တွင် အိမ်တွင်းပုန်းနေသည်။ ဆိုလိုသည်မှာ အိမ်ထောင်မပြုတောပဲ၊ ထိုနေအိမ်တွင် တသက်လုံး နေထိုင်သွားသည်။ ရမ္မက်သည် အပြစ်ကင်းစင်သူကို ဒုက္ခပေးသည့် အပြင် နွံနစ်စေသည်။
၁၃:၂၁ ဒါဝိဒ်သည် ထိုပြဿနာကို ကြားသိသောအခါ အမျက်ဟုန်းဟုန်းထသော်လည်း အပြစ်ဒဏ် မစီရင်ရဲပါ။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်၌ ထိုအပြစ်ဒုစရိုက်မျိုးကို လောလောလတ်လတ်ကျူးလွန်ထားသည်။
တာဝန်သိသော်လည်း ခြေကုန်လက်ပန်းကျနေသည်။ အပြစ်ဒုစရိုက်ကျူးလွန်ခြင်းက မိမိစိတ်ဓါတ်ရေးရာကိုလည်း ကျဆင်းစေသည်။ လွတ်လပ်စွာမပြောရဲ၊ လွတ်လပ်စွာ သက်သေမခံရဲပါ (Daily Notes of the Scripture Union)။
အာမနုန်သည် ဒါဝိဒ်၏ သားဦးဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဖခင်အရိုက်အရာ ဆက်ခံမည့်သူ ဖြစ်သည်။ ဒါဝိဒ်၏ ပလ္လင်ဆက်ခံမည့်သူ ဖြစ်သည်။ သို့သော်လည်း ဆက်ခံမည့်သူ ဘဝဖြင့် ကျေနပ်ရသည်။
၁၃:၂၂–၂၉ အဗရှလုံသည် ကလဲစားချေဖို့ အခွင့်ကောင်းစောင့်သည်။ နောက်နှစ်နှစ်ကြာသောအခါ ဗာလဟောရွာ သိုးမွေးညှပ်ပွဲသို့ မင်းညီမင်းသားများ ဖိတ်ခေါ်သည်။ ခမည်းတော်ကိုယ်တိုင်မလိုက်သဖြင့် နောင်တော်ကြီး အာမနုန်အား လိုက်ခွင့်တောင်းလေသည်။ အဗရှလုံနှင့် တပည့်များသည် ကြိုတင်စီစဉ်ထားသည့်အတိုင်း အာမနုန်စပျစ်ရည် မူးယစ်သည်နှင့် တပြိုင်နက်ဝင်ရောက် လုံးထွေးခုတ်ထစ်ပြီး ယေရုရှလင်မှ ထွက်ပြေးကြသည်။
၁၃:၃၀–၃၆ ထိုသတင်းသည် ဒါဝိဒ်မင်းထံသို့ ရောက်သောအခါ အဗရှက မင်းညီမင်းသားများ သတ်ဖြတ်ကုန်သည်ဟု ပြန့်ကားသွားသည်။ ဒါဝိဒ်မင်းသည် မြေကြီးပေါ်မှာ မှောက်လျှက်ငိုကြွေးသည်။ ထိုသတင်းလည်း သတင်းမှားဖြစ်၍ အာမနုန်မင်းသား တပါးတည်းသည်သေကြောင်း ယောနဒပ်က သတင်းအမှန်ပြောပြသည်။ အဗရှလုံသည် သူ့နှမ တာမာ အတွက် ကလဲ့စားချေခြင်းဖြစ်ကြောင်းနှင့် ယခုအခါ ယေရုရှလင်မှ ထွက်ပြေးသွားကြောင်း ထည့်သွင်းအစီရင်ခံသည်။ ထိုစဉ်တွင် ဒါဝိဒ်၏ အခြားသားများ စုရုံးပြန်လာကြသဖြင့် ယောနဒပ်စကားကို အမှန်ဟု အတည်ယူနိုင်သည်။
၁၃:၃၇–၃၉ အဗရှလုံသည် ရှုရိပြည် ဂေရှုရိမြို့သို့ ထွက်ပြေးခိုလှုံသည်။ သူ၏ မိခင်နေထိုင်ခဲ့ရသော အဘိုးတာလမဲထံတွင် သုံးနှစ်သုံးမိုး သားခိုသည်။ အာမနုန်သည် အဗရှလုံထက် အကြီးဖြစ်သဖြင့် အာမနုန်မရှိလျှင် အဗရှလုံက ထီးနန်းအမွေဆက်ခံရမည်ဖြစ်သည်။ ဒါဝိဒ်မင်းသည် သားတော် အာမနုန်နှင့် သေကွဲကွဲခြင်း၊ အဗရှလုံနှင့် ရှင်ကွဲကွဲခြင်းအတွက် ပရိဒေဝတောင်လောက် ဝမ်းနည်းပူဆွေးသည်။