တောလည်ရာကျမ်း ၂၂
(ငယ်၁)။ ဤလွင်ပြင်သည် အာမောရစ်များက မောဘများထံမှ တိုက်ခိုက်သိမ်းပိုက် (ကော၂၁:၂၆) ထားခြင်းဖြစ်သော်လည်း မောဘလွင်ပြင်ဟု နာမည်တွင် ကျန်ရစ်နေသည်။
၃။ မောဘလွင်ပြင်တွင် (၂၂:၂–၃၆:၁၃)
(က) ပရောဖက်ဗာလမ် (၂၂:၂–၂၅:၁၈)
၁။ ဗာလမ်လက်က ဗာလမ်အားဆင့်ခေါ်ခြင်း (၂၂:၂–၄၀)
၂၂:၂–၁၄ မောဘပြည်သားတို့ကို နိုင်သော အာမောရိတို့အား နိုင်သည့် သူ့ထက်သူလူစွမ်းကောင်း ဣသရေလတို့၏ စစ်ရေးအောင်မြင်မှု အရှိန်အဟုတ်ကို ကြားသိကြသောအခါ မောဘပြည်သားများသည် ကျောချမ်းတုန်လှုပ်ကြသည် (တရား ၂:၉)။ ထို့ကြောင့် ဗာလက်မင်းသည် ဣသလေတို့အား ကျိန်စာတိုက်ရန် ပရောဖက်ဗာလမ်ကို ဆင့်ခေါ်သည်။ သို့သော် ပရောဖက်ဗာလမ်သည် ဘုရားသခင်ထံမှ တစုံတစ်ခုကြားသိဟန်ရှိသဖြင့် အင်တင်တင်လုပ်နေသည်။ ဣသရေလူတို့၏ သီးခြားရုန်းကန်မှု တရားမျှတမှု၊ အကျိုးအကြောင်း ဆီလျော်မှု၊ ဘုန်းတန်ခိုးကျက်သရေရှိမှုတို့ကို ဘုရားသခင်က ဗာလမ်သို့ အသိပေးထားသည်။ ဗာလမ်က ဣသရေလတို့အား ကျိန်စာတိုက်ဖို့ ပထမဦးဆုံးအကြိမ် ကြိုးပမ်းပုံကို ငယ် ၇-၁၄၌ မှတ်တမ်းတင်ထားသည်။ ဗာလက်၏လူများသည် တံစိုးလက်ဆောင်များ ဗာလမ်ထံသို့ ယူဆောင်လာ၍ ဣသရေလလူတို့အား ကျိန်စာတိုက်ပေးရန် တောင်းဆိုသည်။ ထိုအခါ ဘုရားသခင်က ပရောဖက်ဗာလမ်အား ဣသရေလလူတို့သည် ဘုရားရှင် ကောင်းကြီး ပေးထားသူများဖြစ်၍ ကျိန်ဆဲခြင်း မပြုရန် တားမြစ်သည်။ ‘ဗာလမ်သည် အချည်းနှီး ဖြစ်စေသူ’ ဆိုခြင်းမှာ ‘လူမျိုးကို ဖြိုဖျက်မြိုချသူ’ သို့မဟုတ် ‘လူများကို ပြဿနာရှာသူ’ ဟု အနက်ရသည်။
၂၂:၁၅–၂၁ ဗာလမ်၏နောက်တဖန်ကြိုးပမ်းမှုကို တွေ့ရပြန်သည်။ ဗာလမ်သည် ဘုရားသခင်၏ သဘောတော်ကို သိရှိခဲ့ပြီးဖြစ်သော်လည်း စိတ်တော်ပြောင်းလိုပြောင်းငြားဆိုပြီး နောက်တဖန် ဘုရားသခင်အား ထပ်မေးသည်။ ဘုရားသခင်က ဗာလက်၏လူများနှင့် လုံးဝမပေါင်းသင်းဘဲ ဘုရားရှင်မှာထားသည့်အတိုင်းသာပြုလုပ်ရန် ထပ်မံအတည်ပြုသည်။ ဗာလမ်ထပ်မံကြိုးစားရခြင်း အကြောင်းအရင်းကို ၂ပေ ၂:၁၅-၁၆ တွင်တွေ့ရသည်။ “မရိုးသားမှု၏အဖိုးအခကို တပ်မက်သည်” ဟုဆိုထားသည်။ ဘုရားသခင်ပေးထားသော ဝိညာဉ်ဆုလက်ဆောင်ကို ပြည့်တန်ဆာမကဲ့သို့ ငွေကြေးနောက်သို့ တမ်းတမ်းစွဲပါသွားစေသည်။
၂၂:၂၂–၂၇ ဘုရားသခင်၏ ကောင်းကင်တမန် (ငယ်၂၂)သည် လူ့လောကသို့မကြွဆင်းမီကာလ သခင်ယေရှုဖြစ်သည်။ သုံးကြိမ်သုံးခါတိုင်တိုင် ဗာလမ်နှင့် သူ့မြည်းသွားရာလမ်းအား ပိတ်ဆို့ထားသည်။ အဘယ်ကြောင့်ဆိုသော် ဗာလမ်သွားမည့်နေရာကို ကောင်းကင်တမန်က သိထားသည်။ ပထမဦးစွာ မြည်းက ထိုကောင်းကင်တမန်ကို မြင်သဖြင့် လမ်းလွှဲ၍ လမ်းဘေးသို့ ဝင်သည်။ ဒုတိယအကြိမ်တွင်မူ စပျစ်ဥယျာဉ်စောင်ရမ်းကျဉ်းမှ လမ်းပိတ်သည်။ ဗာလမ်က ရိုက်နှက်သဖြင့် မြည်းသည် အတင်းဖိကပ်သွားစဉ် ဗာလမ်၏ ခြေထောက်နှင့် မြေနံရံပွတ်တိုက်မိသည်။ ထို့ကြောင့် ဗာလမ်က မြည်းအားရိုက်နှက်ဆဲဆိုကြိမ်းမောင်းပြန်သည်။ တတိယအကြိမ်တွင်မူ ရှောင်ကွင်း၍ မရနိုင်သော တောင်ကြားလမ်းကျဉ်းမှ ပိတ်ထားသည်။ မြည်းသည် ရှေ့သို့ဆက်မသွားဝံ့သဖြင့် မြေကြီးပေါ်တွင် မှောက်၍ ဗာလမ်၏ ရိုက်နှက်ဆဲဆိုကြိမ်းမောင်းခြင်းခံရသည်။ မြည်းသည် ခေါင်းမာသော တိရစ္ဆာန်မျိုး ဖြစ်သော်လည်း ဖန်ဆင်းရှင်ဘုရားသခင်ကို သိသည်။ လောဘတက်နေသော ပရောဖက်မိုက်က မမြင်။
၂၂:၂၈–၄၀ ဘုရားသခင်က မြည်းအား ဗာလမ်သို့ စကားပြောခွင့်ပြုသည်။ “ငါ့လက်ထဲမှာ ဓားသာရှိရင် ဒီနေ့တော့မင်း အမဲသားဖြစ်တဲ့နေပဲ” ဟု ဗာလမ်က လူ့ဇာတိပြသည် (ငယ် ၂၈-၃၀)။ ထိုအခါဗာလမ်သည် ဓားကိုင်ဆောင်လျက် သူသွားရာလမ်းကို ပိတ်ဆို့ ဟန့်တားသော ဘုရားသခင်၏ကောင်းကင်တမန်ကို ဘွားကနဲတွေ့မြင်သည်။ ထိုကောင်းကင်တမန်က ဗာလမ်အား ဘုရားသခင်၏ စကားတော်ကို နာခံမှုမရှိသောကြောင့် ရုပ်လုံးပြ၍ လာရောက်တားဆီးခြင်း ဖြစ်ကြောင်း ပြောပြသည် (ငယ် ၃၁-၃၅)။ ထို့နောက် ဗာလမ်အား ဗာလက်မင်းထံ ဆက်သွားခွင့်ပြုလိုက်သည်။ သို့သော် ဘုရားရှင်ပြောခိုင်းသောစကားကိုသာ ပြောခွင့်ပြုသည် (ငယ် ၃၅)။ ဗာလမ်နှင့် ဗာလက်တို့ တွေ့ဆုံပြီးသောအခါ ဗာလက်သည် သူကိုးကွယ်သော ဘုရားအား ပူဇော်သည်။
၂။ ဗာလမ်၏ဗျာဒိတ်စကား (၂၂:၄၁–၂၄:၂၅)
၂၂:၄၁–၂၃:၁၂ နောက်တစ်နေ့တွင် ဗာလက်က ဗာလမ်အား ဣသရေလတို့တဲများ အပေါ်စီးမှ တွေ့မြင်နိင်ရာ ပေဂရတောင်ထိပ်ပေါ်သို့ ခေါ်သွားသည်။ နောင်တွင်ထိုတောင်သည် ကတိတော်မြေသို့ ရော်ရမ်းမှန်းမျှော်ကြည့်၍ မောရှေသေပွဲဝင်ရသော တောင်ကုန်းဖြစ်လာသည် (တရား ၃၄:၁-၅)။ ဤအခန်းနှင့် မှတ်သားဖွယ်ရာ အရေးကြီးသင်ခန်းစာ (၄)ရပ်တွေ့ရသည် ပထမသုံးခုသည် နွားထီး(၇)ကောင်နှင့် သိုးထီး(၇)ကောင်ဖြင့် မီးရှို့ပူဇော်သက္ကာပြုသည့် အကြောင်း ဖြစ်သည်။ ပထမဆုံးဗျာဒိတ်တော်စကားမှာ ဘုရားသခင်က ကျိန်ဆဲခွင့်မပြုသော လူမျိုးအား ကျိန်ဆဲရန်ကြိုးပမ်းသည့် ဗာလမ်၏ မပြည့်ဝသော အရည်အသွေးဖြစ်သည်။ ဣသရေလတို့သည် တစ်ပါးအမျိုးသားနှင့် ကင်းကင်းရှင်းရှင်းနေရန်နှင့် ဘုရားသခင်က ရေတွက်မကုန်နိုင်သော ကောင်းကြီးပေးမည့်အကြောင်း ဗျာဒိတ်စကားကို ဗာလက်မင်းသို့ပြောပြသည်။ ထိုစကားအားဖြင့် ဣသရေလတို့သည် ညာဉ်ဆိုးရှိကြသော်လည်း ဘုရားသခင်က ရှေးကုသိုလ်ကံကြမ္မာ စီရင်ထားသူများဖြစ်ကြောင်း နားလည်ရသည် (ငယ် ၇-၁၀)။ ဗာလမ်က ဣသရေလတို့ဘက်မှ ကာကွယ်ပြောဆိုပေးသော်လည်း အရာမရောက်။ ပရောဖက်စကားသည် ဘုရားပြောသော စကားတော်ဖြစ်သော်လည်း ဗာလက်မင်းသည် ခေါင်းမာနေဆဲဖြစ်သည်။