တောလည်ရာကျမ်း ၂၁
(ည) ကြေးဝါမြွေရုပ် (၂၁:၁–၂၂:၁)
၂၁:၁–၃ ကတိတော်မြေ၏ တောင်ပိုင်းသည် အာရဒ်မင်း စိုးစံရာဖြစ်သည်။ ဣသရေလလူမျိုးများ အလုံးအရင်းဖြင့် နယ်မြေသိမ်းပိုက်ချီတက်လာကြကြောင်း သတင်းရရှိသောအခါ စစ်ပြင်ဆင်၍ တွန်းလှန် တိုက်ခိုက်သည်။ သို့သော် ဣသရေလတို့၏ ဆုတောင်းသံကို ဘုရားရှင် နားညောင်းတော်မူသောကြောင့် ဟော်မာအရပ်တွင် ဣသရေလတို့အောင်ပွဲဆင်ကြသည် (ငယ် ၁-၃)။
၂၁:၄–၉ ပင်လယ်နီ(ငယ် ၄) ဖြတ်ကူးသည်ဟုဆိုပြန်သော်လည်း အဲဂုတ္တုပြည်မှ ထွက်လာကြစဉ်ဖြတ် သန်းကြသော ပင်လယ်နီမဟုတ်။ အကာဘာ ပင်လယ်ကွေ့ဖြစ်သည်။ ပင်လယ်နီလမ်း ဆိုသည်မှာ လမ်းကြောင်းနာမည်ဖြစ်သည်။ ထိုအချိန်ထိ အကာဘာ ပင်လယ်အော်ကို ဖြတ်ကျော်ခြင်း မရှိသေးပါ။
တဖန် လူသူအပေါင်းတို့သည် လမ်းပန်းခရီးခက်ထန်၍ မကျေနပ်ကြသဖြင့် ဆူပူသောင်းကျန်းဆန္ဒပြကြပြန်သည်။ ဘုရားရှင်က မီးမြွေများစွာ စေလွှတ်၍ လိုက်ကိုက်စေသဖြင့် သောက်သောက်လဲ သေကြပြန်သည်။ ဘုရားသခင် အမိန့်တော်ရှိသည့်အတိုင်း မောရှေသည် ကြေးမြွေကို တုတ်ပေါ်တွင် ချည်၍ အမြင့်မှာ ချိတ်ထားသည်။ ထိုကြေးမြွေခေါင်းကို ကြည့်ရှုသူများသည် မီးမြွေကိုက်ဒဏ်ရာ ပျောက်ကင်း၍ အသက်ချမ်းသာရာရကြသည်။ ထိုအဖြစ်အပျက်ကို နိကောဒင်အား ခရစ်တော်က သင်ခန်းစာသွန်သင်ခဲ့သည်။ သစ်တိုင်ထိပ်(ကားတိုင်)တင်သောသူကို ယုံကြည်ခြင်းဖြင့် ကြည့်ရှုခံယူသူများသည် ထာဝရအသက်ရရှိကြသည်ဟု ဆိုခဲ့သည် (ယော ၃:၁-၁၆)။
ထိုကြေးမြွေရုပ်ကို နှစ်ပေါင်းကာလကြာသည့်တိုင်အောင် ဘုရားရှင်အဖြစ် ကိုးကွယ်လာကြသောကြောင့် ဟေဇကိမင်းလက်ထက်တွင် ဖျက်ဆီးပစ်သည်(၄ရာ ၁၈:၄)။
၂၁:၁၀–၂၀ ဣသရေလလူမျိုး၏ ဟောရတောင်မှ မောဘလွင်ပြင်ခရီးသည် ဖြောင့်ဖြူးပြေလွင်ခြင်းမရှိ။ လမ်းခရီးတွင် တယောက်ပြီးတစ်ယောက် ရပ်နားကြသည်။ ထိုရပ်နားသည့်ခရီးစဉ်ကို (တော ၂၁:၁၀-၂၂:၁)တွင် မှတ်တမ်းတင်ထားသည်။ ထာဝရဘုရားစစ်တိုက်စဉ် (ငယ် ၁၄)ကာလသည် ဣသရေလတို့၏ ရှေးဦးတိုက်ပွဲများကို ဆိုလိုသည်။ ဗေရရေတွင်း (ငယ် ၁၆-၁၈)သည် ဘုရားသခင်က မှူးမတ်များအား သူတို့တောင်ဝှေးဖြင့် တူးထုတ်စေသည် ကန္တာရစမ်းရေထွက်ဖြစ်သည်။
၂၁:၂၁–၂၆ ဣသရေလတို့သည် အာမောရိပြည်အား ဖြတ်သန်းခွင့် ပြုရန် ခွင့်တောင်းကြသော်လည်း ငြင်းပယ်ခြင်းခံရပြန်သည်။ အာမောရိဘုရင် ရှိဟုန်မင်းက ဣသရေလတို့အား တိုက်ခိုက်သော်လည်း ဣသရေလတို့က ချေမှုန်းလိုက်သည်။ အာမောရိလူများသည် ဘုရားသခင်ရှေ့တွင် အဲဂုတ္တုပြည်သားများကဲ့သို့ ဖြစ်သည်။ ဘုရားသခင်စိတ်တော်နှင့် ဆန့်ကျင်သူများဖြစ်သောကြောင့် တိုက်ပွဲရှုံးကြသည် (တရား ၂:၃၀)။ “အာမောရိတို့၏ ဒုစရိုက်အပြစ်” (က ၁၅:၁၆)သည် ကမ်းကုန်သည်။ သို့ကြောင့် အာမောရိတို့အား ဆုံးမရန် ဘုရားသခင်က ဣသရေလတို့အား တရားစီရင်ခြင်း ယမထာကြိမ်တုတ်အဖြစ် အသုံးပြုသည်။
၂၁:၂၇–၃၀ အပိုဒ်ငယ် ၂၇-၃၀သည် ရှေးလူကြီးသူမ စာချုပ် ဖြစ်သည်။ ဟေရှဘုန်မြို့သည် အာမောရိများက မောဘလူမျိုးများထံမှ တိုက်ခိုက်သိမ်းပိုက်သောမြို့ဖြစ်သည်။ ယခု ဣသရေလတို့လက်ထဲသို့ လက်ဆင့်ကမ်းရောက်ပြန်ပြီ။ ထိုသို့ သူများတိုက်ခိုက် သိမ်းပိုက်ခြင်း ခံရသောကြောင့် မောဘသားများသည် တတိယလူတန်းစာ ကျွန်သဘောဖြစ်သွားကြသည်။ ဤစာချုပ်တွင် အာမောရိမင်းအား သရော်ပြောင်လှောင်ထားသည်။ ရှိဟုတ်မြို့သည် အရေးကြီးသည် အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က ဣသရေလတို့အား မောဘသားများထံမှ မြေတစ်ကွက် မယူရဟု ပြဌာန်းထားသည် (တရား ၂:၉)။
၂၁:၃၁-၂၂:၁ ဣသရေလတို့၏ ခရီးစဉ်အသေးစိတ်ကို မြေပုံပေါ်တွင် မှတ်တမ်းတင်ရန် အခက်အခဲရှိပါသည်။ မောရတောင်အရှေ့ဘက်မှ ဧဒုံပြည် အနောက်မြောက်နယ်စပ် ရောရမ်မြစ်သို့ ချီတက်၍ ထိုရေရဗ်မြစ် အရှေ့ဘက်ကမ်းအတိုင်း ဧဒုံနှင့်မောဘပြည်အကြား၊ ထိုမှတဆင့် မြောက်ဘက်သို့သွား၍ မောဘပြည် အရှေ့ဘက်နယ်နိမိတ် အာနုံနယ်စပ်ထိ ထိုမှတဆင့် ဘုရင့်လမ်းမကြီးအတိုင်း အနောက်ဘက်သို့သွားကြသည်။ လမ်းခရီးတလျှောက်တွင် အာမောရစ်တို့၏ ဘုရင် ရှိဟုတ်မင်းကို တိုက်ခိုက်ချေမှုန်းခဲ့သည်။ ဗာရှန်ပြည်ဩဃမင်းကိုလည်း နှိမ်နင်းပစ်လိုက်သည်။ ဗာရှန်မင်းသည် ယောဒန်မြစ်အရှေ့ဘက်ကမ်း၊ ဣသရေလတို့ ယော်ဒန်မြစ်အရှေ့ဘက်ကမ်း၊ ဣသရေလတို့ ယော်ဒန်မြစ်ဖြတ်ကူးသည့်နေရာ မြောက်ဘက်လွင်ပြင်ထိ ပိုင်ဆိုင်၍ ကြွယ်ဝချမ်းသာသူဖြစ်သည်။ ဣသရေလတို့သည် မောဘလွင်ပြင်တွင်စခန်းချပြီး တစ်ဘက်ကမ်းရှိ ယေရိခေါမြို့သို့ ဖြတ်ကူးကြသည်